ရန်ကုန်စတော့အိတ်ချိန်းတွင် အစုရှယ်ယာ ၄၅၀၂၆၀၀ ကျော် ဝယ်ယူထားသော နိုင်ငံခြားသားရင်းနှီးမြှုပ်နှံသူများနှင့် ယခင်နှစ်ထက် သိသာစွာနည်းပါးနေသော နိုင်ငံတော်ဗဟိုဘဏ်၏ ဒေါ်လာအရောင်းအဝယ်

ရန်ကုန်စတော့အိတ်ချိန်းတွင် အစုရှယ်ယာ ၄၅၀၂၆၀၀ ကျော် ဝယ်ယူထားသော နိုင်ငံခြားသားရင်းနှီးမြှုပ်နှံသူများနှင့် ယခင်နှစ်ထက် သိသာစွာနည်းပါးနေသော နိုင်ငံတော်ဗဟိုဘဏ်၏ ဒေါ်လာအရောင်းအဝယ်
ရန်ကုန်စတော့အိတ်ချိန်း စာရင်းဝင်ကုမ္ပဏီများ၏ အရောင်းအဝယ်၊ စျေးနှုန်းအပြောင်းအလဲများကို စောင့်ကြည့်နေသူအချို့အား တွေ့ရစဉ်
ရန်ကုန်စတော့အိတ်ချိန်း စာရင်းဝင်ကုမ္ပဏီများ၏ အရောင်းအဝယ်၊ စျေးနှုန်းအပြောင်းအလဲများကို စောင့်ကြည့်နေသူအချို့အား တွေ့ရစဉ်
Published 31 January 2021
စည်သူအောင်

ရန်ကုန်စတော့အိတ်ချိန်း စာရင်းဝင် ကုမ္ပဏီများ၏ အစုရှယ်ယာများကို နိုင်ငံခြားသားရင်းနှီးမြှုပ်နှံသူများကို အရောင်းအဝယ် ပြုလုပ်ခွင့်ပြုထားသည်မှာ ၁၀ လကျော်လာပြီ ဖြစ်သည်။ COVID-19 ကာလအတွင်း အစုရှယ်ယာ အရောင်းအဝယ်ကျဆင်းနေသည့် ကာလအတွင်း၌ပင် နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံသူများ၏ အစုရှယ်ယာ ဝယ်ယူမှုမှာ ပုံမှန်မြင့်တက်လာသည်ကို တွေ့ရသည်။ လက်ရှိ ၁၀ လ ကျော်ကာလအတွင်း ကုမ္ပဏီအလိုက် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများ အမြင့်ဆုံး အရောင်းအဝယ်အမြင့်ဆုံး သတ်မှတ်ချက်နီးပါးအထိ ရောက်ရှိလာခြင်းဖြစ်သည်။ ကုမ္ပဏီအလိုက်ကြည့်လျှင် FMI ၏ အမြင့်ဆုံး ရောင်းဝယ်နိုင်သည့်သတ်မှတ်ချက် ၁၄ ရာခိုင်နှုန်းအနက် ၁၂ ဒသမ ၆၀ ရာခိုင်နှုန်း၊ MTSH ၏ အမြင့်ဆုံး ရောင်းဝယ်နိုင်သည့် သတ်မှတ်ချက် ငါးရာခိုင်နှုန်းအနက် ၄ ဒသမ ၅ ရာခိုင်နှုန်း၊ FPB ၏ အမြင့်ဆုံးရောင်းဝယ်နိုင်သည့် သတ်မှတ်ချက် ၃၅ ရာခိုင်နှုန်း  အနက် ၃၁ ဒသမ ၅၀ ရာခိုင်နှုန်း၊ TMH ၏ အမြင့်ဆုံး ရောင်းဝယ်နိုင်သည့် သတ်မှတ်ချက် ငါးရာခိုင်နှုန်းအနက် ၄ ဒသမ ၅၀ ရာခိုင်နှုန်း၊ EFR ၏ အမြင့်ဆုံး ရောင်းဝယ်နိုင်သည့် သတ်မှတ်ချက် ၁ ဒသမ ၅ ရာခိုင်နှုန်း အနက် ၁ ဒသမ ၃၅ ရာခိုင်နှုန်းအထိ နိုင်ငံခြားသားများ ဝယ်ယူပြီးဖြစ်သည်။

