
“အဖမ်းခံရတော့ အိမ်ကသမီးနှစ်ယောက်အတွက် စိတ်ပူတာပေါ့။ လူတွေပြောနေကြတာ နှစ်တွေအများကြီး ကျမှာဆိုပြီး ပြောနေတော့ စိတ်ပူတာပေါ့”
၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ ၂၈ ရက်တွင် ဒေါ်လှလှဌေး၏နေအိမ်၌ မူးယစ်ဆေးဝါးတွေ့ရှိမှုနှင့် ရဲတပ်ဖွဲ့က ဒေါ်လှလှဌေးကို ဖမ်းသွားခဲ့သည်။ ထိုသို့ဖမ်းဆီးသွားပြီးနောက် ဒေါ်လှလှဌေးကို ထောင်ချောက်ဆင်ခြင်းဖြစ်သည်ဟု သတင်းများထွက်ပေါ်ခဲ့သည်။ ထို့နောက် ဒေါ်လှလှဌေးသည် အချုပ်ခန်းထဲတွင် တစ်လခန့် နေခဲ့ရပြီး ဇန်နဝါရီ ၂၆ ရက်တွင် သက်သေမခိုင်လုံဘဲ တရားရုံးတင်၍ မရသည့်အတွက် ပြန်လွှတ်ပေးခဲ့သည်။ ထိုဖြစ်စဉ်နှင့်ပတ်သက်ပြီး ကာယကံရှင် ဒေါ်လှလှဌေးအား မေးမြန်းထားမှုကို ဖော်ပြပေးလိုက်ပါသည်။
မေး - အန်တီနာမည်နဲ့ မိသားစုဝင်ဘယ်နှဦးရှိလဲဆိုတာရယ်။ ဘာလုပ်ငန်းလုပ်ကိုင်လဲဆိုတာ ပြောပြပေးပါဦး။
ဖြေ - အန်တီနာမည်ကတော့ ဒေါ်လှလှဌေး ပါ။ မိသားစုဝင်လေးဦးရှိပါတယ်။ မီးသွေးလုပ်ငန်းလုပ်ကိုင်ပါတယ်။
မေး - မူးယစ်ဆေးဝါးနဲ့ အဖမ်းခံရတဲ့အကြောင်းကို ပြောပြပေးပါဦး။
ဖြေ - မူးယစ်ဆေးဝါးဖမ်းခံရတာတော့ ကျွန်မတို့က သူတို့ဆီက ငွေတိုး ၁၅ သိန်း ချေးထားတယ်။ ငါးသိန်းသုံးခါချေးတာ ၁၅ သိန်းပေါ့။ တစ်နေ့ကို ၄၅၀၀၀ ဆပ်ရတယ်။ အဲဒါကို ကိုးလပိုင်းကနေ စဆပ်တယ်။ ကိုးလ၊ ၁၀ လ၊ ၁၁ လနဲ့ ၁၂ လပိုင်း ၁၀ ရက်ထိ ပေးရတယ်။ ပေးရတော့နောက်ပိုင်းမှာ စီးပွားရေးကလည်း အခြေအနေမကောင်း၊ မီးသွေးကလည်း အရင်းပြုတ်သွားတော့ သူတို့ကို တစ်လကို နှစ်သိန်းစီယူပါ။ အတိုးမယူပါနဲ့တော့လို့ ပြောတယ်။ အဲဒီနေ့ကတည်းက သူတို့က ခြိမ်းခြောက်တာပေါ့။ မပေးရင် လူမိုက်ငှားပြီး သတ်ခိုင်းမယ်လို့ ဘာတို့ဆိုပြီး ခြိမ်းခြောက်တယ်ပေါ့။ နောက်ပိုင်း ညှိတယ်မရဘူး။ အိမ်ကသမီးလေးကလည်း သူတို့ပြောတာတွေကို အသံဖိုင်တွေလုပ်ထားတယ်။ အဲဒါကနေပြီး ၂၇ ရက် မနက် ၉ နာရီလောက်မှာ သူတို့လင်မယားနှစ်ယောက်က အိမ်ကိုလာတယ်။ လာပြီးတော့ ဒီနေ့တော့ ထားလိုက်တော့ မနက်ဖြန်နေ့ခင်းကျရင် ၄၅၀၀၀ လာယူမယ်ပေါ့။ မပေးရင် သူတို့အကြောင်းသိမယ်ဆိုပြီး ထပ်ခြိမ်းခြောက်တယ်။ ခြိမ်းခြောက်တော့ တစ်နေ့ကို ၄၅၀၀၀ တော့မပေးနိုင်ဘူး။ တစ်လကို နှစ်သိန်းနဲ့တော့ အရင်းကျေအောင် ဆပ်သွားမယ်လို့ ပြောလိုက်တယ်။ အဲဒါကို သူတို့ညှိမရဘဲ ပြန်သွားတယ်။ နောက်နေ့ ၂၈ ရက်နေ့ကျတော့ အိမ်ကိုလာတယ်။ လာပြီး သူ့ယောကျ်ားက ဘောင်းဘီအတိုဝတ်လာတယ်။ ဘောင်းဘီအိတ်ထဲက ဆေးလိပ်ဘူးထုတ်ပြီး ဆေးလိပ်တစ်လိပ်သောက်လိုက်တယ်။ ထည့်ပြီးတော့ သူတို့က ဘောင်ပေါ်ကိုတင်ဖို့ မလစ်ဘူး။ မလစ်တော့ သူ့မိန်းမက အထဲမှာ စကားပြောမယ်ဆိုပြီးထိုင်တော့ သူ့ယောကျ်ားက တင်လိုက်တယ်။ တင်လိုက်တာကို သမီးက မြင်လိုက်တယ်။ သမီးကဆေးလိပ်ဘူးကို အခွန်ပဲ တင်လိုက်တယ်ထင်တာ။ သူ့ယောကျ်ား ကို ၄၅၀၀၀ မပေးမချင်းစောင့်နေဆိုပြီး သူက အပြင်ပြန်ထွက်သွားတယ်။ ထွက်သွားပြီးတော့ သူ့ယောကျ်ား နောက်ပိုင်းပြန်ထွက်သွားတယ်။ ထွက်ပြီးတော့ ညနေမှာ ရဲတွေရောက်လာတယ်။ ရောက်လာပြီးတော့ ကျွန်မနာမည်ကိုပြောပြီး အစ်မကိုတိုင်ထားလို့ ရှာစရာလေးရှိလို့ပါဆိုပြီး အိမ်ထဲကို ခေါ်လာတယ်။ ရှာတော့လည်း အိမ်ထဲကို ရှာတာမဟုတ်ဘူး။ ခြံအဝင်ဝလေးကိုပဲ ရှာတယ်။ ဒီအချိန်ထိလည်း ဘာလာရှာတာလဲ၊ ဘာလာဖမ်းတာလဲဆိုတာ မပြောဘူး။ ပြီးတော့ အဲဒီထဲကလူတစ်ယောက်က တွေ့ပြီဆိုပြီး ဆေးလိပ်ဘူးကို ပြတယ်။ ရဲတွေက အစ်မကို မူးယစ်ဆေးဝါးနဲ့ပတ်သက်ပြီး တိုင်ထားလို့ဆိုပြီး လာဖမ်းတာပါဆိုပြီးပြောတယ်။ အဲဒီမှာကျွန်မကလည်း မူးယစ်ဆေးဝါးမရောင်းဘူးဆိုပြီး အော်တာပေါ့။ ရပ်ကွက်ကလူတွေကိုခေါ်လိုက်တယ်။ ရပ်ကွက်ကတော့ မဟုတ်ဘူး ပြောပေမဲ့လည်း မဟုတ်ဘူးတဲ့ တိုင်စာအရ ဖမ်းတာဆိုပြီး ဖမ်းခေါ်သွားတယ်။ အချုပ်ခန်းထဲမှာ တစ်လနေခဲ့ရတယ်။ ထောင်ဖမ်းတာလို့ ပြောလို့ရတယ်။ သူတို့လည်း အဲဒီလင်မယား နှစ်ယောက်ကို လိုက်ဖမ်းနေတယ်။
မေး - အန်တီအနေနဲ့ ခုလိုမူးယစ်ဆေးဝါးမိလို့ဖမ်းခံရတဲ့အပေါ်မှာ ဘယ်လိုခံစားချက်ဖြစ်ပေါ်လဲ။ ပြောပြပေးပါဦး။
ဖြေ - ခံစားချက်ကတော့ အိမ်မှာလည်း သမီးလေးက နှစ်ယောက်ပဲရှိတာလေ။ ပြီးတော့ ဒါကလည်း လူတွေကပြောပြောနေကြတာ နှစ်တွေအများကြီးကျမှာဆိုတော့ နောက်ကလိုက်လုပ်ပေးနေတာ မသိသေးဘူးလေ။ နှစ်အများကြီးကျမယ်ဆိုတော့ သမီးလေးတွေအတွက် စိတ်ပူတာပေါ့။ အိမ်မှာလည်း အဆင်မပြေဘူး။ တစ်နေ့လုပ်မှ တစ်နေ့စားရတာဆိုတော့ စားဝတ်နေရေးမှ အဆင်ပြေမလားပေါ့။ ကိုယ်အချုပ်ခန်းထဲမှာ နေရတဲ့နှစ်ထက် အိမ်ကကလေးတွေ တစ်ခုခုဖြစ်မှာစိုးတယ်။ သူတို့ဖမ်းသွားတဲ့ ဒီတစ်လကလည်း စားလည်းမစားနိုင် အိပ်လည်းမအိပ်နိုင်ဘူး။ နေ့ရှိသမျှ အပူသောကနဲ့ နေနေရတာ။ သူတို့လွှတ်ပေးလိုက်တယ်ဆိုတော့မှပဲ ဝမ်းသာသွားတာပေါ့။
မေး - ခုပြန်လွှတ်လာတာကရော စခန်းက ဘယ်လိုကြောင့် ပြန်လွှတ်ပေးလိုက်တာလည်းဆိုတာ ပြောပြပေးပါဦး။
