ကရင်ပြည်နယ် ဖာပွန်ခရိုင်၌ ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလကုန်ပိုင်းနှင့် ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်ခရိုင်တွင် ၂၀၂၁ ခုနှစ် ဇန်နဝါရီ တတိယပတ်တွင် တပ်မတော်နှင့် ကရင်အမျိုးသားအစည်းအရုံး (KNU) လက်အောက်ခံ ကရင်အမျိုးသားလွတ်မြောက်ရေးအဖွဲ့ (KNLA) တို့ ပစ်ခတ်မှုများ ဖြစ်ပွားခဲ့သည်။
ဖာပွန်ခရိုင်နှင့် ညောင်လေးပင်ခရိုင်တို့တွင် လက်ရှိအချိန်အထိ တပ်မတော်နှင့် KNLA တို့အကြား စစ်ရေးတင်းမာမှုများ ရှိနေဆဲဖြစ်သည်။
နှစ်ဖက် စစ်ရေးပဋိပက္ခနှင့် စစ်ရေးတင်းမာမှုများအကြားတွင် အရပ်သား သေဆုံးမှုများနှင့် ထိခိုက်ဒဏ်ရာရမှုများလည်း ရှိနေပြီး အရပ်သားသေဆုံးမှု ဖြစ်စဉ်အချို့နှင့် ပတ်သက်၍ နှစ်ဖက် အငြင်းပွားမှုများလည်း ရှိနေသည်။
ပြီးခဲ့သည့် ဇန်နဝါရီ ၁၉ ရက်တွင် ကျောက်ကြီးမြို့နယ် မူသဲကျေးရွာ၏ အရှေ့ဘက်တွင် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး အဆိုပါ ပစ်ခတ်မှုအတွင်း ကျောက်ကြီးမြို့ တောင်ငူတန်ရပ်ကွက်နေ အမျိုးသားနှစ်ဦးမှာ လက်နက်ငယ် ဒဏ်ရာများဖြင့် သေဆုံးခဲ့သည်။
ထိုသို့ အရပ်သားနှစ်ဦး သေဆုံးစေခဲ့သည့် အဆိုပါပစ်ခတ်မှုသည် KNU တပ်မဟာ (၅)၊ ပြည်သူ့စစ်တပ်ရင်း (၁) ၏ အကြောင်းမဲ့ ပစ်ခတ်မှုကြောင့် ဖြစ်ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဇန်နဝါရီ ၁၉ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။
အခြားတစ်ဖက်တွင်လည်း တပ်မတော် စစ်ကြောင်း၏ ပစ်ခတ်မှုကြောင့် အဆိုပါ အရပ်သားနှစ်ဦး သေဆုံးခဲ့ရခြင်း ဖြစ်ကြောင်း စွပ်စွဲမှုများ ရှိနေသည်။
KNU တပ်မဟာ (၅) အနေဖြင့် ယခုကဲ့သို့ အပြစ်မဲ့အရပ်သားများအား လက်နက်ဖြင့် ပစ်ခတ်သတ်ဖြတ်မှုသည် NCA စာချုပ်ပါ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် စစ်ဘက်ဆိုင်ရာကျင့်ဝတ်များ၊ Code of Conduct အခန်း (၃) ပါ ပြဋ္ဌာန်းချက်များကို ချိုးဖောက်ခဲ့ကြောင်း တွေ့ရှိရသည်ဟု တပ်မတော်၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။
ထို့ကြောင့် အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ပြည်နယ်အဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီနှင့် အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) သို့ ကန့်ကွက် အကြောင်းကြားသွားမည်ဟု တပ်မတော်က သတင်းထုတ်ပြန်ခဲ့သည်။
