ကိုဗစ်ကြားက အိမ်မပြန်နိုင်ကြသေးသည့် တိုက်ပွဲရှောင်များ

ကိုဗစ်ကြားက အိမ်မပြန်နိုင်ကြသေးသည့် တိုက်ပွဲရှောင်များ
တိုက်ပွဲများကြောင့် မိမိတို့နေထိုင်ရာ ကျေးရွာများကိုစွန့်ကာ ထွက်ပြေးတိမ်းရှောင်လာခဲ့ကြရသည့် တိုက်ပွဲရှောင်များအား ဇန်နဝါရီ ၃၀ ရက်က ကျောက်မဲမြို့ တိုက်ပွဲရှောင်စခန်းများတွင် တွေ့ရစဉ် (ဓာတ်ပုံ-စိုင်းထွန်းနေလှိုင်)
တိုက်ပွဲများကြောင့် မိမိတို့နေထိုင်ရာ ကျေးရွာများကိုစွန့်ကာ ထွက်ပြေးတိမ်းရှောင်လာခဲ့ကြရသည့် တိုက်ပွဲရှောင်များအား ဇန်နဝါရီ ၃၀ ရက်က ကျောက်မဲမြို့ တိုက်ပွဲရှောင်စခန်းများတွင် တွေ့ရစဉ် (ဓာတ်ပုံ-စိုင်းထွန်းနေလှိုင်)
Published 31 January 2021
ထွန်းနေလှိုင် (နောင်ပိန်)

တောင်ပေါ်ဒေသ၏ ချမ်းအေးလှသော ဆောင်းချမ်းနေ့ရက်များမှာ မိမိနေအိမ်ကလေးအတွင်းရှိ မီးဖိုဘေးတွင်သာ နွေးနွေးထွေးထွေးနေချင်ကြမည်။ ချမ်းအေးလှသည့် ဒီဇင်ဘာဆောင်းချမ်း နေ့ရက်မှစ၍ ထိုမြို့လေးဆီကို သူတို့ရောက်လာခဲ့သည်။ ရွာပတ်ဝန်းကျင်တွင် သေနတ်သံများ စီစီညံနေသဖြင့် လွတ်ရာလွတ်ကြောင်း အပြေးလာခဲ့ကြရသည်။ ကောက်ရိတ်သိမ်းချိန်ဖြစ်သော်လည်း ကိုယ့်အသက်ထက် မည်သည့်အရာကမျှ အရေးမကြီး။ ရိတ်သိမ်းခါနီး ကောက်ပဲသီးနှံစိုက်ခင်းများကို ပစ်ထားခဲ့ရသည်။ အိမ်ရှိ ကျွဲ၊ နွားများ ဒီအတိုင်းထားခဲ့ကြရသည်။ သူတို့ချစ်သည့်၊ သူတို့နေထိုင်နေသည့် ရွာကို စွန့်ခွာခဲ့ကြသည်။ ဘာလိုလိုနှင့် တိုက်ပွဲရှောင်စခန်း ရောက်နေခဲ့သည်မှာ တစ်လကျော်ပင်ရှိနေချေပြီ။

၎င်းတို့သည် ကျောက်မဲမြို့နယ်၊ လွယ်အံ(တင်း)၊ ခုံငင်း၊ ကောင်းခါး၊ ပန်လော့၊ မန်စပ်၊ ပန်မခံကျေးရွာများမှ ဒေသခံများဖြစ်ပြီး ၎င်းတို့ ကျေးရွာအနီးတစ်ဝိုက်တွင် RCSS/SSA နှင့် TNLA တို့ ဒီဇင်ဘာ ၂၅ ရက်မှစတင်ကာ တိုက်ပွဲများ ဖြစ်ပွားမှုကြောင့် ကျောက်မဲမြို့သို့ ထွက်ပြေးတိမ်းရှောင်လာခဲ့ကြခြင်းဖြစ်သည်။

“ကျွန်မတို့မိသားစု လွယ်အံကနေ လမ်းလျှောက်ပြီး ကျောက်မဲကို ထွက်ပြေးလာကြတယ်။ တိုက်ပွဲက နေ့ရောညရော ဖြစ်နေပါတယ်။တိုက်ပွဲက ရွာထဲမှာဖြစ်နေတာ။ ရွာက လူတွေကိုတော့ ကျွန်မတို့ ထွက်ပြေးလာတဲ့အချိန်အထိတော့ ထိခိုက်ဒဏ်ရာရတာတွေ မတွေ့မိသေးပါဘူး။ တချို့လည်း ခြေကျင်လျှောက်လာတယ်။ တချို့လည်း ဆိုင်ကယ်တွေနဲ့ ပြေးလာကြတယ်။ ရွာက အိမ်တွေမှာတော့ ဘယ်သူမှမစောင့်ရဲကြဘူး။ အသက်ကြီးပြီး သွားလာရေး ခက်ခဲနေတဲ့ သက်ကြီးပိုင်းတွေလောက်ပဲ ရွာမှာကျန်ခဲ့တယ်” ဟု လွယ်အံ (တင်း) ကျေးရွာမှ တိုက်ပွဲ ဖြစ်ပွားစဉ်အခါက ထွက်ပြေးလာသူ ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