တစ်ဖက်တွင်လည်း ၂၀၂၀ မတ်လကတည်းက ကျပ် ၁၄၀၀ အောက်ကျဆင်းခဲ့သော နိုင်ငံခြား ငွေလဲနှုန်းသည် ပြီးခဲ့သည့် အောက်တိုဘာတွင် ကျပ် ၁၃၀၀ အောက်အထိ ကျဆင်းခဲ့ပြီး ဒီဇင်ဘာတွင် ကျပ် ၁၄၀၀ အထက် ခေတ္တပြန်တက်ခဲ့သော်လည်း လက်ရှိအချိန်တွင် ကျပ် ၁၃၃၀-၁၃၄၀ ဝန်းကျင် ဖြစ်ပေါ်နေသည်။ ဒေါ်လာစျေးကျဆင်းမှုနှင့်အတူ ဗဟိုဘဏ်၏ ဒေါ်လာဝယ်ယူမှုလည်း ကျဆင်းလျက်ရှိသည်။ ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီမှ အောက်တိုဘာအတွင်း လစဉ် ဒေါ်လာသန်းဆယ်ဂဏန်း ဝယ်ယူခဲ့ပြီး လက်ရှိ ဇန်နဝါရီလ လေးပတ်အတွင်း ဒေါ်လာတစ်သန်းကျော်သာ ဝယ်ယူခဲ့ခြင်းဖြစ်သည်။

ရန်ကုန်စတော့အိတ်ချိန်းတွင် အစုရှယ်ယာ ၄၅၀၂၆၀၀ ကျော် ဝယ်ယူထားသော နိုင်ငံခြားသားရင်းနှီးမြှုပ်နှံသူများ

ရန်ကုန်စတော့အိတ်ချိန်း စာရင်းဝင်ကုမ္ပဏီများ၏ အစုရှယ်ယာများကို နိုင်ငံခြားသားများ ဝယ်ယူခွင့်ပြုပြီး ၁၀ လကျော်အတွင်း ကုမ္ပဏီလေးခု၏ အစုရှယ်ယာအရေအတွက် ၄၅၀၂၆၀၀ ကျော်အား နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံသူများ ဝယ်ယူထားကြောင်း ရန်ကုန်စတော့အိတ်ချိန်းက ထုတ်ပြန်ထားသော စာရင်းများအရ သိရသည်။

၂၀၂၀ ပြည့်နှစ် မတ် ၂၀ ရက်မှစတင်၍ နိုင်ငံခြားသားများ၊ နိုင်ငံခြားအဖွဲ့အစည်းများကို ရန်ကုန် စတော့အိတ်ချိန်းစာရင်းကုမ္ပဏီများ၏ အစုရှယ်ယာများ ဝယ်ယူခွင့်ပြုခဲ့သည်။ ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၂၇ ရက် စာရင်းများအရ ရန်ကုန်စတော့အိတ်ချိန်း စာရင်းဝင်ကုမ္ပဏီ ခြောက်ခုအနက် ကုမ္ပဏီလေးခု၏ အစုရှယ်ယာ ၄၅၀၂၆၇၉ ခုကို ဝယ်ယူထားသည်။ ကုမ္ပဏီအလိုက် ဝယ်ယူထားသော အစုရှယ်ယာပမာဏများမှာ ပထမမြန်မာရင်းနှီးမြှုပ်နှံမှုကုမ္ပဏီလီမိတက် (FMI) တွင် ၄၄၅၈၁၃၆ ခု၊ မြန်မာသီလဝါ အက် (စ်) အီးဇက်ဟိုးလ်ဒင်းပတ်ပလစ် လီမိတက် (MTSH) တွင် ၃၁၉၇၃ ခု၊ Ever Flow River Group Public Co.,Ltd တွင် ၇၁၂၅ ခု၊ TMH Telecom Public Co.,Ltd တွင် ၅၄၄၅ ခုဖြစ်သည်။