တပ်မတော်နှင့် NCA စာချုပ် လက်မှတ်ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း တစ်ခုဖြစ်သည့် KNU ၏ လက်အောက်ခံအဖွဲ့အစည်း တစ်ခုဖြစ်သော KNLA တို့အကြား ပဋိပက္ခများ ဖြစ်ပွားနေသော်လည်း ပဋိပက္ခဖြေရှင်းရေးအပိုင်းတွင် အခက်အခဲများ ရှိနေသည်။
အထူးသဖြင့် လက်နက်ကိုင်တပ်ဖွဲ့များအကြား ပဋိပက္ခဖြစ်ပွားရာတွင် အင်အားသုံး ဖြေရှင်းခြင်းမပြုဘဲ တွေ့ဆုံဆွေးနွေးသည့် နည်းလမ်းဖြင့် ဖြေရှင်းကြရန် NCA စာချုပ်တွင် ထည့်သွင်း ရေးဆွဲထားသော်လည်း လက်တွေ့မြေပြင်တွင်မူ အင်အားသုံး ဖြေရှင်းသည့်ပုံစံမျိုးသာ တွေ့မြင်နေရသည်။
ယခင် ဦးသိန်းစိန်အစိုးရ လက်ထက်တွင် အစိုးရနှင့် KNU ၊ RCSS တို့ အပါအဝင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းရှစ်ဖွဲ့တို့သည် ၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၅ ရက်၌ NCA စာချုပ်ကို လက်မှတ်ရေးထိုးခဲ့ကြသည်။
ထိုသို့ လက်မှတ်ရေးထိုးပြီးနောက် တပ်မတော်နှင့် KNU ၊ RCSS တို့အကြားတွင် နိုင်ငံရေးအရဖြစ်စေ၊ စစ်ရေးအရဖြစ်စေ ပဋိပက္ခများ ဖြစ်ပွားခဲ့သော်လည်း ပဋိပက္ခဖြေရှင်းရေးအပိုင်းတွင်မူ အားနည်းချက်များ ရှိနေသည့်အတွက် အင်အားသုံး ဖြေရှင်းခြင်းသာလျှင် နှစ်ဖက်လက်နက်ကိုင် တပ်ဖွဲ့ဝင်များအကြားတွင် အဓိကနေရာယူခဲ့သည်။
NCA စာချုပ် အခန်း (၃) တွင် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာကိစ္စများကို ထည့်သွင်းရေးဆွဲထားသည်။
NCA စာချုပ် အခန်း (၃) ပုဒ်မ ၅ (က) တွင် အပစ်ရပ်နယ်မြေအတွင်း တစ်ဖက်နှင့် တစ်ဖက်အကြား နယ်မြေစိုးမိုးမှု တပ်လှုပ်ရှားခြင်း၊ ကင်းထောက်ခြင်း၊ အင်အားတိုးချဲ့ခြင်း၊ လက်နက်ကိုင်တိုက်ခိုက်မှုများ၊ မိုင်းထောင်ခြင်းများ၊ အကြမ်းဖက်တိုက်ခိုက်မှုများ၊ ရုပ်ဝတ္ထုပစ္စည်းများ ဖျက်ဆီးခြင်းနှင့် ထိုးစစ်ဆင်ခြင်းများကို ရပ်ဆိုင်းရန် သဘောတူထားသည်။
ငြိမ်းချမ်းရေး တိုးတက်ဖြစ်ပေါ်မှုနှင့်အညီ နှစ်ဖက်တပ်များ ခင်းကျင်းထားသော မိုင်းများကို ရှင်းလင်းရန်နှင့် မိုင်းရှင်းလင်းရေး လုပ်ငန်းစဉ်များကို နိုင်ငံတော်အစိုးရနှင့် တစ်ဆင့်ချင်းညှိနှိုင်းပြီး ပူးပေါင်းဆောင်ရွက်သွားရန် NCA စာချုပ်အခန်း (၃) တွင် သဘောတူထားသည်။
