မြန်မာနိုင်ငံသို့ ဆောင်းခိုငှက် ဝင်ရောက်မှုမှာ အောက်တိုဘာလလယ်ခန့်မှ မတ်လကုန်အထိ ဝင်ရောက်နေထိုင်ကျက်စားလေ့ရှိပြီး မန္တလေးဝန်းကျင်တွင် တောင်သမန်အင်း၊ ပလိပ်အင်း၊ ပြူကန်အင်း၊ စွန်ရဲအင်းနှင့် ဘနောအင်းများကို အရေးကြီးရေတိမ်ရေဝပ်ဒေသများအဖြစ် သတ်မှတ်ထား၏။ အဆိုပါ ရေတိမ်ဒေသများတွင် ဆောင်းခိုငှက်များ နှစ်စဉ် ထောင်နှင့်ချီ လာရောက်ကျက်စားလျက်ရှိကြောင်း မြန်မာနိုင်ငံသားငှက်ထိန်းသိမ်းရေး WCS နှင့် ငှက်စောင့်ကြည့်လေ့လာရေးအဖွဲ့အစည်း မှတ်တမ်းများတွင် တွေ့ရှိနိုင်သည်။
သို့သော်လည်း ထိုသို့ဆောင်းခိုငှက်ကောင်ရေ ထောင်နှင့်ချီ လာရောက်ကျက်စားလေ့ရှိခဲ့သော တောင်သမန်အင်းတွင် လွန်ခဲ့သည့် သုံးနှစ်ခန့်မှစ၍ ဝင်ရောက်သည့် ငှက်ကောင်ရေ တစ်စတစ်စ လျော့နည်းလာခဲ့ပြီး ယခုနှစ်၌ ငှက်ကောင်ရေ ဆယ်ဂဏန်းခန့်သာတွေ့ရှိရသည်ဟု ငှက်လေ့လာစောင့်ကြည့်သူများထံမှ သိရသည်။