တိုက်ပွဲများ ဖြစ်ပွားရာနေရာသည် ကျောက်မဲမြို့နယ်၊ လွယ်အံ (တင်း) ကျေးရွာအနီးတစ်ဝိုက်တွင် ဖြစ်ပြီး ၎င်းတို့ တိုက်ပွဲရှောင်ရန်အတွက် လာကြိုသည့် ပရဟိတယာဉ်များရှိရာသို့ တစ်နာရီကျော်ခန့် လမ်းလျှောက်ခဲ့ကြရသည်။

သက်ကြီးရွယ်အိုတချို့ တောတွင်းမောင်း ထော်လာဂျီယာဉ်များဖြင့် လိုက်ပါခဲ့ကြရသည်။ တိုက်ပွဲများ ဖြစ်ပွားရာနေရာသို့ ယာဉ်များ အလွယ်တကူမရောက်နိုင်။ လမ်းက ကြမ်းလွန်းလှသည်။ မိုးရာသီတွင် သွားလာဖို့ အလွန်ခက်ခဲလှသော တောလမ်းများဖြစ်သည်။

အခုတော့ ရွာက ထွက်ပြေးလာခဲ့ကြရသည်မှာ တစ်လကျော်ခန့်ရှိချေပြီ။ ကျောက်မဲမြို့ တိုက်ပွဲရှောင်စခန်းမှာ လုံလုံခြုံခြုံတော့နေရသည်။ စားချိန်တန်စားကြရသည်။ အိပ်ချိန်တန် အိပ်ကြရသည်။ ဒါပေမဲ့ COVID-19 ရန်ကလည်း ကြောက်ရသေးသည်။

“ကျွန်တော်တို့ ကျောက်မဲမြို့ တိုက်ပွဲရှောင်စခန်းတွေမှာ တိုက်ပွဲရှောင်တွေ စစချင်းရောက်တော့ လိုအပ်ချက်တွေတော့ရှိတယ်။ နောက်တော့ အလှူရှင်တွေ တဖြည်းဖြည်းပေါ်လာတော့ အဆင်ပြေသွားပါတယ်။ ကိုဗစ်ကာလကြီးဖြစ်ပေမဲ့လည်း ခြောက်ပေအကွာနေတာတွေ ဘာတွေတော့ ဘယ်လိုဖြစ်နိုင်ပါ့မလဲ။ ဒါပေမဲ့ ကျန်းမာရေးအသိ၊ သတိတော့ ရှိကြရတာပေါ့။ Mask တွေ တပ်ရတယ်။ ရပ်ဝေးက အလှူရှင်တွေလာရင် ပေးမတွေ့ဘူး။ ဒေသတွင်းက အလှူရှင်တွေကိုပဲ တိုက်ပွဲရှောင်စခန်းတွေမှာ လာလှူခိုင်းတယ်။ အကယ်၍များ ကိုဗစ်ဖြစ်ပွားတဲ့နေရာတွေကနေ လာရောက်လှူဒါန်းကြတယ်ဆိုရင် ကျွန်တော်တို့ ပစ္စည်းပဲ လက်ခံပေးတယ်။ ကိုယ်တိုင်စခန်းကို သွားပြီးလှူချင်တယ်ဆိုရင် တိုက်ပွဲရှောင်စခန်းကို PPE ဝတ်ပြီး လာလှူခိုင်းပါတယ်။ ကျွန်တော်တို့က ကိုဗစ်ဖြစ်မှာ စိုးရိမ်လို့ မြို့ပြင်ကနေ အဲဒီလိုစနစ်နဲ့ ထိန်းချုပ်လိုက်ပါတယ်” ဟု ကျောက်မဲမြို့ တိုက်ပွဲရှောင်စခန်းများတွင် ကူညီဆောင်ရွက်ပေးနေသူ ကိုသားဇော်က ပြောသည်။