ထို့ပြင် အပစ်ရပ်နယ်မြေအတွင်း တပ်ပိုင်းဆိုင်ရာ အုပ်ချုပ်မှုကိစ္စများကို နှစ်ဖက်ညှိနှိုင်း ဆောင်ရွက်ရမည်ဖြစ်ပြီး နှစ်ဖက် အောက်ခြေအဆင့်တွင် ဖြစ်ပေါ်သည့် ပဋိပက္ခများအား အင်အားအသုံးပြု၍ ဖြေရှင်းခြင်း မပြုလုပ်ရန်လည်း NCA စာချုပ် အခန်း (၃) တွင် သဘောတူထားသည်။
တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအကြား နှစ်ဖက်တိုက်ရိုက် ထိတွေ့မှုရှိသော နေရာများတွင် ထိတွေ့ပစ်ခတ်မှု မရှိစေရေးအတွက် စက်ဆက်သွယ်မှု၊ မြေပြင်ဆက်သွယ်မှုနှင့် အခြားဆက်သွယ်မှု နည်းလမ်းများရယူ၍ ချက်ချင်း ဆောင်ရွက်ရန် အဆိုပါအခန်းတွင် သဘောတူထားသည်။
နှစ်ဖက်တိုက်ရိုက် ထိတွေ့ရင်ဆိုင်မှုရှိသော နေရာများတွင် ထိတွေ့ပစ်ခတ်မှု မရှိစေရေးအတွက် တပ်စခန်းများ၏ အရေအတွက်ကို ညှိနှိုင်း အကောင်အထည်ဖော် ဆောင်ရွက်ရမည်ဖြစ်ပြီး တစ်ဖက်အဖွဲ့အစည်းက ထိန်းချုပ်ထားသော နယ်မြေအတွင်း လက်နက်ဖြင့် သွားလာရန် လိုအပ်လာပါက နှစ်ဖက် ညှိနှိုင်းသဘောတူညီချက်များဖြင့် သွားလာရန် NCA စာချုပ်တွင် သဘောတူထားသည်။
အရပ်သားများကို အကာအကွယ်ပေးခြင်းနှင့် စပ်လျဉ်း၍ ပြည်သူလူထုအား တစ်ဦးတစ်ယောက်၏ ဂုဏ်သိက္ခာကို ထိပါးစေသည့်လုပ်ရပ်၊ အကြမ်းဖက်ခြင်း၊ ဥပဒေမဲ့ ဖမ်းဆီးချုပ်နှောင်ခြင်း၊ ပြန်ပေးဆွဲခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်း၊ လူသားမဆန်စွာ ပြုမှုဆက်ဆံခြင်း၊ အကျဉ်းချခြင်း၊ သတ်ဖြတ်ခြင်းနှင့် ဖျောက်ဖျက်ခြင်း မလုပ်ရန် NCA စာချုပ် အခန်း (၃) တွင်ပင် ထည့်သွင်းပြဋ္ဌာန်းထားသည်။
ထို့ပြင် ဒေသခံပြည်သူများကို အဓမ္မ နေရပ်စွန့်ခွာစေခြင်း၊ ရွှေ့ပြောင်းစေခြင်း မပြုလုပ်ရန်၊ ပြည်သူလူထုထံမှ ငွေ၊ ပစ္စည်းဥစ္စာ၊ စားရေရိက္ခာ၊ လုပ်အားနှင့် ဝန်ဆောင်မှုများကို အဓမ္မတောင်းခံရယူခြင်း မပြုလုပ်ရန်လည်း အဆိုပါအခန်းတွင်ပင် ထည့်သွင်း ပြဋ္ဌာန်းထားသည်။
အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအကြား NCA စာချုပ် လက်မှတ်ရေးထိုးခဲ့သည်မှာ ငါးနှစ်ကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သော်လည်း NCA စာချုပ်ပါ အချက်များအား အကောင်အထည်ဖော်ရာတွင် အားနည်းချက်များ ရှိနေဆဲပင် ဖြစ်သည်။
