သီလဝါအထူးစီးပွားရေးဇုန်၌ ငါးနှစ်အတွင်း နိုင်ငံပေါင်း ၁၈ နိုင်ငံက ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းပေါင်း ၆၀ တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၁ ဒသမ ၄ ဘီလျံခန့် မြှုပ်နှံထားပြီး ဂျပန်နိုင်ငံက အများဆုံးဖြစ်

သီလဝါအထူးစီးပွားရေးဇုန်၌ ငါးနှစ်အတွင်း နိုင်ငံပေါင်း ၁၈ နိုင်ငံက ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းပေါင်း ၆၀ တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၁ ဒသမ ၄ ဘီလျံခန့် မြှုပ်နှံထားပြီး ဂျပန်နိုင်ငံက အများဆုံးဖြစ်
နိုင်ငံတကာမှလုပ်ငန်းရှင်များ ဝင်ရောက်မြှုပ်နှံလျက်ရှိသည့် သီလဝါအထူးစီးပွားရေးဇုန်ကို တွေ့ရစဉ် (ဓာတ်ပုံ-အောင်မျိုးသန့်)
နိုင်ငံတကာမှလုပ်ငန်းရှင်များ ဝင်ရောက်မြှုပ်နှံလျက်ရှိသည့် သီလဝါအထူးစီးပွားရေးဇုန်ကို တွေ့ရစဉ် (ဓာတ်ပုံ-အောင်မျိုးသန့်)
Published 23 January 2021
ဇေယျာငြိမ်း

လက်ရှိအစိုးရသက်တမ်း ငါးနှစ်အတွင်း သီလဝါအထူးစီးပွားရေးဇုန်အတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၁ ဒသမ ၄ ဘီလျံခန့်အထိ ဝင်ရောက်ထားကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA) မှ ထုတ်ပြန်သည့်စာရင်းများအရ သိရသည်။

လက်ရှိအစိုးရသက်တမ်း ၂၀၁၆- ၂၀၁၇ ဘဏ္ဍာနှစ်မှ ၂၀၂၀ ခုနှစ် ဒီဇင်ဘာလကုန်အထိ သီလဝါအထူးစီးပွားရေးဇုန်တွင် နိုင်ငံပေါင်း ၁၈ နိုင်ငံက ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းပေါင်း ၆၀ ခုအထိ လာရောက်ရင်းနှီးမြှုပ်နှံထားသည်။ အဆိုပါလုပ်ငန်းများ၏ ရင်းနှီးမြှုပ်နှံမှုပမာဏမှာ ဒေါ်လာ ၁ ဒသမ ၃၈၂ ဘီလျံရှိသည်။

ယင်းကာလအတွင်း သီလဝါအထူးစီးပွားရေးဇုန်တွင် ဂျပန်နိုင်ငံက ရင်းနှီးမြှုပ်နှံမှု ပမာဏ ဒေါ်လာ ၄၄၇ ဒသမ ၃၆၇ သန်းအထိ အများဆုံးရင်းနှီးမြှုပ်နှံထားသည်။

စင်ကာပူနိုင်ငံက ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၄၁၅ ဒသမ ၄၂၃ သန်းဖြင့် ဒုတိယအများဆုံး ရင်းနှီးမြှုပ်နှံထားသည်။

ထိုင်းနိုင်ငံက ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၁၇၅ ဒသမ ၅၈၈ သန်းဖြင့် တတိယအများဆုံး ရင်းနှီးမြှုပ်နှံထားသည်။

သီလဝါအထူးစီးပွားရေးဇုန်အတွင်း ကုန်ထုတ်လုပ်မှုလုပ်ငန်း၊ ကုန်သွယ်မှုလုပ်ငန်း၊ အခြားဝန်ဆောင်မှုလုပ်ငန်း၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်း၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း၊ အိမ်ခြံမြေအဆောက်အအုံလုပ်ငန်း စသည့်ကဏ္ဍခြောက်ခုတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ အဓိကဝင်ရောက်ထားခြင်းဖြစ်သည်။ ကုန်ထုတ်လုပ်မှုကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၁ ဒသမ ၂ ဘီလျံနီးပါးအထိ အများဆုံးဝင်ရောက်ထားသည်။

ကုန်သွယ်မှုလုပ်ငန်းကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၉၈ သန်းကျော်၊ အခြားဝန်ဆောင်မှု လုပ်ငန်းကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုပမာဏ ၄၅ သန်းကျော်၊ သယ်ယူပို့ဆောင်ရေးကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၂၇ သန်းကျော်၊ ဟိုတယ်နှင့် ခရီးသွားကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၁၂ သန်းကျော်နှင့် အိမ်ရာအဆောက်အအုံကဏ္ဍတွင် ဒေါ်လာရှစ်သန်းကျော်ဖြင့် အသီးသီးဝင်ရောက်ထားကြောင်း DICA မှ ထုတ်ပြန်သည့်စာရင်းများအရ သိရသည်။

လက်ရှိအစိုးရသက်တမ်း ငါးနှစ်အတွင်း မြန်မာနိုင်ငံအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဝင်ရောက်မှု ဒေါ်လာ ၂၅ ဒသမ ၃ ဘီလျံကျော်ရှိပြီး ကုန်ထုတ်လုပ်မှုနှင့် ပို့ဆောင်ဆက်သွယ်ကဏ္ဍတို့၌ အများဆုံး ဝင်ရောက်ထားကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု (MIC) မှ သိရသည်။ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုစီမံကိန်း၏ အခြေပြုကိစ္စရပ် (Base case) အပေါ်အခြေခံ၍ တွက်ချက်ထားသည့် ရင်းနှီးမြှုပ်နှံမှုဦးတည်ချက်များ (Investment Target) များမှာ ကာလတိုငါးနှစ်ဖြစ်သည့် ၂၀၁၆-၂၀၁၇ ခုနှစ်မှ ၂၀၂၀-၂၀၂၁ အထိတွင် နှစ်စဉ် ဒေါ်လာ ၅ ဒသမ ၈ ဘီလျံ၊ ကာလလတ် ငါးနှစ်ဖြစ်သည့် ၂၀၂၁-၂၀၂၂ ခုနှစ် မှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အထိ နှစ်စဉ်ဒေါ်လာ ၈ ဒသမ ၅ ဘီလျံ၊ ၂၀၂၆-၂၀၂၇ ခုနှစ်မှ ၂၀၃၀-၂၀၃၁ ဘဏ္ဍာနှစ်အထိ နှစ်စဉ်ဒေါ်လာ ၁၂ ဒသမ ၃ ဘီလျံ၊ ၂၀၃၁-၂၀၃၁ ခုနှစ်မှ ၂၀၃၅-၂၀၃၆ ဘဏ္ဍာနှစ်အထိ နှစ်စဉ်ဒေါ်လာ ၁၇ ဒသမ ၆ ဘီလျံအထိ ရရှိရန် အသီးသီးခန့်မှန်းထားသည်။

Most Read

Most Recent