“အိန္ဒိယက အိမ်နီးချင်းနိုင်ငံ အချင်းချင်း ချစ်ကြည်မှု၏ ပြယုဂ်အဖြစ် ပေးအပ်ထားသော ကာကွယ်ဆေး ၁ ဒသမ ၅ သန်း (လူဦးရေ ၇ ဒသမ ၅ သိန်းစာ) Covishield ကာကွယ်ဆေးကလည်း ၂၂- ၁-၂၀၂၁ ရက်တွင် ရောက်ရှိခဲ့ပြီး စတင်ထိုးနှံနေပြီဖြစ်ပါသည်။ နောက်ထပ်လည်း လက်ဆောင် ဒုတိယအသုတ် တစ်သန်း လာဖွယ်ရှိပါသည်။ တရုတ်နိုင်ငံတော်ကောင် စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး Mr.ဝမ်ယိ လာရောက်စဉ်ကလည်း ကာကွယ်ဆေးအလုံးရေ သုံးသိန်းလှူဒါန်းမည်ဖြစ်ကြောင်းလည်း ပြောကြားခဲ့ပါသည်” ဟု ဒေါက်တာခင်ခင်ကြီးက ၎င်း၏ လူမှုကွန်ရက်တွင် ရေးသားဖော်ပြထားသည်။ လက်ရှိ အိန္ဒိယနိုင်ငံတွင် အောက်စ်ဖို့ဒ်တက္ကသိုလ်နှင့် ဗြိတိန်ဆေးကုမ္ပဏီ AstraZeneca တို့ ပူးပေါင်းထုတ်လုပ်သည့် ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး Covishield နှင့် တတိယအဆင့် စမ်းသပ်ဆဲ အိန္ဒိယဆေးကုမ္ပဏီထုတ် Covaxin တို့အား အရေးပေါ်အသုံးပြုရန် ခွင့်ပြုချက်ရရှိထားကြောင်း ဒေါက်တာခင်ခင်ကြီးက ဆိုသည်။
အိန္ဒိယမှ COVID-19 ကာကွယ်ဆေးအလုံးရေ တစ်သန်းခွဲ ဇန်နဝါရီ ၂၂ ရက် မွန်း လွဲပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ စတင်ရောက်ရှိခဲ့ပြီး ဇန်နဝါရီ ၂၇ ရက်မှစ၍ တစ်နိုင်ငံလုံးရှိ ကျန်းမာရေးဝန်ထမ်းများကို တစ်ပြိုင်နက် စတင်ထိုးနှံခဲ့သည်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအောက်ရှိ ကျန်းမာရေးဝန်ထမ်းများ အပါအဝင် COVID-19 ကုသရေးဌာနများ၊ စင်တာများတွင် တာဝန်ထမ်းဆောင်နေသော ကျန်းမာရေးဝန်ထမ်းများကို စတင်ထိုးနှံပေးခဲ့ပြီး တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကျန်းမာရေးဝန် ထမ်းပေါင်း ၁၁၀၀၀၀ ကျော်ကို ကာကွယ်ဆေးထိုးနှံရန် ပြင်ဆင်ဆောင်ရွက်ခဲ့သည်။
ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများကို ထိုးနှံပြီးနောက် ဇန်နဝါရီ ၂၉ ရက်တွင် တတိယအကြိမ် ပြည်သူ့လွှတ်တော်အစည်းအဝေး တက်ရောက်မည့် လွှတ်တော်ကိုယ်စားလှယ်များ၊ ဇန်နဝါရီ ၃၀ ရက်တွင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များနှင့် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များအား ကာကွယ်ဆေး ထိုးနှံခဲ့ပြီးဖြစ်သည်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ရရှိသည့် အချက်အလက်အရ ဇန်နဝါရီ ၂၉ ရက်အထိ ကျန်းမာရေးဝန်ထမ်းနှင့် စေတနာ့ဝန်ထမ်းပေါင်း ၈၅၀၀၀ ကျော်ကို COVID-19 ကာကွယ်ဆေးထိုးနှံပြီး ဖြစ်သည်ဟု သိရသည်။