ရန်ကုန်စတော့အိတ်ချိန်း (YSX) စာရင်းဝင်ကုမ္ပဏီများ၏ အစုရှယ်ယာများကို ရင်းနှီးမြှုပ်နှံလိုသည့် နိုင်ငံခြားသားများ သတ်မှတ်ထားသည့် ဘဏ်စာရင်းများဖွင့်လှစ်၍ အရောင်းအဝယ်ပြုလုပ်ရန် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ ငွေချေး သက်သေခံလက်မှတ် လုပ်ငန်းကြီးကြပ်ရေးကော်မရှင်က ကြေညာချက်အမှတ် (၄/ ၂၀၂၀) ဖြင့် အသိပေးကြေညာသည်။

မြန်မာနိုင်ငံငွေချေး သက်သေခံ လက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်သည် အမိန့်ကြော်ငြာစာအမှတ် (၁/၂၀၁၉) နှင့် ညွှန်ကြားချက်အမှတ် (၁/၂၀၂၀) တို့ကို ထုတ်ပြန်၍ ရန်ကုန်စတော့အိတ်ချိန်း စာရင်းဝင်ကုမ္ပဏီများ၏ အစုရှယ်ယာများ နေ့စဉ်အရောင်းအဝယ်ပြုလုပ်ရာ၍ နိုင်ငံခြားသားများ ပါဝင်ဆောင်ရွက်ခွင့်ပြုခဲ့ကြောင်း သိရသည်။

ညွှန်ကြားချက်အမှတ် (၁/ ၂၀၂၀) ၏ အပိုဒ် ၃ (ဂ) အရ ရင်းနှီးမြှုပ်နှံလိုသည့် နိုင်ငံခြားသားများ (တစ်ဦးချင်းနှင့် အဖွဲ့အစည်းများ အပါအဝင်) အနေဖြင့် ပထမဦးစွာ ငွေချေးသက်သေခံလက်မှတ် ကုမ္ပဏီတစ်ခုသို့ သွားရောက်၍ ထောက်ခံစာ ရယူရန်လိုအပ်သည်။ ယင်းနောက် ပြည်တွင်း၌ နေထိုင်သူဖြစ်ပါက Resident Kyat Account for Securities (R-KAS) နှင့် ပြည်ပတွင် နေထိုင်သူဖြစ်ပါက Non-resident Kyar Account for Securities (N-KAS) နှင့် Non-resident Foreign Currency Account for Securities (N-FAS) ဘဏ် စာရင်းများဖွင့်လှစ်ပြီးမှသာ Securities Company များတွင် Securities Account များ ဖွင့်လှစ်ရန်ဖြစ်သည်။

သို့ဖြစ်ပါ၍ ရန်ကုန်စတော့အိတ်ချိန်း (YSX) စာရင်းဝင်ကုမ္ပဏီများ၏ အစုရှယ်ယာများကို ရင်းနှီးမြှုပ်နှံလိုသည့် နိုင်ငံခြားသားများအနေဖြင့် ကော်မရှင်မှသတ်မှတ်ထားသည့် ဘဏ်စာရင်းများအသီးသီးဖွင့်လှစ်၍ အရောင်းအဝယ်ပြုလုပ်ကြပါရန် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ ငွေချေးသက်သေခံ လက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်က မေတ္တာရပ်ခံ အသိပေးကြေညာထားသည်။

