မြန်မာ့ကုန်ထုတ်လုပ်ငန်းကဏ္ဍ Lockdown ကန့်သတ်ချက်များ ရင်ဆိုင်နေရခြင်းကြောင့် ဆိုးရွားစွာ ထိခိုက်နေဆဲဖြစ်ပြီး ဝယ်လိုအားနည်းပါးနေ၍ ထုတ်လုပ်မှုနှင့် အော်ဒါအသစ်များရရှိမှု ဆက်လက်ကျဆင်းနေ

မြန်မာ့ကုန်ထုတ်လုပ်ငန်းကဏ္ဍ Lockdown ကန့်သတ်ချက်များ ရင်ဆိုင်နေရခြင်းကြောင့် ဆိုးရွားစွာ ထိခိုက်နေဆဲဖြစ်ပြီး ဝယ်လိုအားနည်းပါးနေ၍ ထုတ်လုပ်မှုနှင့် အော်ဒါအသစ်များရရှိမှု ဆက်လက်ကျဆင်းနေ
ကုန်ထုတ်စက်ရုံများ လည်ပတ်နေသော ရန်ကုန်မြို့ရှိ စက်မှုဇုန်တစ်နေရာကို တွေ့ရစဉ်
ကုန်ထုတ်စက်ရုံများ လည်ပတ်နေသော ရန်ကုန်မြို့ရှိ စက်မှုဇုန်တစ်နေရာကို တွေ့ရစဉ်
Published 2 February 2021
စည်သူအောင်

မြန်မာ့ကုန်ထုတ်လုပ်ငန်းကဏ္ဍ Lockdown ကန့်သတ်ချက်များ ရင်ဆိုင်နေရခြင်းကြောင့် ဆိုးရွားစွာ ထိခိုက်နေဆဲဖြစ်ပြီး ဝယ်လိုအားနည်းပါးနေ၍ ထုတ်လုပ်မှုနှင့် အော်ဒါအသစ်များရရှိမှု ဆက်လက်ကျဆင်းနေကြောင်း ၂၀၂၁ ခုနှစ် ဇန်နဝါရီလအတွက် ထုတ်ပြန်သော နစ်ကေးမြန်မာ့စက်မှုကုန်ထုတ်လုပ်ငန်း PMI အညွှန်းကိန်း Manufacturing Purchasing Manager’s Index ဝယ်ယူရေးမန်နေဂျာများ၏ အညွှန်းကိန်း) အရ သိရသည်။

မြန်မာနိုင်ငံရှိ ကုန်ထုတ်လုပ်ငန်းများ အခြေအနေမှာ ၂၀၂၁ ခုနှစ်အစတွင် ရှေ့ဆက် ဆုတ်ယုတ်လာခဲ့သည်။ COVID-19 ပျံ့နှံ့မှုကို ထိန်းချုပ်ရန်ချမှတ်ခဲ့ရသည့် ကန့်သတ်မှုများ ဆက်ပြီးရှိနေခြင်းကြောင့် စက်ရုံများ ပိတ်ထားရပြီး ထုတ်လုပ်မှု ငါးလဆက် တိုက်ကျဆင်းလာခဲ့သည်။ အော်ဒါအသစ် များသည်လည်း ငါးလဆက်တိုက်ကျဆင်း လာခဲ့သော်လည်း ယခုအစဉ်ထဲတွင် အရှိန်အညင်သာဆုံးဖြစ်ခဲ့ပြီး စက်မှုလုပ်ငန်း တဝန်းတွင် အလုပ်နေရာဖြတ်တောက်ခံခဲ့ရမှုများ ဆက်လက်ရှိနေဆဲဖြစ်သည်။ ထုတ်လုပ်မှုကျဆင်းလာမှုကြောင့် ကုမ္ပဏီများ ဝယ်ယူမှုများကို ထိန်းချုပ်လာကြ၍ ထည့်သွင်းကုန် ဝယ်ယူမှုများ တဟုန်ထိုးကျဆင်းခဲ့သည်။ သို့သော်လည်း လုပ်ငန်းများ တိုးချဲ့ရန် စီမံကိန်းများက အကောင်းမြင်စိတ်ကို ဇန်နဝါရီလတွင် မြှင့်တင်ပေးခဲ့၍ ၁၁လအတွင်း အမြင့်ဆုံးသို့ အားကောင်းလာခဲ့သည်။

