လွှတ်တော်ခေါ်ယူ ဖွဲ့စည်းရေးအား ဥပဒေအရ ဆောင်ရွက်နေခြင်းဖြစ်ပြီး နိုင်ငံရေး အကျပ်အတည်းဆိုသည်မှာ မည်သို့အဓိပ္ပါယ် ဖွင့်သနည်းဟု NLD ပါတီ ဒုတိယဥက္ကဋ္ဌ(၂) မေးခွန်းထုတ်

လွှတ်တော်ခေါ်ယူ ဖွဲ့စည်းရေးအား ဥပဒေအရ ဆောင်ရွက်နေခြင်းဖြစ်ပြီး နိုင်ငံရေး အကျပ်အတည်းဆိုသည်မှာ မည်သို့အဓိပ္ပါယ် ဖွင့်သနည်းဟု NLD ပါတီ ဒုတိယဥက္ကဋ္ဌ(၂) မေးခွန်းထုတ်
Published 25 January 2021
အောင်မင်းသိန်း

လွှတ်တော်ခေါ်ယူဖွဲ့စည်းရေးအား ဥပ ဒေအရဆောင်ရွက်နေခြင်းဖြစ်ပြီး နိုင်ငံရေး အကျပ်အတည်းဆိုသည်မှာ မည်သို့အဓိပ္ပါယ် ဖွင့်သနည်းဟုအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီ ဒုတိယဥက္ကဋ္ဌ(၂) ဒေါက်တာဇော်မြင့်မောင်က ပြောကြားသည်။

ဇန်နဝါရီ ၂၄ ရက်က နေပြည်တော်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါ တီ၏ ယာယီဌာနချုပ်(ရုံးခွဲ)တွင် ပါတီဗဟိုအ လုပ်အမှုဆောင်အစည်းအဝေးအပြီး၌ပြုလုပ်သည့် သတင်းစာရှင်းလင်းမှုတွင်ရွေးကောက်ပွဲရလဒ်နှင့်ပတ်သက်၍ ရွေးကောက် ပွဲ ကော်မရှင်နှင့် အစိုးရတို့က မဖြေရှင်းပါက နိုင်ငံရေးအကျပ်အတည်း ဖြစ်နိုင်သည်ဆိုသည့် ပြောဆိုမှုများအပေါ် မည်သို့ ပြောလို သနည်းဟု မေးမြန်းမှုအား အထက်ပါကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

ဒေါက်တာဇော်မြင့်မောင်က“ကျွန်တော် ပြောချင်တာကျွန်တော်တို့ဥပဒေအတိုင်းပဲ။လွှတ်တော်ခေါ်ယူဖွဲ့စည်းရေး ကျွန်တော်တို့ ဆောင်ရွက်နေတယ်။ ဒါကဘာလဲဆိုတော့ ကျွန်တော်တို့က အခြေခံဥပဒေပေးထားချက်နဲ့ လွှတ်တော်ရဲ့ဥပဒေ၊ ပြည်သူ့လွှတ် တော် ဥပဒေ၊ အမျိုးသားလွှတ်တော် ဥပဒေ နဲ့အရဆောင်ရွက်နေတာပါ။ ကျန်တဲ့အပိုင်းတွေကတော့ နိုင်ငံရေး အကျပ်အတည်းဆိုတာ ဘယ်လို အဓိပ္ပာယ်ဖွင့်သလဲတော့ မသိဘူး။ ဘယ်သူကဖွင့်ပေးမှာလဲ။ မဟုတ်ဘူးလား။ အဲတော့ကျွန်တော်တို့ကတော့ ကျွန်တော်တို့ကို ပေးထားတဲ့ ဟိုဟာတွေအရသွားမှာပါ။ ဘာမှဝေဖန်စရာမရှိဘူးနော်၊ သူတို့နဲ့ပတ်သက်ပြီး”ဟု ပြောကြားသည်။

ထို့ပြင်လာမည့်အစိုးရအဖွဲ့တွင်တိုင်ရင်းသားများအား နေရာပေးရန်ရှိ မရှိမှုနှင့် ပတ်သက်၍  ဒေါက်တာဇော်မြင့်မောင်က လာမည့် ပြည်ထောင်စုအစိုးရ အဖွဲ့တွင် တိုင်းရင်းသားများပါဝင်လာရန် မျှော်လင့်က ပြောကြားသည်။