ရန်ကုန်စတော့အိတ်ချိန်းစာရင်းဝင် ကုမ္ပဏီများ၏ အစုရှယ်ယာများ နေ့စဉ်အရောင်းအဝယ်ပြုလုပ်ရာ၌ နိုင်ငံခြားသား ပါဝင်ဆောင်ရွက်ရာတွင် ဘဏ်များ လိုက်နာဆောင်ရွက်ရမည့်အချက်များကို နိုင်ငံတော်ဗဟိုဘဏ်က ညွှန်ကြားချက်အမှတ် ၃/ ၂၀၂၀ ညွှန်ကြားခဲ့ကြောင်း သိရသည်။

ငွေကြေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေး ကော်မရှင်၏ အမိန့်ကြော်ငြာစာအမှတ် (၁/၂၀၁၉) နှင့် ညွှန်ကြားချက် အမှတ် ၁/၂၀၂၀ များအရ ပြည်တွင်း၌ နေထိုင်သူနိုင်ငံခြားသားနှင့် ပြည်ပတွင်နေထိုင်သူ နိုင်ငံခြားသားများကို ရန်ကုန်စတော့အိတ်ချိန်းတွင် စာရင်းဝင်ကုမ္ပဏီများ၏ အစုရှယ်ယာများအား ရောင်းဝယ်ခွင့်ပြုမည်ဖြစ်သည်။

ညွှန်ကြားချက်အမှတ် ၁/ ၂၀၂၀၊ အပိုဒ် ၁၉ အရ နိုင်ငံခြားသားများအနေဖြင့် အစုရှယ်ယာများ အရောင်းအဝယ်ပြုလုပ်ရာတွင် ယင်းတို့၏ရင်းနှီးမြှုပ်နှံငွေများ မြန်မာနိုင်ငံအတွင်းသို့ ယူဆောင်လာခြင်း၊ ရင်းနှီးမြှုပ်နှံမှုမှ ပြန်ရငွေများ နိုင်ငံခြားသို့ ပြန်လည်ပေးပို့ခြင်းများ ဆောင်ရွက်ရာတွင် နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဥပဒေ၊ နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုစည်းမျဉ်းနှင့် မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ ချမှတ်ထားသည့်စည်းမျဉ်းစည်းကမ်း၊ ညွှန်ကြားချက်များကို တိကျစွာလိုက်နာ၍ မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ကြီးကြပ်မှုကို ခံယူရန် ဖြစ်ကြောင်း ညွှန်ကြားထားသည်။

ယခင်နှစ်ကထက် သိသာစွာနည်းပါးနေသော နိုင်ငံတော်ဗဟိုဘဏ်၏ ဒေါ်လာအရောင်းအဝယ်

နိုင်ငံတော်ဗဟိုဘဏ်က ၂၀၂၁ ခုနှစ် ဇန်နဝါရီစတုတ္ထပတ်အထိ နိုင်ငံခြားငွေစျေးပြိုင်လေလံဖြင့် ဒေါ်လာ ၁ ဒသမ ၈ သန်း ဝယ်ယူခဲ့ပြီး ၂၀၂၀ ပြည့်နှစ်အတွင်း ဝယ်ယူမှု ဒေါ်လာ ၃၀၇ ဒသမ ၅ သန်း၊ ရောင်းချမှု ဒေါ်လာ ၅ ဒသမ ၇ သန်း ရှိကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ထုတ်ပြန်ထားသော စာရင်းများအရ သိရသည်။

နိုင်ငံတော်ဗဟိုဘဏ်သည် နိုင်ငံခြားငွေစျေးပြိုင်လေလံမှတစ်ဆင့် ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၆ ရက်တွင် ဒေါ်လာ ၁ ဒသမ ၈ သန်း ဝယ်ယူခဲ့ခြင်းဖြစ်သည်။

