သရုပ်ဆောင်မြတ်သူသူနှင့် တွေ့ဆုံခြင်း

သရုပ်ဆောင်မြတ်သူသူနှင့် တွေ့ဆုံခြင်း
Published 2 February 2021
လင်းလင်းခိုင်

ရုပ်သံဇာတ်လမ်းတွဲများတွင် ပါဝင်ခွင့်ရသည့် ဇာတ်ရုပ်တိုင်း၌ ပီပြင်စွာပုံဖော်လေ့ရှိသူ တစ်ဦးအဖြစ် ပရိသတ်ချစ်ခင် အားပေးမှုရရှိထားသူမှာ သရုပ်ဆောင် မြတ်သူသူ ဖြစ်သည်။ မကြာမီက ပြသခဲ့ပြီးသည့် ‘တို့မမနဲ့တို့’ ရုပ်သံဇာတ်လမ်းတွဲတွင် ပီပြင်သည့် အမူအရာဖြင့် ပရိသတ်အားပေးနှစ်သက်မှု များစွာရယူနိုင်ခဲ့သူလည်း ဖြစ်သည်။ လတ်တလော ထုတ်လွှင့်ပြသလျက်ရှိသည့် ‘မှော်ပလ္လင်’ ရုပ်သံဇာတ်လမ်းတွဲတွင်လည်း ပါဝင်ခွင့်ရသည့် ဇာတ်ရုပ်ဖြင့်အံဝင်ခွင်ကျဖြစ်စေရန် ကြိုးစားထားသည့်အပြင် ဇာတ်ကားရိုက်ကူးစဉ်အတွင်း ထူးခြားသည့်အတွေ့အကြုံများဖြင့် ရင်ဆိုင်ကြုံတွေ့ခဲ့ရသည့် အမှတ်တရများကိုပြန်လည်ပြောပြခဲ့သည့် သရုပ်ဆောင် မြတ်သူသူ အားတွေ့ဆုံကာ ဇာတ်လမ်းတွဲရိုက်ကူးမှု အမှတ်တရများအကြောင်းကို မေးမြန်းဖြစ်ခဲ့ပါသည်။

မေး - မကြာခင်ပြသတော့မယ့် မှော်ပလ္လင်ဇာတ်လမ်းတွဲနဲ့ပတ်သက်ပြီး အမှတ်တရတွေရှိရင် ပြောပြပေးပါဦး။

ဖြေ - ဒီဇာတ်လမ်းတွဲလေးက ၂၀၂၀ မှာကတည်းက ပြသဖို့ကြေညာပြီးကာမှ Cancel ဖြစ်သွားတဲ့ဇာတ်ကားလေးပေါ့။ ဇာတ်ကားရိုက်ကူးတုန်းကလည်း အမှတ်တရတွေအများကြီးရှိခဲ့တယ်။ ပြီးတော့ ဘာသာရေးဇာတ်ကားလေးလည်းဖြစ်တဲ့အတွက် ကြိုးစားအားထုတ်ရတဲ့အပိုင်းမှာလည်း အများကြီး တာဝန်ကြီးခဲ့တယ်။ ဘာသာရေးတင်မဟုတ်ဘဲ ဇာတ်လမ်းဇာတ်အိမ်ကိုလည်း သေချာလေးဖန်တီးထားတဲ့ဇာတ်ကားဆိုတော့ အတွေ့အကြုံကောင်းတွေလည်း ရတယ်။ ဘာသာရေးအသိအမြင်လေးတွေလည်း အများကြီးရခဲ့တာတွေ ရှိတယ်။ ပင်ပင်ပန်းပန်းနဲ့ ကြိုးစားရိုက်ခဲ့ရတယ်။ ရာသီဥတုအခြေအနေ အရရောပေါ့။ အခက်အခဲတွေလည်းအများကြီးရှိပါတယ်။ ထူးဆန်းတဲ့ အတွေ့အကြုံလေးတွေလည်း ကြုံရတာတွေရှိတယ်။ ပြမယ်ဆိုပြီး မျှော်မှန်းထားတဲ့အချိန်မှာ မပြဖြစ်တော့ဘူးလို့ဖြစ်ခဲ့တုန်းကလည်း စိတ်မကောင်းဖြစ်ခဲ့ရတယ်။ ဝတ္ထုကလည်း ပရိသတ်တွေကြားထဲပျံ့နှံ့ခဲ့တဲ့ စာအုပ်ဖြစ်နေတော့ အရမ်းပြသစေချင်တာပေါ့။ အခုပြန်ပြခွင့်ရတော့မယ်ဆိုတော့ မြတ်သူကတော့ ပိုကောင်းဖို့ဖြစ်လာတယ်လို့ တွေးပါတယ်။ အခုလိုပြန်လည်ပြသခွင့်ရတဲ့အတွက်လည်း အရမ်းပျော်နေပါတယ်။