ဖြေ - စခန်းက ပြောတာတော့ သူတို့ဥပဒေအကြံပေးကနေပြီးတော့ တရားရုံးကို ၂၈ ရက် မှာ ရမန်ယူရမှာတဲ့။ သူတို့ရှင်းပြတာတော့ ရမန်ယူပြီး မလွှတ်ဘူးဆိုရင်တော့ အင်းစိန်သွားပေါ့။ အဲဒီတော့ ဥပဒေအကြံပေးရုံးကနေပြီး ဒီစာကိုကျလာတော့ ဒီအမှုက မမြောက်ဘူးပေါ့နော်။ မမြောက်တဲ့အတွက် တရားရုံးကို တင်လို့မရဘူးပေါ့ဆိုပြီးပြောတယ်။ တင်လို့မရတဲ့ အမှုဖြစ်တဲ့အတွက် ဒီတိုင်းပဲပြန်ရမယ်လို့ပြောတယ်။ ဘာကြောင့်လဲဆိုတာတော့ မပြောဘူး။ လက်မှတ်လည်း မထိုးခိုင်းဘူး။ အဲဒီလင်မယားနှစ်ယောက်ကိုတော့ စခန်းကလိုက်ဖမ်းနေတယ်။ သူတို့မိသွားရင်တော့ အန်တီကို သက်သေအဖြစ်နဲ့ တွေ့မယ်ဆိုပြီးတော့ပြောတယ်။ သေချာအတိအကျတော့ မပြောလိုက်ဘူး။
မေး - အချုပ်ခန်းထဲမှာနေတဲ့ တစ်လအတွင်းမှာရော ဘယ်လိုအခက်အခဲတွေ ခံစားခဲ့ရလဲဆိုတာ ပြောပြပေးပါဦး။
ဖြေ - အခက်အခဲတွေကတော့ ပထမတော့ သာမန်အချုပ်သားလိုထားတယ်။ နောက်ပိုင်းကျတော့ ဒီအမှုက လုပ်ကြံခံရတဲ့အမှုဖြစ်တော့ရဲတွေက ခဏခဏစစ်နေတယ်။ ဖြစ်သလိုတော့ မထားပါဘူး။ လာပြီးတော့ ဘာအကူအညီလိုလည်းဆိုပြီး မေးကြတယ်။ နောက်ပိုင်းတော့ ပစ်မထားတော့ဘူးပေါ့။ စခန်းမှူးကအစ ရဲတွေအကုန်လုံး လာမေးကြပါတယ်။
မေး - ခုလိုပြန်လွှတ်လာတဲ့အပေါ်မှာရော အန်တီအနေနဲ့ ခံစားချက်လေးပြောပြပေးပါဦး။
ဖြေ - ပြန်လွှတ်လာတာ ဝမ်းသာတာပေါ့။ ရပ်ကွက်ကရော၊ ဝန်ကြီးတွေကရော အကုန်လုံးကူညီတော့ ဝမ်းသာတာပေါ့။ ဒီလိုတွေကူညီပေးလို့လည်း အမှုမှန်ပေါ်လာတာပါ။ ဒီလိုမျိုးဒုက္ခရောက်နေတာက လွှတ်လာတာဆိုတော့ ဝမ်းသာတယ်။
မေး - ခုလက်ရှိ မိသားစု စားဝတ်နေရေးရော အဆင်ပြေလားဆိုတာ ပြောပြပေးပါဦး။
ဖြေ - စားဝတ်နေရေးက အရောင်းအဝယ်ကလည်း အရင်းကပြုတ်သွားတော့ မပြေဘူး။ နောက်ရောဂါတွေနဲ့ဆိုတော့ မီးသွေးလည်းမတင်နိုင်တော့ဘူး။ ရှာလို့ဖွေလို့က မလွယ်ဘူး။ စောစောက လူ့အခွင့်အရေးကော်မရှင်က လာထောက်ပံ့သွားတယ်။
မေး - နောက်ဆုံးအနေနဲ့ ဖြည့်စွက်ပြီး ဘာများပြောဦးမလဲ။
ဖြေ - နောက်ဆုံးအနေနဲ့ကတော့ မိသားစုကို ဒီလိုစည်းစည်းလုံးလုံးပြန်ဖြစ်အောင် လုပ်ပေးတဲ့သူအကုန်လုံးကို ကျေးဇူးတင်တယ်။ အကုန်လုံးလုပ်ပေးလို့ ဒီအမှုမှန်ပေါ်တာ။ နောင်ဆိုလည်း သူတို့ဆီမှာချေးထားတဲ့ အတိုးသမားတွေအများကြီးပဲလေ။ ဒီလိုလူတွေကို ဒုက္ခမပေးရဲတော့ဘူးပေါ့။ ကျွန်မကိုဒုက္ခပေးလို့ အောင်မြင်သွားရင် သူတို့နောက်လူတွေကိုလည်း ဒီလိုပဲလုပ်တော့မှာ။ ခုတော့ ဒီလိုမျိုးမဖြစ်တော့ဘူးဆိုတော့ ဝမ်းသာတယ်။