ဇန်နဝါရီ ၂၇ ရက်မှစ၍ ကျန်းမာရေးဝန်ထမ်းများအား COVID-19 ကာကွယ်ဆေး စတင်ထိုးနှံပေးခဲ့ပြီး ဇန်နဝါရီ ၂၇ ရက်တွင် ၃၀၅၅၁ ဦး၊ ဇန်နဝါရီ ၂၈ ရက်တွင် ၃၇၇၂၈ ဦး၊ ဇန်နဝါရီ ၂၉ ရက်တွင် ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ ဝန်ထမ်းပေါင်း ၁၇၃၁၅ ဦးကို ထိုးနှံပြီးဖြစ်သည်။ ဇန်နဝါရီ ၂၉ ရက်မှစ၍ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအား COVID-19 ကာကွယ်ဆေး စတင်ထိုးနှံပေးခဲ့ပြီး တစ်ရက်အတွင်း ၂၈၉ ဦး ဆေးထိုးနှံပြီးဖြစ်သည်ဟု သိရသည်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ရရှိသည့်အချက်အလက်အရ လက်ရှိမြန်မာနိုင်ငံ၌ COVID-19 ဖြစ်ပွားနှုန်း ကျဆင်းလာရာ လူတစ်သန်းတွင်၂၅၅၂ ဦးနှင့် သေဆုံးမှုနှုန်း ၅၇ ဦးရှိနေပြီး သေဆုံးနှုန်း (CFR) ၂ ဒသမ၂ ရာခိုင်နှုန်းရှိနေသည်။
ဇန်နဝါရီ ၃၀ ရက်အထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း ၁၃၉၅၁၅ ဦးရှိပြီး လူဦးရေ တစ်သန်းတွင် ရောဂါဖြစ်ပွားနှုန်း ၂၅၅၂ ဦးရှိကြောင်းနှင့် သေဆုံးသူ ၃၁၁၅ ဦးရှိပြီး လူဦးရေ တစ်သန်းတွင် သေဆုံးမှုနှုန်း ၅၇ ဦး ရှိရာ ရောဂါဖြစ်ပွားသူလူနာများအနက် သေဆုံးနှုန်း (CFR) ၂ ဒသမ ၂ ရာခိုင်နှုန်းရှိနေသည်။ လက်ရှိတစ်နိုင်ငံလုံးအတိုင်းအတာဖြင့် COVID-19 ပိုးတွေ့နှုန်း ငါးရာခိုင်နှုန်းအောက်သို့ ရောက်ရှိလာပြီး ပိုးတွေ့လူနာများအနက် သေဆုံးသူ ၁၀ ဦးဝန်းကျင် နေ့စဉ်ရှိနေဆဲ ဖြစ်သည့်အတွက် ကာကွယ်ဆေးများ ရရှိသည့်တိုင် ရောဂါကာကွယ်ရေးနည်းလမ်းများကို လိုက်နာရန်မှာ အရေးကြီးနေဆဲဖြစ်သည်။
မကြာမီ အိန္ဒိယနိုင်ငံက မြန်မာနိုင်ငံသို့ Covishield ကာကွယ်ဆေး လက်ဆောင် ထပ်မံပေးအပ်ရန်ရှိပြီး ဒုတိယအသုတ်အနေဖြင့် ဆေးလုံးရေ တစ်သန်း ထပ်မံရရှိမည်ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက ၎င်း၏လူမှုကွန်ရက်တွင် ရေးသားဖော်ပြထားသည်။
“အိန္ဒိယက အိမ်နီးချင်းနိုင်ငံ အချင်းချင်း ချစ်ကြည်မှု၏ ပြယုဂ်အဖြစ် ပေးအပ်ထားသော ကာကွယ်ဆေး ၁ ဒသမ ၅ သန်း (လူဦးရေ ၇ ဒသမ ၅ သိန်းစာ) Covishield ကာကွယ်ဆေးကလည်း ၂၂- ၁-၂၀၂၁ ရက်တွင် ရောက်ရှိခဲ့ပြီး စတင်ထိုးနှံနေပြီဖြစ်ပါသည်။ နောက်ထပ်လည်း လက်ဆောင် ဒုတိယအသုတ် တစ်သန်း လာဖွယ်ရှိပါသည်။ တရုတ်နိုင်ငံတော်ကောင် စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး Mr.ဝမ်ယိ လာရောက်စဉ်ကလည်း ကာကွယ်ဆေးအလုံးရေ သုံးသိန်းလှူဒါန်းမည်ဖြစ်ကြောင်းလည်း ပြောကြားခဲ့ပါသည်” ဟု ဒေါက်တာခင်ခင်ကြီးက ၎င်း၏ လူမှုကွန်ရက်တွင် ရေးသားဖော်ပြထားသည်။