ကျောက်မဲမြို့တွင် တိုက်ပွဲရှောင်နေရသူ ယခုအချိန်အထိ လူဦးရေ တစ်ထောင်ဝန်းကျင်ခန့်ရှိနေပြီး ၎င်းတို့နေထိုင်ရာ နယ်မြေဒေသအတွင်း တိုင်းရင်းသားလက်နက်ကိုင်များ အခြေချလှုပ်ရှားနေခြင်းကြောင့် နေရပ်ပြန်ရန် မဖြစ်နိုင်သေးကြောင်း ၎င်းတို့က ဆိုသည်။

“လက်နက်ကိုင်တွေက ရွာတွေထဲမှာပဲ ရှိနေသေးတော့ မပြန်ရဲကြသေးဘူး။ ရွာနားမှာ စစ်ရေး လှုပ်ရှားမှုတွေက ရှိနေသေးတယ်။ အခုအခြေအနေမှာတော့ တိုက်ပွဲရှောင်တွေအတွက် အခက်အခဲတော့ ရှိလာတယ်။ သူတို့ရောက်တာ တစ်လလည်းကျော်လာပြီ။ အလှူရှင်တွေလည်း နည်းလာပြီပေါ့။ တစ်ရက်တစ်ရက် တိုက်ပွဲရှောင် တစ်ထောင်ဝန်းကျင်ရဲ့ စားရေးသောက်ရေးက ခက်ခဲလာပြီလေ။ ဆန်ကတော့ လုံလောက်မှု ရှိပါတယ်။ မီးဖိုချောင်သုံးဟင်းတွေမှာတော့ အခက်အခဲနည်းနည်း ဖြစ်နေတယ်” ဟု ကျောက်မဲမြို့ အိုတမာဝ်လူမှုကူညီရေးအသင်းမှ လွေးသန်းနုက ပြောသည်။

ယခုရောက်ရှိနေသော တိုက်ပွဲရှောင်များထဲတွင် သက်ကြီးပိုင်းနှင့် ကလေးငယ်အများစုပါဝင်နေပြီး ကျန်းမာရေး မကောင်းမှုများ မကြာခဏဖြစ်ပေါ်နေကြောင်းသိရသည်။

“တိုက်ပွဲရှောင်တွေထဲမှာ သက်ကြီးပိုင်းတွေရယ်၊ ကလေးတွေရယ် များတယ်။ အခုက ရာသီဥတုကလည်း အရမ်းအေးတာကြောင့် သူတို့ မကြာခဏဖျားနာကြတယ်။ ဝမ်းပျက်ဝမ်းလျှောတွေလည်း ဖြစ်တယ်။ အခုက ကိုဗစ်ကပ်ရောဂါကလည်း ဖြစ်ပွားနေတော့ ကျွန်မတို့ ဘက်ကတော့ သူတို့တွေကို အပြင်တော့ ပေးမထွက်ဘူး။ တတ်နိုင်သလောက် အထဲမှာပဲနေခိုင်းတယ်။ သူတို့ တိုက်ပွဲရှောင်စခန်းရောက်ကတည်းက အပြင်လူတွေနဲ့ သိပ်ပေးမတွေ့ဘူး။ အလှူရှင်တွေ လာလှူရင်လည်း ကျောက်မဲမြို့က ကိုဗစ်ကော်မတီတွေနဲ့ ချိတ်ဆက်ပြီးတော့ အလှူခံဌာနမှာပဲ လှူတဲ့ပစ္စည်း လက်ခံခိုင်းတယ်။ သူတို့တွေကို ခြောက်ပေအကွာမှာ နေခိုင်းတာတော့ အဆင်မပြေဘူးလေ။ သူတို့တွေက တမံတလင်းမှာ အခင်းတစ်ထည်တည်းနဲ့ အိပ်ကြရတော့ အေးတယ်လေ။ အဲဒါကြောင့် ကျွန်မတို့ အခင်းတွေ ပြန်ဝယ်ပေးထားတယ်။ စောင်တွေ၊ အနွေးထည်တွေတော့ အလှူခံရသမျှပေးထားတယ်။ အရမ်းကြီး လုံလုံလောက်လောက်တော့ မရှိဘူး” ဟု လွေးသန်းနုက ဆက်လက်ပြောကြားသည်။

တိုက်ပွဲရှောင်များသည် ကျောက်မဲမြို့ ပိန္နဲကုန်းစာသင်ကျောင်း၊ ၀ါဆိုကျောင်း၊ သန္တိသုခဓမ္မာရုံ၊ အောင်မင်္ဂလာဘုန်းကြီးကျောင်းတို့တွင် ရှောင်တိမ်းနေထိုင်နေကြသည်။