အကျိုးဆက်အနေဖြင့် နှစ်ဖက် ပစ်ခတ်တိုက်ခိုက်မှုဆိုင်ရာ ကိစ္စရပ်များအား ဖြေရှင်းရာတွင် စိန်ခေါ်မှုများနှင့် ရင်ဆိုင်ရခြင်းပင် ဖြစ်သည်။
NCA စာချုပ်ကို လိုက်နာ ဆောင်ရွက်ရေးအတွက် ညှိနှိုင်းဆောင်ရွက်ပေးရန် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC) ပြည်ထောင်စုအဆင့်၊ ပြည်နယ်အဆင့်နှင့် တိုင်းဒေသကြီးအဆင့် စသည်ဖြင့် အဆင့်ဆင့် ဖွဲ့စည်းထားသည်။
အဆင့်ဆင့်သော JMC ၏ တာဝန်၊ လုပ်ပိုင်ခွင့်များနှင့် လုပ်ငန်းဆိုင်ရာ အခြေခံမူများကို NCA စာချုပ်တွင် ထည့်သွင်း ရေးဆွဲထားသည်။
နှစ်ဖက် သဘောတူထားသည့် တပ်နေရာ ပြန်လည်ချထားရေး အစီအစဉ်လက်တွေ့ အကောင်အထည်ဖော် ဆောင်ရွက်မှုကို စောင့်ကြည့်လေ့လာရေးသည် အဆင့်ဆင့်သော JMC ၏ လုပ်ငန်းတာဝန်များတွင် ပါဝင်သည်။
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး အခြေအနေ၊ NCA စာချုပ်၏ တပ်ပိုင်းဆိုင်ရာ ကိစ္စများ၊ စစ်ဘက်ဆိုင်ရာ ကျင့်ဝတ်များနှင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများအား ထိန်းသိမ်းလိုက်နာခြင်းနှင့် ပတ်သက်၍ စောင့်ကြည့် လေ့လာခြင်း၊ ပေါ်ပေါက်လာသော အငြင်းပွားမှုများအား ဖြေရှင်းရာတွင် ဘက်လိုက်မှုကင်းပြီး ပွင့်လင်းမြင်သာမှု အခြေခံဖြင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို အထောက်အကူပြုရေးသည်လည်း အဆင့်ဆင့်သော JMC ၏ လုပ်ငန်းတာဝန်များတွင် ပါဝင်သည်။
သို့သော်လည်း ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC) အဆင့်ဆင့်သည် ယေဘုယျအားဖြင့် ပဋိပက္ခဖြစ်စဉ်နှင့် ပတ်သက်၍ ပဋိပက္ခဖြစ်ပွားရာနေရာသို့ နယ်မြေကွင်းဆင်း စစ်ဆေးမှု ပြုလုပ်သော်လည်း အမှား၊ အမှန်ကို ဆုံးဖြတ်ရာတွင် အခက်အခဲရှိသည်ကို တွေ့ရသည်။
ထို့ကြောင့် တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအကြား ပဋိပက္ခများနှင့် ပတ်သက်၍ ဖြေရှင်းမှုအပိုင်းတွင် JMC ၏ အခန်းကဏ္ဍမှာ မှေးမှိန်နေဆဲပင် ဖြစ်သည်။
တပ်မတော်နှင့် NCA လက်မှတ် ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအကြား ပစ်ခတ်မှုများ ရှိနေသည့်အတွက် ပြီးခဲ့သည့်နှစ်က အစိုးရနှင့် NCA စာချုပ် လက်မှတ်ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများအကြားတွင် အပစ်အခတ်ရပ်စဲမှု ခိုင်မာရေးဆိုင်ရာ ညှိနှိုင်းရေးဟူသော ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲများ ပြုလုပ်ခဲ့ကြသည်။