၂၀၂၀ ပြည့်နှစ် ဇန်နဝါရီမှ ဒီဇင်ဘာလအထိ လအလိုက် ရောင်းဝယ်မှုပမာဏများမှာ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီတွင် ဒေါ်လာ ၃၉ ဒသမ ၅ သန်း၊ ဖေဖော်ဝါရီတွင် ဒေါ်လာ ၃၁ ဒသမ ၅ သန်း၊ မတ်တွင် ဒေါ်လာ ၂၁ သန်း၊ မေတွင် ဒေါ်လာ ၁၆ ဒသမ ၇ သန်း၊ ဇွန်တွင် ၃၉ ဒသမ ၁ သန်း၊ ဇူလိုင်တွင် ဒေါ်လာ ၃၁ ဒသမ ၁ သန်း၊ သြဂုတ်တွင် ဒေါ်လာ ၃၅ ဒသမ ၆ သန်း၊ စက်တင်ဘာတွင် ဒေါ်လာ ၄၄ ဒသမ ၂ သန်း၊ အောက်တိုဘာတွင် ဒေါ်လာ ၄၃ သန်း၊ နိုဝင်ဘာတွင် ဒေါ်လာတစ်သိန်း၊ ဒီဇင်ဘာလတွင် ဒေါ်လာ ၇ ဒသမ ၈ သန်း ဝယ်ယူခဲ့ပြီး ၂၀၂၀ ပြည့်နှစ် ဧပြီတွင် ဒေါ်လာ ၂ ဒသမ ၇ သန်း၊ ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာတွင် ဒေါ်လာ သုံးသန်း ပြန်လည်ရောင်းချခဲ့ကြောင်း သိရ သည်။

ကာလတိုအတွင်း နိုင်ငံခြား ငွေလဲလှယ်နှုန်း အတက်၊ အကျကြီးမားခြင်းကို လျော့နည်းစေရန်နှင့် နိုင်ငံခြားသုံးသီးသန့် အရန်ငွေ ဖြည့်တင်းရန် နိုင်ငံတော်ဗဟိုဘဏ်က နိုင်ငံခြားငွေစျေးပြိုင်လေလံ ဖွင့်လှစ်ဆောင်ရွက်နေခြင်းဖြစ်ကြောင်း ဇူလိုင် ၂၄ ရက်တွင် အသိပေးကြေညာထားသည်။

မြန်မာနိုင်ငံတော် ဗဟိုဘဏ်သည် ၎င်း၏ နိုင်ငံခြားသုံးငွေလုပ်ငန်း Foreign Exchange Operation) ရည်ရွယ်ချက်များ ဖြစ်သော ကာလတိုအတွင်း နိုင်ငံခြား ငွေလဲလှယ်နှုန်း အတက်၊ အကျကြီးမားခြင်းကို လျော့နည်းစေရန်နှင့် နိုင်ငံတော်၏ နိုင်ငံခြားသုံးသီးသန့် အရန်ငွေ ဖြည့်တင်းရန် အချက်နှစ်ချက်အား အကောင်အထည်ဖော်ရန်အတွက် စည်းမျဉ်းအခြေခံသည့် နိုင်ငံခြားငွေစျေးပြိုင်လေလံကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ် စျေးပြိုင်လေလံအတွက် စည်းမျဉ်း၊ ညွှန်ကြားချက်များချမှတ်ထားပြီး အဆိုပါစည်းမျဉ်း၊ ညွှန်ကြားချက်များနှင့်အညီ နိုင်ငံခြားငွေစျေးပြိုင် လေလံတွင် ပါဝင်သည့် နိုင်ငံခြား သုံးငွေများ ရောင်းဝယ်ဖောက်ကားသည့် လုပ်ငန်းလိုင်စင် (Authorized Dealer-AD) အရ ဘဏ်များ ဖြစ်သော နိုင်ငံပိုင်ဘဏ်သုံးဘဏ်၊ ပြည်တွင်းပုဂ္ဂလိကဘဏ် ၁၉ ဘဏ်နှင့် နိုင်ငံ ခြားဘဏ် ဘဏ်ခွဲ ၁၃ ဘဏ်တို့ဖြင့် နိုင်ငံခြားငွေဝယ်ခြင်း၊ ရောင်းခြင်းတို့ကို ဆောင်ရွက်နေခြင်းဖြစ်သည်။

Most Read

Most Recent