ယခင်က ရှမ်းပြည်နယ် (မြောက်ပိုင်း) ဒေသအတွင်း တိုက်ပွဲများဖြစ်ပွားပါက တိုက်ပွဲရှောင်များသည် နယ်မြေလုံခြုံမှုရှိသည့် ကျေးရွာများနှင့် မြို့ပေါ်သို့ တိမ်းရှောင်နေကြလေ့ရှိပြီး တိုက်ပွဲရှောင်သည့် နေ့ရက်မှာလည်း ရက်သတ္တတစ်ပတ်ခန့်သာ အများဆုံးကြာမြင့်လေ့ရှိသည်။

“အရင်နှစ်တွေတုန်းက လားရှိုးမြို့နယ်အတွင်းမှာရှိတဲ့ မိုင်းယော်ဘက်တို့၊ အီနိုင်းဘက်တို့မှာ တိုက်ပွဲတွေဖြစ်ရင်  ရွာအလိုက်ဒေသခံတွေ ပြေးလာကြတာပဲ။ ရွာတွေမှာ တချို့အစောင့်တွေတောင် မထားခဲ့ဘူး။ ကလေးတွေရော သက်ကြီးရွယ်အိုတွေရော။ လားရှိုးမှာဆို မန်ဆူရှမ်းကျောင်းမှာ အများဆုံးလာရောက် ခိုလှုံကြတယ်။ အများဆုံးတော့ တစ်ပတ်လောက်အထိပဲ နေကြတာများတယ်။ ဒီလောက်အကြာကြီးတော့ မနေကြဘူး။ ဒါပေမဲ့ နယ်မြေအခြေအနေနဲ့ စစ်ရေးလှုပ်ရှားမှုတော့ ကွဲပြားကောင်းကွဲပြားမှာပေါ့။ အခု ကျောက်မဲမှာရှောင်နေကြရတဲ့ တိုက်ပွဲရှောင်တွေကတော့ ဒီဇင်ဘာ လ ၂၅ ရက်နေ့ကတည်းက ရောက်နေကြတာဆိုတော့ တစ်လကျော်ပြီပေါ့” ဟု ဒေသခံတစ်ဦးက ပြောသည်။

တိုက်ပွဲရှောင်များအတွက် ကျောက်မဲခရိုင်၊ ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနက လိုအပ်သည့် ဆေးစိမ်ခြင်ထောင်များ ပေးဝေခြင်းနှင့် ကိုဗစ်ကာကွယ်ရေးအတွက် အသိပညာပေးခြင်းများ ဆောင်ရွက်ထားကြောင်း သိရသည်။

“အပြင်က လူစိမ်းတွေလာရင် အနီးအနားမကပ်ဖို့လည်း ပြောတယ်။ Mask တွေလည်း ဝေထားတယ်။ လက်ဆေးဘေစင်တွေ လုပ်ထားပေးတယ်။ အပြင်က အလှူရှင်တွေလာရင် သူတို့နဲ့ လုံးဝပေးမတွေ့ဘူး။ အလှူလက်ခံဌာနမှာပဲ လက်ခံခိုင်းတယ်။ ခါတိုင်းလို တစ်ယောက်ချင်း လှူတာတွေ ပေးမလုပ်ဘူး။ လောလောဆယ် တိုက်ပွဲရှောင်တွေမှာ ကိုဗစ်ဖြစ်တာတော့ မရှိဘူး။ အဖြစ်များတာကတော့ လူကြီးရောဂါပါပဲ။ သွေးတိုးတယ်။ ဒီလောက်ပါပဲ” ဟု ကျောက်မဲခရိုင်၊ ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ ဒုတိယခရိုင်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေး ဦးစီးဌာနမှူး ဒေါက်တာနန်းရီလှိုင်ဦးက ပြောကြားသည်။

ကျောက်မဲတိုက်ပွဲရှောင်စခန်းများတွင် ဇန်နဝါရီ ၃၀ ရက် နံနက်ပိုင်းအထိ  တိုက်ပွဲရှောင် တစ်ထောင်နီးပါးခန့် ရှိနေဆဲဖြစ်ပြီး နေရပ်ပြန်ရန် မဖြစ်နိုင်သေးကြောင်း ၎င်းတို့က ပြောကြားသည်။