စျေးနှုန်းများကို လေ့လာကြည့်လျှင် ကုန်ကြမ်းများရှားပါးမှုကြောင့် ငွေကြေးဖောင်းပွမှု ဖိအားပေးမှုများ တဟုန်ထိုးတိုး လာသည်။ ရောင်းစျေးများမှာ မသိမသာမျှ တိုးလာခဲ့သော်လည်း ကုန်ကျစရိတ်ဝန်ထုပ်များကို စျေးဝယ်သူများအပေါ်သို့ အကန့်အသတ်ဖြင့် ဖို့ချခဲ့ခြင်းကို ညွှန်ပြနေသည်။

ဇန်နဝါရီအတွက် မြန်မာနိုင်ငံ၏ PMI အညွှန်းကိန်းမှာ ၄၇ ဒသမ ၈ ဖြစ်ပြီး ဒီဇင်ဘာအညွှန်းကိန်း ၄၄ ဒသမ ၇ မှ  မြင့်တက်လာခြင်းက မြန်မာထုတ်လုပ်ရေးကဏ္ဍ၏ အခြေအနေများ ကျဆင်းမှုအားပျော့လာခြင်းကို ထောက်ပြနေသည်။ ထုတ်လုပ်ရေး ပမာဏများသည် ဇန်နဝါရီလတွင် ငါးလဆက်တိုက် ကျသွားသော်လည်း စက်တင်ဘာတွင် စတင်ခဲ့သည့် ဒုတိယကျဆင်းမှု ကာလအတွက် အားအနည်းဆုံးဖြစ်သည်။ ထောက်ပြခဲ့ကြသူအများစုတို့က စက်ရုံများ ပိတ်ထားရခြင်းနှင့် ဝယ်လိုအား အားပျော့လာမှုကို ဖော်ပြကြသည်။

ထုတ်လုပ်မှု၏အစဉ်ကို ရောင်ပြန်ဟပ်လျက် မြန်မာနိုင်ငံတွင်း ထုတ်လုပ်သူတို့ ရရှိခဲ့ကြသည့် အော်ဒါအသစ်များမှာ ပိုနှေးသည့်နှုန်းဖြင့် ကျဆင်းလာခဲ့ပြီး နောက်ဆုံးကျဆင်းမှုမှာ လက်ရှိငါးလကြာ ကျဆင်းမှုထဲတွင် အညင်သာဆုံးဖြစ်သည်။ ပါဝင်ဖြေကြားခဲ့ကြသူတို့၏အဆိုအရ Lockdown  ကန့်သတ်ချက်များက ဝယ်လိုအားအပေါ် ဖိစီးခဲ့ကြသည်။ တိုးတက်မှုကို မှတ်တမ်းတင်ခဲ့ကြသည့် ကုမ္ပဏီများက ဖောက်သည်များ နှင့် စျေးဝယ်အသစ်များရောက်ရှိလာသည်ဟု ဖော်ပြကြသည်။

ထုတ်လုပ်မှုပမာဏနိမ့်ခဲ့သည့်တိုင်အောင် ကုန်ထုတ်စွမ်းအားများအပေါ် ဖိအားပေးမှုများရှိသည့် လက္ခဏာများ ဆက်တွေ့ခဲ့ရပြီး လက်ကျန်အလုပ်များ ဇန်နဝါရီလတွင် သိသိသာသာစုစည်းလာခဲ့သည်။ ထုတ်လုပ်သူတို့က လုပ်သားငှားရမ်းရေး အားထုတ်မှုများကို ဆက်ရပ်တန့်ထားကြရာ အလုပ်နေရာဖြတ်တောက်ခံရမှု လက်ရှိအစဉ်ကို ငါးလသို့ တိုးချဲ့ပေးလိုက်သည်။ ဖြေကြားခဲ့ကြသူအချို့က အလုပ်သမားများ သည် ၎င်းတို့၏ ဇာတိဒေသများသို့ ပြန်သွားကြကြောင်း ဖော်ပြကြသည်။