မေး - ဒီဝတ္ထုကစာဖတ်ပရိသတ်တွေကြားထဲမှာလည်း ပျံ့နှံ့ခဲ့ပြီးသားဆိုတော့ ဘယ်လောက်ထိ တာဝန်ကြီးခဲ့လဲ။

ဖြေ - မြတ်သူက ဒီဇာတ်လမ်းကိုဖတ်လိုက်တဲ့အချိန်မှာ မြတ်သူလုပ်ခွင့်ရမယ့် မင်းသမီးနေရာက မလုပ်ဖူးတဲ့ဇာတ်ရုပ်မျိုးလည်းဖြစ်တယ်။ အဓိကတော့ မျက်နှာအမူအရာတွေထက် မျက်လုံးကို အားစိုက်ရတာပေါ့နော်။ အတူပါဝင်ခွင့်ရတဲ့သူတွေကတော့ သင်ပေးပါတယ်။ ဝတ္ထုမှာကတော့ စာရေးသူရဲ့ ကလောင်စွမ်းနဲ့ ကွန့်မြူးသမျှကို ရေးတာပေါ့နော်။ စာနဲ့ရေးထားသမျှကို အမူအရာပိုင်းလုပ်ရတဲ့အခါမှာ ဇာတ်ညွှန်းခွဲပြီး ပြန်ဖန်တီးရတာပေါ့။ စာအုပ်ဖတ်ပြီးသားသူကတော့ စာအုပ်ကပေးတဲ့ဖီလင်ပေါ့။ ဇာတ်လမ်းတွဲမှာတော့လည်း ဇာတ်လမ်းတွဲရဲ့အရသာအတိုင်းပေါ့။ မြတ်သူကတော့ ကိုယ့်ကိုပေးလာတဲ့ တာဝန်ကိုကျေလာအောင်လုပ်ချင်တယ်။ အခုဆိုလည်း ပရိသတ်တွေက ဇာတ်ကားတိုင်းမှာ ဇာတ်ရုပ်အလိုက်မတူကွဲပြားအောင် လုပ်နိုင်တယ်ဆိုတာမျိုး အားပေးကြတယ်။ အဲဒီလိုလေးမြင်ကြတော့ အခုထပ်ပြသခွင့်ရတဲ့ ဇာတ်လမ်းတွဲမှာလည်း ဒီဇာတ်ရုပ်နဲ့အံဝင်ခွင်ကျဖြစ်တယ်၊ ရှေ့မှာလုပ်ခဲ့တဲ့ ကာရိုက်တာတွေနဲ့ ကွဲပြားတယ်ဆိုတာလေး ဖြစ်စေချင်တယ်။ အဲဒါကြောင့်လည်း အများကြီးပိုပြီး ကြိုးစားရပါတယ်။

မေး - ဒီဇာတ်ကားရိုက်တုန်းမှာ ထူးခြားတဲ့အတွေ့အကြုံလေးတွေလည်း ပြောပေးပါဦး။

ဖြေ - ထူးခြားတာတွေတော့အများကြီးကြုံခဲ့တယ်။ ဒါတွေက ယုံကြည်တဲ့သူတွေအတွက်တော့ ကောင်းတာပေါ့။ မယုံကြည်တဲ့သူတွေအတွက် ကျတော့လည်း ဇာတ်ကားတက်ခါနီးလို့ လျှောက်ပြောတယ်လို့ထင်မှာစိုးတယ်။ ဒါကြောင့်အများကြီးတော့ မပြောချင်ပါဘူး။ ထူးခြားတာတွေတော့ အများကြီးတွေ့ကြုံခဲ့ပါတယ်။ မြတ်သူတို့ ဒါရိုက်တာကိုအောင်ဗပါ၀ါဆိုလည်း ဘာသာရေးအရမ်းလုပ်တယ်။ မြတ်သူတို့အကုန်လုံးလည်း ညဆို ရှုတင်ပြီးတဲ့အခါ ပဋ္ဌာန်းစုပြီးရွတ်ကြတယ်။ အတူလှူဒါန်းကြတယ်။ စည်းစည်းလုံးလုံးနဲ့ ဖြတ်သန်းကြတယ်ပေါ့။ ဘာသာရေးနဲ့ကင်းကွာတဲ့သူတော့ သိပ်မပါဘူး။ ရိုက်ကွင်းမှာနေရင်းနဲ့ ကိုမြင်ရကြားရတာတွေလည်းရှိတယ်။ မြတ်သူဆိုလည်း ကြုံရတာတွေရှိတယ်။ စျူးစျူးစျာန်ကိုဝင်ပူးတာလည်းကြုံ ရတာမျိုးတွေရှိခဲ့တယ်။ အမှတ်တရတွေလည်း တော်တော်များပါတယ်။ ရိုက်ကူးရေးမှာလည်း တော်တော်လေးပင်ပန်းခဲ့တယ်။ ဖိနပ်မစီးဘဲရိုက်ရတဲ့ ဇာတ်ဝင်ခန်းတွေများတော့ ဆူးတွေနင်းမိတာမျိုးတွေရှိတယ်။ အမှတ်တရပါပဲ။