လက်ရှိ အိန္ဒိယနိုင်ငံတွင် အောက်စ်ဖို့ဒ်တက္ကသိုလ်နှင့် ဗြိတိန်ဆေးကုမ္ပဏီ AstraZeneca တို့ ပူးပေါင်းထုတ်လုပ်သည့် ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး Covishield နှင့် တတိယအဆင့် စမ်းသပ်ဆဲ အိန္ဒိယဆေးကုမ္ပဏီထုတ် Covaxin တို့အား အရေးပေါ်အသုံးပြုရန် ခွင့်ပြုချက်ရရှိထားကြောင်း ဒေါက်တာခင်ခင်ကြီးက ဆိုသည်။
“အိန္ဒိယနိုင်ငံက လက်ရှိဆိုလို့ ရှိရင် Oxford University နဲ့ AstraZeneca နဲ့ ပေါင်းပြီး ထုတ်တဲ့ ကာကွယ်ဆေးပေါ့နော်။ အိန္ဒိယမှာတော့ Covishield နာမည်နဲ့ ထုတ်တာဖြစ်ပါတယ်။ Covishield ကတော့ ယူကေမှာလည်း အရေးပေါ် သုံးဖို့အတွက် ခွင့်ပြုမိန့်ရထားသလို အိန္ဒိယရဲ့ FDA ကလည်း အရေးပေါ်သုံးဖို့အတွက် ပေးထားတဲ့ ကာကွယ်ဆေးဖြစ်ပါတယ်။ ဒီကာကွယ်ဆေးဟာ အခုလက်ရှိမှာ ကာကွယ်ဆေးရရှိမှုကို ကြည့်လိုက်မယ်ဆိုရင်လည်း Bharat Biotech က ထုတ်တဲ့ Covaxin နဲ့ အခုဒီ Oxford Vaccine ကိုမှ Serum Institute of India ကနေပြီးတော့မှ ထုတ်တဲ့ Covishield နဲ့ ဒီနှစ်ခုကတော့ အခု EUL List ထဲမှာ ပါဝင်နေတဲ့ ကာကွယ်ဆေး ရှစ်မျိုးထဲက နှစ်ခုဖြစ်ပါတယ်။ အဲဒီမှာ ရုရှားက ကာကွယ်ဆေးနှစ်မျိုးပါပါတယ်။ တရုတ်က ကာကွယ်ဆေး လေးမျိုး ပါပါတယ်။ စုစုပေါင်း ရှစ်မျိုးက အခုလောလောဆယ် အရေးပေါ် အသုံးပြုခွင့်ရထားတာ ဖြစ်ပါတယ်။ အပြည့်အဝ Fully Used ဖြစ်တဲ့ကာကွယ်ဆေးကတော့ နှစ်ခုပဲရှိပါတယ်။ ဒါကတော့ Pfizer နဲ့ Moderna ဖြစ်ပါတယ်။ သို့သော် ဒီအရေးပေါ်အသုံးပြုခွင့်ရထားတဲ့ ကာကွယ်ဆေးတွေသည်လည်း စိတ်ချစွာ အသုံးပြုခွင့်ရထားတဲ့ အဆင့်ဖြစ်ပါတယ်။ သူ့ရဲ့ကာကွယ်စိတ်ချရမှု၊ ဘေးကင်းလုံခြုံမှုတွေကလည်း စမ်းသပ်ပြီးဖြစ်ပါတယ်” ဟု ဒေါက်တာခင်ခင်ကြီးက ပြောကြားသည်။
အိန္ဒိယနိုင်ငံထုတ် COVID-19 ကာကွယ်ဆေးအပြင် COVAX အဖွဲ့ထံမှခွဲတမ်းဖြင့်ရရှိမည့် COVID-19 ကာကွယ်ဆေးများ မြန်မာနိုင်ငံသို့ မတ်လအတွင်း ရောက်ရှိမည်ဖြစ်ပြီး လက်ရှိအဖွဲ့ဝင် နိုင်ငံပေါင်း ၄၆ နိုင်ငံသို့ Pfizer ကာကွယ်ဆေးများ ဖြန့်ဖြူးနေပြီဖြစ်သည်ဟု နိုင်ငံတကာမီဒီယာများတွင် ဖော်ပြထားသည်။