“ကျွန်မတို့ ဒီစခန်းကို ရောက်တာ တစ်လနဲ့လေးရက်ရှိပြီ။ တချို့က တောင်ယာစိုက်စပါးတွေ ရိတ်သိမ်းခဲ့ကြပေမဲ့ တချို့ကတော့လည်း ရိတ်သိမ်းနေဆဲအချိန်မှာပဲ ထွက်ပြေးလာခဲ့ကြရတယ်။ တန်ခူးဆိုရင် လက်ဖက်တွေ ခူးဆွတ်ကြတော့မယ်။ အခုအထိ လက်ဖက်စိုက်ခင်းတွေမှာ ပေါင်းသင်တာတွေ မလုပ်နိုင်သေးဘူး။ နယ်မြေအခြေအနေကလည်း ကြားရသလောက် လက်နက်ကိုင်တွေ ရှိနေသေးတယ်လို့ သိရတယ်။ ကျွန်မတို့ ဘယ်လိုပြန်ရဲပါ့မလဲ။ ကိုယ့်နေရပ်ကိုယ့်အိမ်ကို ပြန်ချင်တာပေါ့။ ရွာမှာတော့ အစောင့်တောင်မထားခဲ့ဘူး။ လက်နက်ကိုင်တွေပြန်မှ ရွာကို ပြန်ရဲကြမယ်လေ။ ကိုယ့်ယာတွေ ကိုယ့်လက်ဖက်ခင်းတွေ ရှိတယ်လေ” ဟု ကောင်းခါးကျေးရွာမှ တိုက်ပွဲရှောင်လာသူ မလွေးအေးတင်က ပြောသည်။

တိုက်ပွဲရှောင်စခန်းများတွင် နေထိုင်လာရသည့် နေ့ရက်ကြာလာသည်နှင့်အမျှ အချို့မှာ ကျောက်မဲမြို့ရှိ ရပ်ကွက်အချို့တွင် အိမ်ငှားရမ်းကာ နေ့စားအလုပ်လိုက်လုပ်ခြင်းနှင့် အခြားနီးစပ်ရာအလုပ်အကိုင်များ ထွက်လုပ်ခြင်းများလည်း ရှိနေကြောင်း သိရသည်။

“ ဒီနေ့ ကျွန်မအမျိုးတွေကို လာခေါ်တာ။ သူက ကျန်းမာရေးလည်း မကောင်းဘူး။ ဒီတိုက်ပွဲရှောင်စခန်းမှာ လူကလည်းများတော့ သူတို့အဆင်မပြေမှာစိုးလို့ လာခေါ်တာ။ တချို့လည်း ဒီမှာနေတာကြာတော့ မနေချင်ကြတော့ဘူး။ မြို့ထဲမှာ အိမ်ငှားပြီးအပြင် အလုပ်ထွက်လုပ်ကြတယ်။ အိမ်ပြန်ဖို့က မသေချာ မရေရာသေးဘူးလေ” ဟု ကျောက်မဲမြို့ဒေသခံတစ်ဦးက ပြောသည်။

လက်နက်ကိုင်အဖွဲ့များ ကျေးရွာအနီး စစ်ရေးလှုပ်ရှားမှုများ ရှိနေခြင်းကြောင့် နေရပ်ပြန်ချင်သော်လည်း မပြန်ရဲကြသေးသော်လည်း လက်ဖက်ခူးချိန်အမီ အိမ်ပြန်ချင်နေကြသည်။ လွှတ်ကျောင်းထားရသည့် အိမ်မွေးတိရစ္ဆာန်များကို ပြန်ကြည့်လိုနေကြသည်။ သော့ခတ်ပိတ်ထားခဲ့ရသည့် အိမ်တံခါးများ ပြန်ဖွင့်ကြည့်လိုကြသည်။ ရိတ်သိမ်း ပြီး ခြွေလှေ့ထားခဲ့သည့် စပါးပုံကြီးဆီ ပြေးသွားကြည့်ချင်လွန်းလှသည်။ သို့ပေမဲ့ သူတို့မပြန်ရဲ။

လက်နက်ကိုင်အဖွဲ့တို့၏ အခြေချ စစ်ရေးလှုပ်ရှားနေမှုများကြောင့် နယ်မြေဒေသအခြေအနေ မငြိမ်သက်မှုများ ဘယ်တော့များမှ အဆုံးသတ်မလဲ။ သူတို့ ဘယ်အချိန်များမှ အိမ်ပြန်ကြရမလဲ။ ထားရစ်ခဲ့ရသည့်အဝေးက အိမ်ကလေး အရင်အတိုင်းရော ရှိနေသေးရဲ့လား။ COVID-19 ကပ်ရောဂါကြားက ကျန်းမာရေးသတိများနှင့် စိုးထိတ်မှုများကြားက အိမ်ပြန်ချိန် နေ့ရက်များ ဘယ်အချိန်မှ ရောက်လာတော့မလဲဟု တွေးတောရင်း။

Most Read

Most Recent