မေး - ဇာတ်ကားနဲ့ပတ်သက်လို့ ပရိသတ်တွေကို သတင်းစကားပါးချင်တာများရှိမလား။

ဖြေ - မြတ်သူတို့ဒီဇာတ်ကားက မှော်ပလ္လင်ဆိုတဲ့နာမည်ကြောင့် ကြောက်စရာဇာတ်ကားလို့ထင်ကြတယ်။ ကြောက်ပြီးမကြည့်မှာကိုလည်း စိုးရိမ်ပါတယ်။ ဘာသာရေးအသိအမြင်က ဘယ်လောက်အရေးကြီးတယ်ဆိုတာကို ပြသထားတဲ့ ဇာတ်ကားလေးဖြစ်တာကြောင့် အားပေးစေချင်ပါတယ်။ ဇာတ်လမ်းပုံစံက ဖြစ်နိုင်ခြင်းမဖြစ်နိုင်ခြင်းနဲ့လည်း အများကြီးမဆိုင်ဘဲ အနုပညာအရ လက်ခံနိုင်ခြင်း လက်မခံနိုင်ခြင်းကိုပဲ ဆုံးဖြတ်စေချင်ပါတယ်။ နိုင်ငံတကာမှာလည်း ဇာတ်လမ်းပုံစံအစုံ ရိုက်နေကြတာပဲလေ။ ပရိသတ်တွေကလည်း လက်ခံနေကြတာပဲ။ အခုလည်း အနုပညာအရတော့ အားပေးစေချင်ပါတယ်။

မေး - မြတ်သူအတွက် အနုပညာခရီးလမ်းမှာက ပင်ပန်းခဲ့သလို တစ်ဆင့်ချင်းကြိုးစားခဲ့ရတဲ့ အတွေ့အကြုံကိုလည်း ပြောပေးပါဦး။

ဖြေ - မြတ်သူက Forever နဲ့စပြီးလက်တွဲကတည်းက main character မဟုတ်ဘူး။ တစ်ဆင့်ချင်းကြိုးစားလာခဲ့ရတာ။ ကိုယ်အရမ်းကြိုးစားပြီးမှ ကံကောင်းပြီးတော့ ပရိသတ်အသိအမှတ်ပြုမှု ရလာသလို main role ကိုရောက်လာတာပေ့ါနော်။ ကိုယ့်ကြိုးစားအားထုတ်မှုကို ပရိသတ်ကတဖြည်းဖြည်းချင်း အသိအမှတ်ပြုလာတာပေါ့။ ရှေ့မှာလည်းအရေးပါတဲ့ ဇာတ်ရုပ်မျိုးမဟုတ်ဘဲ နည်းနည်းချင်းကြိုးစားခဲ့ရတာပေါ့။ အဲဒီလိုကြိုးစားခဲ့ရတာပါ။

မေး - ပရိသတ်တွေကိုပြောချင်တဲ့ စကားလက်ဆောင်ရှိရင်ပြောပေးပါဦး။

ဖြေ - မြတ်သူပါဝင်ခွင့်ရတဲ့ဇာတ်ရုပ်တိုင်းမှာ အားပေးခဲ့တဲ့ ပရိသတ်တွေကို ကျေးဇူးအများကြီးတင်ပါတယ်။ မှော်ပလ္လင် ဇာတ်ကားမှာလည်း  မြတ်သူအတွက် ထူးခြားတဲ့အတွေ့အကြုံတွေရခဲ့သလို  အရမ်းပင်ပန်းခံပြီး ကြိုးစားအားထုတ်ထားပါတယ်။                                        

 

Most Read

Most Recent