COVAX အဖွဲ့ဝင်နိုင်ငံပေါင်း ၁၉၀ အနက် မြန်မာနိုင်ငံသည် ဖွွံ့ဖြိုးမှုအလယ်အလတ်နှင့် ဖွံ့ဖြိုးမှုလိုအပ်သည့် တိုင်းပြည် ၉၂ နိုင်ငံတွင် ပါဝင်ကြောင်း၊ လက်ရှိ COVAX အဖွဲ့က တိုင်းပြည် ၄၆ နိုင်ငံကို Pfizer ကာကွယ်ဆေးများ ဖြန့်ဖြူးလျက်ရှိပြီး ယင်းတို့အနက် ဖွံ့ဖြိုးပြီးတိုင်းပြည် ၃၆ နိုင်ငံနှင့် ဖွံ့ဖြိုးမှု အလယ်အလတ်ရှိသည့် တိုင်းပြည်ခြောက်နိုင်ငံ ပါဝင်ကြောင်းနှင့် မြန်မာနိုင်ငံသို့ ယခုနှစ် မတ်လအတွင်း ရောက်ရှိမည်ဖြစ်ကြောင်း သိရသည်။
“Covax အဖွဲ့ဝင်နိုင်ငံဖြစ်တဲ့အတွက်ကြောင့်မို့ Covax အဖွဲ့ဝင် နိုင်ငံတွေကနေရမယ့် ကာကွယ်ဆေးသည် ဘယ်ကာကွယ်ဆေး ဖြစ်မလဲဆိုတာတော့ အခုလောလောဆယ်အရတော့ WHO က နေသူတို့ရဲ့ အရေးပေါ်အသုံးပြုခွင့် List ထဲမှာ ပါဝင်တဲ့ ကာကွယ်ဆေးသည် Pfizer နဲ့ BioNTech က ထုတ်တဲ့ ကာကွယ်ဆေးပဲဖြစ်ပါတယ်။ Oxford ကာကွယ်ဆေးတွေ။ ဒါတွေကိုလည်း အရေးပေါ် အသုံးပြုခွင့် List ထဲ ပါဝင်ဖို့အတွက် အထောက်အထားအချက်အလက်တွေ လာတင်ဖို့အတွက် WHO က ဖိတ်ခေါ်ထားတာ ရှိပါတယ်။ WHO ရဲ့ ညွှန်ကြားရေးမှူးချုပ်က ပြီးခဲ့တဲ့ ရက်ပိုင်းက ပြောထားတဲ့မိန့်ခွန်းမှာလည်းပဲ ၂၀၂၁ ရက် ၁၀၀ စီမံကိန်းဆိုတာရှိပါတယ်။ ရက် ၁၀၀ ဆိုတာ ဒီ ၂၀၂၁ ရက် ၁၀၀ အတွင်းပေါ့။ ရက် ၁၀၀ အတွင်းကို ရှင်းရှင်းပြောရရင် ဧပြီ ၁၀ ရက် အထိပေါ့နော်။ ရက် ၁၀၀ အတွင်းမှာပဲ Covax အဖွဲ့ဝင် နိုင်ငံတွေကို ကာကွယ်ဆေးတွေ ပေးပို့ဖို့ လုပ်သွားမယ်လို့ ပြောထားတာ ရှိပါတယ်။ တိတိကျကျ ပြောမယ်ဆိုရင် ရက် ၁၀၀ ပေမယ်လို့ ဧပြီ ၁၀ ရက်အထိ မရောက်ပါဘူး။ ဧပြီ ၇ ရက်နေ့ ကမ္ဘာ့ကျန်းမာရေးနေ့ မတိုင်ခင်မှာ ဆေးထိုးနှံမှုတွေ လုပ်ဆောင်သွားမယ်ဆိုတာ Media Conference မှာ ပြောထားပြီးဖြစ်ပါတယ်။ ဒါဆိုရင် ၂၀၂၁ သုံးလပိုင်း ရက် ၁၀၀ အတွင်းမှာတော့ ကာကွယ်ဆေးတွေ ရောက်ရှိမှာ ဖြစ်ပါတယ်” ဟု ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက ပြောကြားသည်။
ဇန်နဝါရီ ၂၆ ရက်က ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ COVID-19 ကာကွယ်ဆေး နှစ်သန်း ဖေဖော်ဝါရီလ ပထမသီတင်းပတ်တွင် ထပ်မံရောက်ရှိမည်ဖြစ်ပြီး နိုင်ငံတစ်ဝန်းမှပြည်သူများကို ဖေဖော်ဝါရီ ၅ ရက်တွင် စတင်ထိုးနှံပေးမည်ဟု ထုတ်ပြန်ထားသည်။
