ဘိုင်ယန်မြူးနစ်အသင်း၏ အမှုဆောင်ချုပ် ရူမင်နစ်ဂီက လိုက်ပ်ဇစ်နောက်ခံလူ အူပါမယ်ကာနိုကို လာမည့်နွေရာသီတွင် ခေါ်ယူရန် ပရီးမီးယားလိဂ်ထိပ်သီးအသင်းများဖြစ်သော လီဗာပူးလ်၊ ချယ်လ်ဆီးတို့နှင့် အပြိုင်လုရမည်ဟု သုံးသပ်ပြောကြားခဲ့သည်။
ပြင်သစ်နောက်ခံလူ အူပါမယ်ကာနို(၂၂ နှစ်)သည် ထိပ်သီးအသင်းများစွာ၏ စိတ်ဝင်စားခြင်းခံနေရသူဖြစ်ပြီး လာမည့်နွေရာသီ၌ လိုက်ပ်ဇစ်အသင်းကို သေချာပေါက်စွန့်ခွာတော့မည်ဟု ထင်ကြေးပေးခံနေရသူလည်းဖြစ်သည်။
လိုက်ပ်ဇစ်အသင်းသည် အူပါမယ်ကာနိုကို ၂၀၂၃ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားသော်လည်း လျော်ကြေးစာချုပ်မှာ ပေါင်(၃၈)သန်းသာ တန်ကြေးရှိသောကြောင့် ပြိုင်ဘက်အသင်းများအနေဖြင့် အလွယ်တကူခေါ်ယူနိုင်မည့်အခြေအနေ ရှိနေသည်။
ဘိုင်ယန်မြူးနစ်အသင်းသည် ဝါရင့်နောက်ခံလူ အလာဘာ၏နေရာတွင် အစားထိုးရန် အူပါမယ်ကာနိုကို ပစ်မှတ်ထားနေခြင်းဖြစ်သလို၊ လီဗာပူးလ်နှင့် ချယ်လ်ဆီးအသင်းတို့မှာလည်း ခံစစ်ပိုင်းကို ထိပ်တန်းအားဖြည့်မှုပြုလုပ်ရန် ဆန္ဒရှိနေသည့်အတွက် အူပါမယ်ကာနိုကို ချိန်ရွယ်နေခြင်းဖြစ်ကြောင်း သိရသည်။
ယင်းအခြေအနေတွင် အူပါမယ်ကာနို၏ အေးဂျင့်ဖြစ်သူကလည်း ၎င်း၏ ကစားသမားအနေဖြင့် ဘိုင်ယန်မြူးနစ် သို့မဟုတ် ပရီးမီးယားလိဂ်ထီးနှစ်သင်းထဲမှ တစ်သင်းကို မကြာမီ ရွေးချယ်မည်ဖြစ်ကြောင်း အတည်ပြုထားသည်။
ယခုအခါ ရူမင်နစ်ဂီက "အူပါမယ်ကာနိုကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့အသင်း အနည်းဆုံး(၂)သင်းရှိတယ်လို့ သိထားပြီး ကျွန်တော်တို့အနေနဲ့ ဒီအသင်းတွေနဲ့ အပြိုင်လုရမှာပါ။ ကျွန်တော်တို့က သူ့ရဲ့ အေးဂျင့်နဲ့ရော လိုက်ပ်ဇစ်အသင်းနဲ့ပါ ကောင်းမွန်တဲ့ဆက်ဆံရေးအခြေအနေ ရှိနေပါတယ်။ သူကလည်း ဘယ်အသင်းကို ရွေးချယ်သင့်သလဲ သိပါတယ်။ သူက အလာဘာရဲ့နေရာကို အစားဝင်နိုင်မယ့်သူပါ"ဟု ပြောကြားခဲ့သည်။















