ပြည်သူ့ဆေးရုံများအား ဖြန့်ဝေထားသည့် COVID-19 ကာကွယ်ဆေးများကို တပ်မတော်က လာရောက်ယူဆောင်သွားသည်ဆိုခြင်းမှာ မဟုတ်ဘဲ တိုင်းနှင့် ပြည်နယ်များတွင် ဖေဖော်ဝါရီ ၅ ရက်၌ ဆက်လက်ထိုးနှံမည်ဖြစ်ကြောင်း ဗဟိုကူးစက်ရောဂါဌာနမှ တာဝန်ရှိသူ ပြောကြား

ပြည်သူ့ဆေးရုံများအား ဖြန့်ဝေထားသည့် COVID-19 ကာကွယ်ဆေးများကို တပ်မတော်က လာရောက်ယူဆောင်သွားသည်ဆိုခြင်းမှာ မဟုတ်ဘဲ တိုင်းနှင့် ပြည်နယ်များတွင် ဖေဖော်ဝါရီ ၅ ရက်၌ ဆက်လက်ထိုးနှံမည်ဖြစ်ကြောင်း ဗဟိုကူးစက်ရောဂါဌာနမှ တာဝန်ရှိသူ ပြောကြား
ဇန်နဝါရီ ၂၇ ရက်က ကျန်းမာရေး ဝန်ထမ်းများအား COVID-19 ကာကွယ်ဆေး ထိုးနှံပေးနေစဉ် (ဓာတ်ပုံ - မျိုးထက်ပိုင်)
ဇန်နဝါရီ ၂၇ ရက်က ကျန်းမာရေး ဝန်ထမ်းများအား COVID-19 ကာကွယ်ဆေး ထိုးနှံပေးနေစဉ် (ဓာတ်ပုံ - မျိုးထက်ပိုင်)
Published 3 February 2021
 အိသဥ္ဇာကျော်

ပြည်သူ့ဆေးရုံများအား ဖြန့်ဝေထားသည့် COVID-19 ကာကွယ်ဆေးများကို တပ်မတော်က လာရောက်ယူဆောင်သွားသည်ဆိုခြင်းမှာ မဟုတ်ဘဲ တိုင်းနှင့် ပြည်နယ်များတွင် ဖေဖော်ဝါရီ ၅ ရက်၌ ဆက်လက်ထိုးနှံမည်ဖြစ်ကြောင်း  ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက ပြောကြားသည်။

“ တပ်မတော်က ကာကွယ်ဆေးတွေကို လာယူသွားတယ်ဆိုပြီး ကျွန်မတို့ မကြားမိပါဘူး။ ကာကွယ်ဆေးတွေကို အခု ဖေဖော်ဝါရီ ၅ ရက်နေ့မှာ သက်ဆိုင်ရာ နဂိုကတည်းက စီစဉ်ထားတဲ့အတိုင်း ပြင်ဆင်ထားတဲ့အတိုင်း ပြည်သူလူထုကို ထိုးနှံပေးဖို့ကိစ္စကိုတော့ သက်ဆိုင်ရာတိုင်းဒေသကြီးအသီးသီးကို အဖွဲ့အစည်းအသီးသီးကိုလည်း ပြောကြားထားပြီး ဖြစ်ပါတယ်။ ဒီကာကွယ်ဆေးသည် ပြည်သူလူထုတွေကို ထိုးနှံပေးဖို့ ရည်ရွယ်တာဖြစ်တဲ့အတွက်ကြောင့်မို့ အဲဒီအတိုင်းပဲ ထိုးနှံပေးမှာ ဖြစ်ပါတယ်။ ကျန်တာကတော့ ဘာမှမကြားမိပါဘူး။ နောက်တစ်ခုက ယူစရာလည်း မရှိပါဘူး” ဟု ဒေါက်တာခင်ခင်ကြီးက ပြောကြားသည်။

ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ ဝန်ထမ်းများကို COVID-19 ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ဆက်လက်၍ Stay at Home အစီအစဉ်တွင် ပါဝင်ပြီး ရောဂါဖြစ်ပွားမှုများသော တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ အသက် ၆၅ နှစ်အထက် သက်ကြီးရွယ်အိုများကို ဖေဖော်ဝါရီ ၅ ရက်တွင် COVID-19 ကာကွယ်ဆေး စတင်ထိုးနှံမည်ဖြစ်ကြောင်း ဒေါက်တာခင်ခင်ကြီးက ပြောကြားသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ဇန်နဝါရီ ၃၁ ရက်အထိ ကျန်းမာရေးဝန်ထမ်းနှင့် စေတနာ့ဝန်ထမ်းပေါင်း ၁၀၀၀၀၀ နီးပါးကို COVID-19 ကာကွယ်ဆေးထိုးနှံပြီးဖြစ်ကြောင်း သိရသည်။

ဇန်နဝါရီ ၂၇ ရက်မှစ၍ ကျန်းမာရေး ဝန်ထမ်းများအား COVID-19 ကာကွယ်ဆေး စတင်ထိုးနှံပေးခဲ့ပြီး ဇန်နဝါရီ ၂၇ ရက်တွင် ၃၀၅၅၁ ဦး၊ ဇန်နဝါရီ ၂၈ ရက်တွင် ၃၇၇၂၈ ဦး၊ ဇန်နဝါရီ ၂၉ ရက်တွင် ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းပေါင်း ၁၇၃၁၅ ဦးကို ထိုးနှံပေးပြီးဖြစ်ကြောင်းနှင့် ဇန်နဝါရီ ၂၉ ရက်မှစ၍ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအား COVID-19 ကာကွယ်ဆေး စတင်ထိုးနှံပေးနေပြီး တစ်ရက်အတွင်း ၂၈၉ ဦး ဆေးထိုးနှံပြီးဖြစ်ကြောင်းနှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များနှင့် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များအား ဇန်နဝါရီ ၃၀ ရက်တွင် ကာကွယ်ဆေးထိုးနှံပေးခဲ့ကြောင်း သိရသည်။

ထပ်မံ၍ ဇန်နဝါရီ ၃၀ ရက်တွင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်၊ တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နှင့် တပ်မတော်သား အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ၃၁၄ ဦး၊ ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်း ၁၁၀၆၁ ဦးတို့ကို ကာကွယ်ဆေးထိုးနှံပြီးဖြစ်ကြောင်းနှင့် ဇန်နဝါရီ ၃၁ ရက်တွင် ကျန်းမာရေးဝန်ထမ်းနှင့် စေတနာ့ဝန်ထမ်း ၃၄၅၃ ဦးတို့ကို ကာကွယ်ဆေး ထိုးနှံပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

Most Read

Most Recent