အဆိုပါ ခေါင်းစဉ်ဖြင့် ပြုလုပ်သည့် ဆွေးနွေးပွဲများကို ၂၀၂၀ ပြည့်နှစ် ဇွန် ၂၂ ရက်တွင် နောက်ဆုံးပြုလုပ်ခဲ့ပြီး နောက်ပိုင်းတွင် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ကျင်းပနိုင်ရေးဆိုင်ရာ အစည်းအဝေးများနှင့် COVID-19 ရောဂါ အခြေအနေကြောင့် လက်ရှိအချိန်အထိ ဆက်လက်ပြုလုပ်နိုင်ခြင်း မရှိသေးပေ။
အဆိုပါ အစည်းအဝေးများတွင် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ခိုင်မာရေးအတွက် JMC အစည်းအဝေးများကို ပုံမှန်ကျင်းပခြင်းနှင့်အတူ NCA-SEAO တစ်ဖွဲ့ချင်းနှင့် Bilateral အစည်းအဝေးများကိုလည်း ပြိုင်တူကျင်းပရန် ဆွေးနွေးမှုများ ရှိခဲ့သည်။
NCA စာချုပ်တွင် လက်မှတ်ရေးထိုးထားသော်လည်း တပ်မတော်နှင့် NCA လက်မှတ် ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအကြား ပစ်ခတ်မှုများ ဆက်လက် ဖြစ်ပွားနေခြင်းသည် နယ်မြေသတ်မှတ်မှုနှင့် ပတ်သက်၍ ရှင်းရှင်းလင်းလင်း ဆောင်ရွက်မှုမရှိခြင်းသည် အဓိကအချက် တစ်ချက်အနေဖြင့် ပါဝင်ကြောင်း အပစ်အခတ်ရပ်စဲရေး ခိုင်မာရေးဆိုင်ရာ အစည်းအဝေးများသို့ ပါဝင်တက်ရောက် ဆွေးနွေးခဲ့သူ ပအိုးဝ်အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) မှ ဗိုလ်မှူးကြီး ခွန်အောင်မန်းက ပြောကြားသည်။
“ဘာလို့လဲဆိုတော့ အဲဒီလိုမျိုး ရှင်းရှင်းလင်းလင်း မရှိထားတဲ့ အခါကျတော့ ဘယ်သူက ဘယ်သူ့နယ်ကို ကျော်တာတို့ အဲဒီလိုမျိုးကျတော့ ဆုံးဖြတ်ရခက်တာပေါ့လေ။ အဲဒီအနေအထားမှာ ကျတော့ JMC အနေနဲ့ လည်း ရှင်းရှင်းလင်းလင်း မရှိတဲ့အခါကျတော့ ကိုင်တွယ်ဖြေရှင်းရတာလည်း ခက်တဲ့ အနေအထားမျိုးမှာ ရှိတာပေါ့”ဟု ဗိုလ်မှူးကြီး ခွန်အောင်မန်းက ပြောကြားသည်။
ဖာပွန်ခရိုင်အတွင်းရှိ KNU ထိန်းချုပ်နယ်မြေများတွင် တပ်မတော်နှင့် KNLA တို့အကြား မကြာခဏ ပစ်ခတ်မှုများ ဖြစ်ပွားတတ်ပြီး KNLA က ၎င်းတို့ ထိန်းချုပ်နယ်မြေအတွင်းရှိ တပ်မတော်၏ တပ်စခန်းများအား ပြောင်းရွှေ့ပေးရန် မကြာခဏ တောင်းဆိုနေသည်။