နိုင်ငံတော်ဘဏ္ဍာငွေဖြင့် COVISHIELD/AstraZeneca ကာကွယ်ဆေးအကြိမ် (dose) အရေအတွက်သန်း ၃၀ ဝယ်ယူထားပြီးဖြစ်ကာ ဖေဖော်ဝါရီလ ပထမပတ်အတွင်း ကာကွယ်ဆေးအကြိမ် ရေနှစ်သန်းခန့် ကနဦးရောက်ရှိလာမည်ဖြစ်ပြီး COVAX facility မှ ကာကွယ်ဆေးများသည် မတ်လတွင် စတင်၍လည်းကောင်း၊ နိုင်ငံတော်ဘဏ္ဍာငွေဖြင့် ဝယ်ယူထားသော ကာကွယ်ဆေးများသည် ဧပြီလတွင်လည်းကောင်း လစဉ် အသုတ်လိုက် ဆက်လက်ရရှိသွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။
နိုင်ငံတစ်ဝန်း COVID-19 ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းကို ဖေဖော်ဝါရီ ၅ ရက်တွင် စတင်ဆောင်ရွက်သွားမည်ဖြစ်ပြီး ပြည်ထောင်စုအဆင့်၊ တိုင်းဒေသကြီး/ ပြည်နယ်အဆင့် အစိုးရအဖွဲ့ဝင်များလည်း ပြည်သူများနှင့်အတူ စတင်ထိုးနှံသွားမည်ဖြစ်သည်ဟု သိရသည်။
နိုင်ငံတစ်ဝန်း COVID-19 ကာကွယ်ဆေးထိုးနှံရာတွင် မိမိအိမ်တွင် နေထိုင်ရေး အစီအစဉ် (Stay at Home) တွင် အကျုံးဝင်သောမြို့နယ်များ၌ နေထိုင်ပြီး အသက်ကြီးသူများ၊ အခြားရောဂါအခံရှိသူများနှင့် ရောဂါ ရရှိမှုလွယ်သော လူအုပ်စုများကို ဦးစားပေးထိုးနှံသွားမည်ဖြစ်ကြောင်းနှင့် ဆက်လက်၍ ကာကွယ်ဆေးရရှိမှု အရေအတွက်အပေါ် မူတည်၍ Stay at Home အစီအစဉ်တွင် အကျုံးဝင်သော မြို့နယ်များအနက် ကူးစက်ဖြစ်ပွားမှုများပြားသော မြို့နယ်များ၊ နေရာဒေသများကို ဦးစားပေးရွေးချယ်ထိုးနှံသွားမည်ဟုလည်း ဖော်ပြထားသည်။
မြန်မာနိုင်ငံသည် COVID-19 ကာကွယ်ဆေးရရှိရန် COVAX facility သို့ အဆိုပြုခြင်း၊ နိုင်ငံတော် အစိုးရဘဏ္ဍာငွေဖြင့် ဝယ်ယူခြင်း၊ နိုင်ငံအစိုးရအချင်းချင်း ချစ်ကြည်ရေးအစီအစဉ်ဖြင့် လက်ခံရရှိခြင်း စသည့်နည်းလမ်းများဖြင့် အရည်အသွေး မြင့်မား၍ လုံခြုံစိတ်ချရသော ကာကွယ်ဆေးများရရှိရန် ကြိုးပမ်းခဲ့ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။
လက်ရှိ မြန်မာနိုင်ငံ၌ အရေးပေါ်အခြေအနေတွင် အသုံးပြုရန်အတွက် COVID-19 ကာကွယ်ဆေး တစ်မျိုးဖြစ်သည့် COVISHIELD/AstraZeneca ကာကွယ်ဆေးကို လတ်တလော တရားဝင်ခွင့်ပြုထားပြီး ယင်းကာကွယ်ဆေးကို အသက် ၁၈ နှစ်နှင့်အထက် လူကြီးများအတွက်သာ အသုံးပြုခွင့်ပြုထားသည်။
ပြည်သူများကို စတင်ထိုးနှံရာတွင် အိပ်ချ်အိုင်ဗွီ၊ ကင်ဆာရောဂါများနှင့် ခုခံအားစနစ်ရောဂါကုထုံးများ ခံယူနေရသူများကို ရောဂါအခြေအနေ ထိန်းချုပ်ထားနိုင်မှုအပေါ် မူတည်၍ COVID-19 ကာကွယ်ဆေးထိုးနှံပေးမည်ဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ရောဂါနှိမ်နင်းရေးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန္တာလွင်က ပြောကြားသည်။