“ဟုတ်တယ်၊ ကျွန်တော်တို့ ကိုယ်တိုင် လည်း ဟိုတနေ့ကလုပ်အားပေးဂုဏ်ပြုပွဲလေး တစ်ခုကိုသွားတော့ မီဒီယာသမားတွေကမေး ပါတယ်။တိုင်ရင်းသားတွေ ပြည်ထောင်စု အဆင့်မှာ တွေ့ရမလားဆိုပြီးမေးတယ်။ ကျွန် တော်ကိုယ်တိုင်ကဒါကိုမျှော်လင့်နေပါတယ် လို့ ဖြေလိုက်တယ်။ အခုလည်းကျွန်တော် ဒီ လိုပါပဲ၊ မျှော်လင့်တာပေါ့ဗျာ။ ဘာပဲပြော ပြောအရင်တုန်းကလည်းတိုင်း ရင်းသား တွေ ပေးတာပဲလေ။ ပွင့်ပွင့်လင်းလင်း ပြောရရင် အခက်အခဲလေးတစ်ခု ရှိလို့ မရခဲ့ကြတာပါ။ ဦးနိုင်သက်လွင်ဆိုရင် တိုင်းရင်းသားစစ်စစ်ပါပဲ။ အဲတော့ဒီတစ်ခေါက်ကတော့ အုပ်ချုပ်ရေးပိုင်း ရွေးချယ်မှုအ ပိုင်း တွေကတော့ တိုင်းရင်းသားတွေရွေးချယ်တယ်။ မရွေး ချယ်တယ်ဆိုတဲ့ဟာကတော့ အ ရင်ကထက် စာရင်တော့ အခွင့်အရေးပို ကောင်းတယ်လို့ ပြောချင်ပါတယ်” ဟုဒေါက်တာဇော်မြင့် မောင် က ပြောကြားသည်။

လာမည့်အစိုးရအဖွဲ့တွင် ပြည်ထောင်စုအဆင့်တွင် မည်သည့် ပုဂ္ဂိုလ်များ ပါဝင်လာ မည်ဆိုခြင်းအား ကြိုတင်ပြောရန် မရှိသေးဘဲ လက်ရှိတွင် လွှတ်တော်ခေါ်ယူကျင်းပနိုင်ရေးအတွက်သာ အာရုံစိုက်ထားကြောင်း ဒေါက်တာဇော်မြင့်မောင်က ပြောကြားသည်။

ဒေါက်တာဇော်မြင့်မောင်က “ကျွန် တော်တို့က အခုလောလောဆယ် လွှတ်တော် ၁ ရက်နေ့မှာ ကျွန်တော်တို့က ဒါက အခြေခံ ဥပဒေကပေးထားချက်အရ ဆောင်ရွက်ရတာကို။ ရွေးကောက်ပွဲအပြီး ဖြစ်တဲ့အချိန်မှာ ၂ လ အတွင်းမှာ ခေါ်ရမှာကို။ အဲတာကြောင့် မလို့ ကျွန်တော်တို့က ဒီကိစ္စရွေးကောက်ပွဲ အပေါ်မှာပဲ အာရုံစိုက်ထားတာပေါ့။ လွှတ်တော်ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌဘယ်သူတွေဖြစ်မလဲ ဆိုတာ အဲအပေါ်မှာပဲအာရုံစိုက်တယ်။ လွှတ် တော်ကိုယ်စားလှယ်တွေ တက်လာတဲ့အခါ COVID ကလည်း ကင်းရဦးမှာလေ။ သူတို့ အတွက် COVID စစ်တာတွေ ဘာတွေအခု ကျွန်တော်တို့လုပ်နေပြီ။ နောက်ပြီးတော့ သူတို့ရဲ့ COVID တင်မကဘူးပေါ့၊ အခုက ကန့်ကွက်ခံရတဲ့ ကိုယ်စားလှယ်တွေ ရှိတယ်။ အဲဒီကန့်ကွက်ခံရတဲ့ကိုယ်စားလှယ်တွေကလည်း ဒီအမှုအတွက်က ရှေ့နေတွေဘာတွေ ပါလာမှာ။ အဲဒီပြဿနာတွေအတွက်လည်း ကျွန်တော်တို့က ဆောင်ရွက်ပေးရမှာပေါ့” ဟု ပြောကြားသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီအနေဖြင့် ဥပဒေအတိုင်းဆောင်ရွက်နေ ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ၏ ပေးထားချက်၊ UEC ၏ ဥပဒေများအရ လွှတ်တော်ခေါ်ယူရေးအတွက် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း ဒေါက်တာဇော်မြင့်မောင်က ပြောကြားသည်။

ထို့ပြင်တပ်မတော်နှင့် ပြည်ခိုင်ဖြိုးပါတီ တို့မှလွှတ်တော်မတက်ဘူးဆိုသည့် သတင်း များထွက်ပေါ်နေခြင်းနှင့်ပတ်သက်၍ မေး မြန်းမှုအပေါ်ဒေါက်တာဇော်မြင့်မောင်က“ကျွန်တော်တို့ကတော့ ဥပဒေအရပဲ ကျွန်တော်တို့ Process တွေက ကျွန်တော် တို့က တော့ အကုန်လုပ်သွားမှာပဲ” ဟု ပြောကြားသည်။

 

Most Read

Most Recent