ဖာပွန်ခရိုင်အတွင်းရှိ တပ်မတော်၏ တပ်စခန်းများ ရုပ်သိမ်းပေးရေးကို ဦးတည်၍ ဒီဇင်ဘာလကုန်ပိုင်းနှင့် ယခုလ အစောပိုင်းကာလများတွင် ဒေသခံ အများအပြားကလည်း ဆန္ဒဖော်ထုတ် တောင်းဆိုခဲ့ကြသည်။
တပ်မတော်စစ်ကြောင်းများသည် ဖာပွန်ခရိုင်အတွင်း၌ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ခြင်း၊ ဒရုန်းများ စေလွှတ်၍ နယ်မြေစုံစမ်း ထောက်လှမ်းခြင်း၊ စစ်ရေးအရ အထောက်အကူပြုစေရန် လမ်းဖောက်လုပ်ခြင်းများ ပြုလုပ်နေသည်ဟု KNLA က ဝေဖန်သည်။
ထိုသို့သော တပ်မတော်စစ်ကြောင်း၏ စစ်ရေးဆိုင်ရာ လှုပ်ရှားမှုများကြောင့် တပ်မတော်နှင့် KNLA တို့အကြား တိုက်ပွဲများ ဖြစ်ပွားရပြီး အဆိုပါ တိုက်ပွဲများကြောင့် ဒေသခံများမှာ နေရပ်စွန့်ခွာ ထွက်ပြေးရကာ အတိဒုက္ခရောက်ရသည်ဟု ပဋိပက္ခဒေသအတွင်းရှိ ဒေသခံများနှင့် KNLA တို့က ပြစ်တင်ဝေဖန်ကြသည်။
ငြိမ်းချမ်းရေးနှင့် နယ်မြေအေးချမ်း တည်ငြိမ်ရေးကိုရှေးရှု၍ တပ်မတော်အနေဖြင့် ကျေးရွာအတွင်း ယခင်က စခန်းချ တပ်စွဲထားသည့် တပ်စခန်းများနှင့် ထပ်မံတိုးချဲ့ခဲ့သည့် တပ်စခန်းများအား ၂၀၂၀ ပြည့်နှစ် နှစ်အကုန်တွင် အပြီးတိုင် ရုပ်သိမ်းပေးရန် KNLA ဗဟိုစစ်ဌာနချုပ်က ကြေညာချက် ထုတ်ပြန်ကာ တောင်းဆိုထားသည်။
အဆိုပါ တောင်းဆိုချက်အပေါ် မလိုက်နာပါက နောက်ဆက်တွဲ ဖြစ်ပေါ်လာနိုင်သည့် ပြဿနာအရပ်ရပ်သည် အစိုးရနှင့် တပ်မတော်တို့၏ ငြိမ်းချမ်းရေး တည်ဆောက်မှုဆိုင်ရာ ပျက်ကွက်မှုသာ ဖြစ်ကြောင်းလည်း KNLA ဗဟိုစစ်ဌာနချုပ်က ကြေညာချက် ထုတ်ပြန်ခဲ့သည်။
စခန်းရွှေ့ပြောင်းရေးကိစ္စသည် အောက်ခြေအဆင့်တွင် ဆွေးနွေးဆုံးဖြတ်၍ရသည့် ကိစ္စမျိုးမဟုတ်ဘဲ နှစ်ဖက် ခေါင်းဆောင်များအကြား ဆွေးနွေးဆုံးဖြတ်ရမည့် ကိစ္စမျိုးဖြစ်ကြောင်း ဒီဇင်ဘာ ၃၀ ရက်က ပြုလုပ်ခဲ့သော တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့၏ သတင်းစာရှင်းလင်းပွဲတွင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
ထို့ကြောင့် စခန်းရွှေ့ပြောင်းရေးကိစ္စနှင့် ပတ်သက်၍ KNLA ၏ ဆောင်ရွက်မှုများသည် တပ်မတော်နှင့် KNU တို့ လက်တွဲ ဆောင်ရွက်နေသော ထာဝရငြိမ်းချမ်းရေး လုပ်ငန်းစဉ်များနှင့် သွေဖည်နေသည့်အတွက် လက်အောက် တပ်ဖွဲ့ဝင်များကို ထိန်းသိမ်းကြပ်မတ်ပေးရန် တပ်မတော်က KNU ထံ စာပေးပို့ထားသည်။
