ယခုရာသီပြိုင်ပွဲစုံတွင် ရီးယဲလ်အသင်း ရှုံးပွဲ (၈)ပွဲအထိကြုံတွေ့ထားပြီး ဇီဒန်း၏ နည်းပြဘဝ အဆိုးရွားဆုံးရာသီအဖြစ် မှတ်တမ်းဝင်နေ

ယခုရာသီပြိုင်ပွဲစုံတွင် ရီးယဲလ်အသင်း ရှုံးပွဲ (၈)ပွဲအထိကြုံတွေ့ထားပြီး ဇီဒန်း၏ နည်းပြဘဝ အဆိုးရွားဆုံးရာသီအဖြစ် မှတ်တမ်းဝင်နေ
Published 1 February 2021

ပြီးခဲ့သည့်စနေနေ့က ယှဉ်ပြိုင်ခဲ့သော စပိန်လာလီဂါပွဲစဉ်တွင် လီဗန်တေးအသင်းအား အိမ်ကွင်း၌ (၁-၂) ဂိုးဖြင့်ရှုံးနိမ့်ခဲ့ပြီးနောက် ရီးယဲလ်မက်ဒရစ်အသင်း၏ ယခုရာသီ ပြိုင်ပွဲစုံရှုံးပွဲအရေအတွက်မှာ (၈)ပွဲအထိရှိလာခဲ့ပြီး နည်းပြ ဇီဒန်းအတွက် အသင်းအား ရာသီအစကတည်းက ကိုင်တွယ်သမျှတွင် အဆိုးရွားဆုံးရာသီအဖြစ် မှတ် တမ်းဝင်နေကြောင်း စပိန်အားကစားသတင်းစာ Marca က ဖော်ပြခဲ့သည်။

ဇီဒန်းသည် ရီးယဲလ်အသင်းအား ၂၀၁၆ ဇန်နဝါရီ (၄)ရက်နေ့မှ ၂၀၁၈ မေ (၃၁)ရက်နေ့အထိ ပထမအကြိမ်၊ ၂၀၁၉ မတ် (၁၁)ရက်နေ့မှ လက်ရှိအချိန်အထိ ဒုတိယအကြိမ်ကိုင်တွယ်နေ ခြင်းဖြစ်ပြီး အသင်းအား ရာသီအစကတည်းက ကိုင်တွယ်ခွင့်ရသည်မှာမူ ယခုရာသီအပါအဝင် (၄)ရာသီသာရှိသေးသည်။

ယင်း (၄)ရာသီတွင် ဇီဒန်းအနေဖြင့် ၂၀၁၆-၁၇ ရာသီတွင် ပြိုင်ပွဲစုံ ပွဲ (၆၀)ကိုင်တွယ်ရာ၌ ရှုံးပွဲ (၅)ပွဲ၊ ၂၀၁၇- ၁၈ ရာသီတွင် ပြိုင်ပွဲစုံ (၆၂)ပွဲ၌ ရှုံးပွဲ (၉)ပွဲ၊ ပြီးခဲ့သည့် ၂၀၁၉-၂၀ ရာသီတွင် ပြိုင်ပွဲစုံ (၅၁)ပွဲ၌ ရှုံးပွဲ (၇)ပွဲသာ ကြုံ တွေ့ခဲ့ပြီး ယခု ၂၀၂၀-၂၁ ရာသီတွင်မူ လက်ရှိအချိန်အထိ ပြိုင်ပွဲစုံ (၂၈)ပွဲ၌ ရှုံးပွဲ (၈) ပွဲအထိ ကြုံတွေ့ထားခဲ့သည်။

ထို့ကြောင့် ပွဲအရေအတွက်နှင့် ရှုံးပွဲအချိုးချပါက ယခုရာသီမှာ ဇီဒန်းအတွက် ရလဒ်အဆိုးရွားဆုံးရာသီအဖြစ် မှတ်တမ်းဝင်နေပြီး နိုင်ပွဲရာခိုင်နှုန်းမှာလည်း (၅၃.၅၇%)သာရှိရာ အနည်းဆုံးအဖြစ် မှတ်တမ်းဝင်လျက်ရှိသည်။

ဇီဒန်းသည် နည်းပြဘဝတွင် ရီးယဲလ်အသင်းနှင့်အတူ ဆုဖလား (၁၁)လုံးအထိ ရယူထားသော်လည်း ယခု ရာသီတွင်မူ စပိန်စူပါဖလား၊ စပိန်ဘုရင့်ဖလားတို့ကို လက်လွှတ်ခဲ့ရသလို လာလီဂါနှင့် ချန်ပီယံလိဂ်တွင်လည်း ဗိုလ်စွဲရန် စိန်ခေါ်မှုများစွာရှိနေသည်။