“ သတိထားပြီး ကာကွယ်ဆေး ထိုးပေးရမယ့် လူအုပ်စုလည်းရှိပါတယ်။ ဒါက အိပ်ချ်အိုင်ဗွီပိုး ကူးစက်ခံထားရခြင်း သို့မဟုတ် ကင်ဆာရောဂါ သို့မဟုတ် ကိုယ်ခံအားစနစ်ကို ထိန်းချုပ်တဲ့ဆေးဝါး သို့မဟုတ် ရောဂါကုထုံးတွေ ခံယူနေရတဲ့သူတွေရှိခဲ့မယ်ဆိုရင် ကာကွယ်ဆေးထိုးပြီးနောက် ကိုယ်ခံအား တုံ့ပြန်မှု အားနည်းမှုရှိနေနိုင်တယ်။ သွေးမတိတ်သောရောဂါ၊ သွေးကျဲဆေးတွေ သောက်သုံးနေတဲ့ သူတွေဖြစ်မယ်ဆိုရင် ဆေးထိုးပြီးတဲ့အခါ သွေးထွက်တဲ့ အနေအထားမျိုးတွေ ရှိလာနိုင်ပါတယ်။ ယာယီအားဖြင့် ဆေးထိုးပြီးတဲ့အခါမှာ သတိထားပြီး ဆောင်ရွက်ရမယ့်ကိစ္စအဖြစ် သတ်မှတ်ထားတဲ့အချက်တွေက COVID-19 ဓာတ်ခွဲ အတည်ပြုလူနာ သို့မဟုတ် COVID-19 သံသယလူနာဖြစ်ခဲ့ရင် ၁၄ ရက်စောင့်ပြီး ထိုးရမှာ ဖြစ်ပါတယ်။ အိပ်ချ်အိုင်ဗွီပိုးကူးစက်ခံရခြင်း သို့မဟုတ် ကင်ဆာရောဂါ သို့မဟုတ် ခုခံအားစနစ်ကို ထိန်းချုပ်တဲ့ ဆေးဝါး သို့မဟုတ် ရောဂါကုထုံးတွေ ခံယူနေရတဲ့သူတွေဆိုရင် သတိထားပြီး သူတို့ရောဂါအခြေအနေကို ထိန်းချုပ်ထားနိုင်တဲ့ အခြေအနေမျိုးရှိမှသာ ထိုးပေးမှာ ဖြစ်ပါတယ်” ဟု ဒေါက်တာသန္တာလွင်က ပြောကြားသည်။
နိုင်ငံအစိုးရအနေဖြင့် အိန္ဒိယမှ COVID ကာကွယ်ဆေးများ ဝယ်ယူရန်အတွက်လည်း စီစဉ်ထားပြီး ဖြစ်သကဲ့သို့ ပြည်သူများ ထိုးနှံနိုင်ရန် ရပ်ကွက်များ၌ စာရင်းကောက်ယူမှုများလည်း လုပ်ဆောင်လျက်ရှိသည်။ ယခုအခြေအနေတွင်အများ ပြည်သူအကြား COVID ကာကွယ်ဆေးနှင့်ပတ်သက်၍ သိလိုသော အကြောင်းအရာများ၊ စိုးရိမ်မှုများလည်း ရှိနေသည်။
ဖေဖော်ဝါရီ ၅ ရက်မှစ၍ တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့် အစိုးရအဖွဲ့ဝင်များနှင့်အတူ ပြည်သူများကို စတင်ထိုးနှံမည်ဖြစ်ပြီး Stay at Home မြို့နယ်များမှ အသက်ကြီးသူများ၊ အခြားရောဂါအခံရှိသူများနှင့် ရောဂါရရှိလွယ်သော လူအုပ်စုများကို ကာကွယ်ဆေးရရှိမှု အပေါ်မူတည်၍ ဦးစားပေးရန်လည်း ရှိနေသည်။
သန်း ၅၀ ကျော်သော ပြည်သူများအနေဖြင့် COVID ကာကွယ်ဆေးကို လျင်လျင်မြန်မြန်ဖြင့် အချိန်တိုအတွင်း ထိုးနှံနိုင်ရန် မလွယ်ကူသေး၍ COVID-19 ကို ထိန်းချုပ်နိုင်ရန် ပြည်သူများအနေဖြင့် ပေါ့ဆ၍မရဘဲ ချမှတ်ထားသော ကျန်းမာရေးဆိုင်ရာ စည်းကမ်းများ ကိုလိုက်နာရန်လည်း အထူးအရေးကြီးပေသည်။