လက်ရှိတွင် တပ်မတော်နှင့် KNU တို့၏ပဋိပက္ခကို ဖြေရှင်းပေးရန်အတွက် အစိုးရဘက်တွင် အဆင်သင့်ရှိနေပြီး KNU ၏ တရားဝင် အကြောင်းပြန်ချက်ကို အစိုးရက စောင့်နေရသည်ဟု နားလည်ရသည်။
ထိုသို့ စောင့်နေသည့် အချိန်တွင်ပင် တပ်မတော်နှင့် KNLA တို့အကြား ပစ်ခတ်မှုများ ဆက်လက် ဖြစ်ပွားနေခဲ့ပြီး နှစ်ဖက် စစ်ရေးပဋိပက္ခအကြားတွင် အရပ်သားများလည်း သေဆုံးခြင်းများ၊ ထိခိုက်ဒဏ်ရာ ရရှိမှုများနှင့် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ရမှုများ ရှိနေသည်။
ထို့ကြောင့် ယခုကဲ့သို့ အရပ်သားများအပေါ် ဆိုးကျိုးသက်ရောက်မှု ကြီးမားသည့် တပ်မတော်နှင့် KNLA တို့ကြားမှ စစ်ရေးပဋိပက္ခသည် အမြန်ဆုံးတွေ့ဆုံ ဆွေးနွေး အဖြေရှာရမည့်ကိစ္စ ဖြစ်သည်။
ထိုသို့ ဆွေးနွေးရာတွင် အစိုးရ၊ တပ်မတော်နှင့် KNU ခေါင်းဆောင်များအကြား ဆွေးနွေးအဖြေရှာ ဖြေရှင်းရမည့်ကိစ္စ ဖြစ်သကဲ့သို့ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC) တွင်လည်း ဆွေးနွေးအဖြေရှာရမည့် ကိစ္စမျိုးဖြစ်သည်။
၂၀၁၈ ခုနှစ်တွင် အစိုးရ၊ တပ်မတော်နှင့် NCA စာချုပ် လက်မှတ်ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများအကြားတွင် နိုင်ငံရေးအယူအဆ ကွဲပြားမှုဖြစ်ပေါ်ခဲ့ပြီး ယင်း၏ အကျိုးဆက်အနေဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုင်ရာ တရားဝင်အစည်းအဝေးများမှာ တစ်နှစ်ခန့် ရပ်ဆိုင်းသွားခဲ့ရသည်။
အစိုးရ၊ တပ်မတော်နှင့် NCA စာချုပ် လက်မှတ်ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအကြား ပဋိပက္ခဖြေရှင်းခြင်းနှင့် ပတ်သက်၍ အစုအဖွဲ့အသီးသီးမှ ထိပ်သီး ခေါင်းဆောင်များ တက်ရောက်ခွင့်ရှိသည့် JICM အစည်းအဝေးတွင် ညှိနှိုင်းဆွေးနွေး ဖြေရှင်းရန် NCA စာချုပ်တွင် ထည့်သွင်း သဘောတူထားကြသော်လည်း လက်တွေ့တွင်မူ NCA စာချုပ်အား ကျောခိုင်းသကဲ့သို့ ဖြစ်ခဲ့ကြသည်။
ယခု တပ်မတော်နှင့် KNLA တို့အကြား ဖြစ်ပွားနေသော ပဋိပက္ခသည်လည်း အမြန်ဆုံးဖြေရှင်းရန် လိုအပ်နေပြီး အကယ်၍ ဖြေရှင်းဆောင်ရွက်ရန် အချိန်ကြန့်ကြာနေပါက NCA စာချုပ်အား ကျောခိုင်းသကဲ့သို့သော အဖြစ်မျိုး ထပ်မံ ဖြစ်ပေါ်လာနိုင်သည်။
