အာဏာမသိမ်းဟုမှတ်ယူ၍မရကြောင်း တပ်မတော်ဘက်က ပြောကြားမှုနှင့်ပတ်သက်၍ ၎င်းအားမေးမြန်းခြင်းမပြုရန်နှင့် ဥပဒေအတိုင်း ဆောင်ရွက်နေခြင်းဖြစ်ကြောင်း NLD ပါတီ ဒုတိယဥက္ကဋ္ဌ (၂) ပြောကြား

အာဏာမသိမ်းဟုမှတ်ယူ၍မရကြောင်း တပ်မတော်ဘက်က ပြောကြားမှုနှင့်ပတ်သက်၍ ၎င်းအားမေးမြန်းခြင်းမပြုရန်နှင့် ဥပဒေအတိုင်း ဆောင်ရွက်နေခြင်းဖြစ်ကြောင်း NLD ပါတီ ဒုတိယဥက္ကဋ္ဌ (၂) ပြောကြား
Published 27 January 2021
မင်းသန့်

အာဏာမသိမ်းဟု မှတ်ယူ၍မရကြောင်း တပ်မတော်ဘက်ကပြောကြားမှုနှင့် ပတ်သက်၍ ၎င်းအားမေးမြန်းခြင်းမပြုရန်နှင့် ဥပဒေအတိုင်းဆောင်ရွက်နေခြင်းဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ဒုတိယဥက္ကဋ္ဌ (၂) ဒေါက်တာဇော်မြင့်မောင်က ပြောကြားသည်။

ဇန်နဝါရီ ၂၇ ရက် မွန်းလွဲပိုင်းက မန္တလေးမြို့တော်ခန်းမတွင်ပြုလုပ်သော COVID-19 ကာကွယ်ဆေး စတင်ထိုးနှံခြင်းအခမ်းအနား၌ လာရောက်ကြည့်ရှုခဲ့သည့် NLD ပါတီဒုတိယဥက္ကဋ္ဌ (၂)၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်အား သတင်းမီဒီယာများက တပ်မတော်က အာဏာမသိမ်းဟုမှတ်ယူ၍မရကြောင်း မှတ်ချက်ပြု ပြောကြားထားမှုနှင့်ပတ်သက်၍ မေးမြန်းရာတွင် အထက်ပါအတိုင်း ဖြေကြားခဲ့ခြင်းဖြစ်သည်။

“မမေးနဲ့ မမေးနဲ့။ ကျွန်တော်တို့ ဥပဒေအတိုင်းလုပ်နေတာ။ ခင်ဗျားတို့ အဲဒါတွေ မေးစရာအကြောင်းမရှိဘူး။ ဟုတ်လား ကျွန်တော့်ကို မေးစရာအကြောင်းမရှိဘူး” ဟု မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ပြောကြားသည်။

ဇန်နဝါရီ ၂၆ ရက်က နေပြည်တော်ရှိ တပ်မတော်စစ်သမိုင်းပြတိုက်၌ ကျင်းပသည့် တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့၏ သတင်းစာရှင်းလင်းပွဲတွင် ယင်းအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ရွေးကောက်ပွဲသည် လွတ်လပ်၍ တရားမျှတမှုနှင့်ပွင့်လင်းမြင်သာမှု ရှိ မရှိ ထောက်ပြနေခြင်းကို ဥပဒေနှင့်အညီ မဖြေရှင်းခြင်းသည် နိုင်ငံရေးအကျပ်အတည်းဖြစ်ကြောင်း၊ တပ်မတော်အနေဖြင့် အာဏာမသိမ်းဟုမှတ်ယူ၍ မရကြောင်း ထည့်သွင်းပြောကြားခဲ့သည်။