ထုတ်လုပ်သူတို့သည် ဝယ်လိုအား အားပျော့လာသည်နှင့် သိုလှောင်ကုန်များကို ပြန်ညှရန် အားထုတ်နေကြရ၍ ဇန်နဝါရီတွင် လက်ကျန်စာရင်းများအတွက် ဆက်လက်၍ သတိထားခဲ့ကြသည်။ သို့ဖြစ်၍ ထုတ်လုပ်အကြိုနှင့် သိုလှောင်ထားသည့် ကုန်စည်များ သိသိသာသာကုန်ခမ်းသွားခဲ့သည်။

ကုန်ကျစရိတ်များ၏ ငွေကြေးဖောင်းပွမှုမှာ ၂၀၁၈ ခုနှစ် နိုဝင်ဘာမှစပြီး အမြင့်ဆုံးဖြစ်လာသည်။ ကုန်ကြမ်းရှားပါးမှုနှင့် ပို့ဆောင်ရေးစရိတ်များ မြင့်လာခြင်းကြောင့် ပစ္စည်းပေးသွင်းသူတို့က စျေးကိုမြှင့်ခဲ့ကြ သည်။ ထုတ်လုပ်သူတို့က ဇန်နဝါရီလတွင် စက်ရုံရောင်းစျေးများကို မြှင့်ရန် ဆုံးဖြတ်ခဲ့ ကြသော်လည်း အချို့ကုမ္ပဏီများက ဝယ်လိုအားကို အားပေးရန် ရောင်းစျေးများကို လျှော့ခဲ့ကြ၍ ခြုံပြောရလျှင် ငွေကြေးဖောင်းပွမှု အရှိန်မှာ မသိသာခဲ့ပါ။ အနာဂတ်ကို မျှော်ကြည့်လျှင် ပါဝင်ဖြေကြားသူတို့က အကောင်းမြင်လျက်ရှိကြသည်။

အဆိုပါစစ်တမ်းကို ပြုစုပေးသည့် IHS Markit မှ စီးပွားရေးပညာရှင် Shreeya Patel က “မြန်မာထုတ်လုပ်ရေးကဏ္ဍရဲ့ နောက်ထပ်ကျဆင်းကို မှတ်တမ်းတင်လိုက်တဲ့ ဇန်နဝါရီစစ်တမ်းက ၂၀၂၁ ခုနှစ်အစ မှုန်မှိုင်းနေတာကို ညွှန်ပြနေပါတယ်။ ဝယ်လိုအား အားပျော့လာခြင်းနဲ့ စက်ရုံတွေပိတ်ထားရခြင်းကို ထုတ်လုပ်မှုနဲ့ အော်ဒါအသစ်တွေ ကျဆင်းမှုနဲ့ ဆက်စပ်ဖော်ပြကြပါတယ်။ တစ်ချိန်တည်းမှာ အလုပ်ဖြတ်တောက်ခံရမှု ဆက်ရှိနေပြီး ထည့်သွင်းကုန်ဝယ်ယူမှုတွေ တဟုန်ထိုးကျသွားပါတယ်”ဟုဆိုသည်။

ယခုထုတ်ပြန်ထားသော စစ်တမ်းကို IHS Markit က စက်မှုကုန်ထုတ်လုပ်ငန်းများထံမှ ကောက်ယူစုစည်းရရှိသည့် စစ်တမ်းမူလကိန်းဂဏန်းများကို အခြေခံပြုစုထားခြင်းဖြစ်ပြီး ဂျပန်အခြေစိုက် Nikkei မီဒီယာအုပ်စုက ပံ့ပိုးထားခြင်းဖြစ်သည်။

Most Read

Most Recent