ပဋိပက္ခဖြေရှင်းမှုတွင် လက်ရှိ ကျင့်သုံးဆောင်ရွက်နေသော JMC ၏ လုပ်ထုံးလုပ်နည်းနှင့် လုပ်ငန်းလမ်းညွှန်များမှာ အလုပ်မဖြစ်သည့်အတွက် အပစ်အခတ်ရပ်စဲရေး ခိုင်မာမှုဆိုင်ရာ အစည်းအဝေးများတွင် လုပ်ထုံးလုပ်နည်းနှင့် လုပ်ငန်းလမ်းညွှန်များအား ပြန်လည်သုံးသပ် ပြင်ဆင်ရန် ဆွေးနွေးမှုများ ရှိခဲ့သည်။
“ကျွန်တော်တို့ JMC မှာပါတဲ့ တချို့ခေါင်းဆောင်တွေလည်း ပြန်ပြီးတော့မှ ပြုပြင်ပြောင်းလဲဖို့ မြင်တယ်ပေါ့။ တချို့ ToR တွေ၊ SoP တွေ လက်ရှိ အလုပ်မဖြစ်တဲ့ အခြေအနေတွေကို ပြန်သုံးသပ်ပြီးတော့မှ ပြန်ပြင်ဆင်ဖို့ လိုမယ်လို့ သုံးသပ်တာတွေလည်း ရှိပါတယ်”ဟု ဗိုလ်မှူးကြီး ခွန်အောင်မန်းက ဆိုသည်။
ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC) တွင် နိုင်ငံတကာ ပါဝင်မှုများ ရှိလာပါက ပိုမိုအလုပ်ဖြစ်နိုင်သည်ဟု သုံးသပ်မှုများ ရှိနေကြောင်းလည်း ဗိုလ်မှူးကြီး ခွန်အောင်မန်း က ဆိုသည်။
ထို့ကြောင့် တချို့သော ခေါင်းဆောင်များနှင့် အဖွဲ့အစည်းများက JMC တွင် အဓိကပြင်ဆင်ရမည့် အချက်များကို Bilateral အစည်းအဝေးများ ပြုလုပ်၍ ညှိနှိုင်းသွားကြမည်ဖြစ်ပြီး ထိုသို့ Bilateral အစည်းအဝေးများမှ ရရှိလာသော သဘောတူညီချက်များကို ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC-U) အစည်းအဝေးသို့ တင်ပြ၍ ပြင်ဆင်မှုများ ပြုလုပ်ရန် အပစ်အခတ်ရပ်စဲရေးခိုင်မာမှုဆိုင်ရာ အစည်းအဝေးများတွင် ဆွေးနွေးခဲ့ကြသည်ဟု ဗိုလ်မှူးကြီး ခွန်အောင်မန်းက ဆိုသည်။
အောင်မြင်သော အပစ်အခတ်ရပ်စဲရေး လုပ်ငန်းစဉ် ဖြစ်ပေါ်ရေးအတွက် လက်နက်ကိုင်တပ်ဖွဲ့များအား နေရာချထားရေးကိစ္စသည် အရေးကြီးသော လုပ်ငန်းစဉ်တစ်ရပ် ဖြစ်သည်ဟု ဗိုလ်မှူးကြီး ခွန်အောင်မန်း က ယူဆသည်။
“အဓိကကတော့ ကျွန်တော်တို့ လက်နက်ကိုင်တပ်တွေ နေရာချထားရေးကတော့ ဘာပဲပြောပြော ဒါအရေးကြီးတဲ့ ကိစ္စတစ်ခုပေါ့လေ။ နောက်ပြီးတော့ နယ်မြေ သတ်သတ်မှတ်မှတ်နဲ့ ဘယ်အဖွဲ့က ဘယ်နေရာကနေ ဘယ်အထိပေါ့လေ။ အဲဒီလို သတ်သတ်မှတ်မှတ် ရှိရင်တော့ JMC အနေနဲ့လည်း ကိုင်တွယ်ရတာ ပိုပြီးတော့မှ လွယ်ကူနိုင်မှာပေါ့လေ။ စောင့်ကြည့်ရတာ အဆင်ပြေမှာပေါ့။ နောက်ပြီးတော့မှ နိုင်ငံတကာပါဝင်မှုက ပိုပြီးတော့ အားကောင်းရင်တော့ ပိုပြီးတော့ အဆင်ပြေနိုင်လိမ့်မယ်လို့ ကျွန်တော့်အနေနဲ့ ယူဆပါတယ်”ဟု ဗိုလ်မှူးကြီး ခွန်အောင်မန်းက ပြောကြားသည်။