စက်မှုကုန်ထုတ်လုပ်ငန်းများ တည်ထောင်ရာတွင် အထောက်အကူဖြစ်စေရန်နှင့် ရင်းနှီးမြှုပ်နှံမှုကုန်ကျစရိတ် သက်သာစေရန် ပြန်လည်ပြုပြင်ထားသည့်စက်ပစ္စည်းကို တင်သွင်းခွင့်ပြုမည်

စက်မှုကုန်ထုတ်လုပ်ငန်းများ တည်ထောင်ရာတွင် အထောက်အကူဖြစ်စေရန်နှင့် ရင်းနှီးမြှုပ်နှံမှုကုန်ကျစရိတ် သက်သာစေရန် ပြန်လည်ပြုပြင်ထားသည့်စက်ပစ္စည်းကို တင်သွင်းခွင့်ပြုမည်
ရန်ကုန်မြို့ရှိ ဆိပ်ကမ်းတစ်ခုကို တွေ့ရစဉ်
ရန်ကုန်မြို့ရှိ ဆိပ်ကမ်းတစ်ခုကို တွေ့ရစဉ်
Published 23 January 2021
ဇေယျာငြိမ်း

စက်မှုကုန်ထုတ်လုပ်ငန်းများ လုပ်ငန်းတည်ထောင်ရာတွင် အထောက်အကူဖြစ်စေရန်နှင့် ရင်းနှီးမြှုပ်နှံမှုကုန်ကျစရိတ် သက်သာစေရန် ပြန်လည်ပြုပြင်ထားသည့် စက်ပစ္စည်းကို တင်သွင်းခွင့်ပြုသွားမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် အသေးစားနှင့် အလတ်စား စက်မှုလုပ်ငန်းများအပါအဝင် စက်မှုကုန်ထုတ်လုပ်ငန်းများ လုပ်ငန်းတည်ထောင်ဆောင်ရွက်ရာ၌ အထောက်အကူဖြစ်စေရန်နှင့် ရင်းနှီးမြှုပ်နှံမှုကုန်ကျစရိတ် သက်သာစေရန် ပြန်လည်ပြုပြင်ထားသည့် စက်ပစ္စည်း (ကုန်ထုတ်လုပ်သောစက်ပစ္စည်း) ကို အမိန့်ကြော်ငြာစာအမှတ် ၉၃/ ၂၀၁၅ ဖြင့် ထုတ်ပြန်ခဲ့သည့် မြန်မာနိုင်ငံ၏ ပို့ကုန်သွင်းကုန်ဆိုင်ရာ လုပ်ထုံးလုပ်နည်းများ (၂၀၁၅) ၏ အပိုဒ် ၁၁၈ ပါအတိုင်း တင်သွင်းခွင့်ပြုခဲ့ကြောင်း ဇန်နဝါရီ ၂၀ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည်။

ပြန်လည်ပြုပြင်ထားသော စက်ပစ္စည်းများ တင်သွင်းခြင်းဖြင့် ကာလတိုအတွင်း ပြည်တွင်းတွင် အသုံးမတည့်သော စက်ပစ္စည်းများ စုပုံနေခြင်းမှ ကာကွယ်ရန်နှင့် ပတ်ဝန်းကျင်ထိခိုက်စေခြင်းများ မဖြစ်ပေါ်စေရန်အပြင် လုပ်ငန်းရှင်များ၏ ထုတ်လုပ်မှုစွမ်းရည် တိုးတက်စေရန်တို့အတွက် ပြန်လည်ပြုပြင်ထားသော စက်ပစ္စည်း (Reconditioned Machine) ကို တင်သွင်းလိုသူများအနေဖြင့် အသေးစားနှင့် အလတ်စားစက်မှုကုန်ထုတ်လုပ်ငန်းများအတွက် ကုန်ထုတ်လုပ်ရာတွင် အသုံးပြုနိုင်သည့် စက်ပစ္စည်းဖြစ်ရမည်။

အသုံးပြုပြီး စက်ပစ္စည်းကို အသစ်ကဲ့သို့ဖြစ်စေရန် လိုအပ်သည့် အစိတ်အပိုင်းများအား ပြင်ဆင်ခြင်း၊ လဲလှယ်ခြင်း၊ ဖြည့်စွက်တပ်ဆင်ခြင်းဖြင့် ပြုပြင်ထားသည့် အသင့်သုံးစွဲနိုင်သည့် အနေအထားဖြစ်ရမည်။

တင်သွင်းပြီးနောက် ၁၀ နှစ်အတွင်း ကောင်းမွန်စွာသုံးစွဲနိုင်ကြောင်းနှင့် ပြည်တွင်းတွင် လိုအပ်သော စက်အပိုပစ္စည်းများ ရရှိနိုင်သည့် စက်ပစ္စည်းများသာဖြစ်ရမည်။

တင်သွင်းပြီးနောက် ၁၀ နှစ်အတွင်း ကောင်းမွန်စွာ သုံးစွဲနိုင်ကြောင်းနှင့် ပြည်တွင်းတွင် လိုအပ်သော စက်အပိုပစ္စည်းများ ရရှိနိုင်သည့် စက်ပစ္စည်းများဖြစ်ကြောင်း ပြည်ပမှ စက်ပစ္စည်းရောင်းချသူ၏ အာမခံချက် (Warranty) ပါရှိရမည်။

စက်ပစ္စည်း၏ သုံးစွဲနိုင်သည့် ကြံ့ခိုင်မှု (Running Condition) နှင့် စပ်လျဉ်း၍ ဆိပ်ကမ်းဆိုက်ရောက်သည့် ရက်မတိုင်မီ ခြောက်လအတွင်း စစ်ဆေးထားသော သင်္ဘောမတင်မီ စစ်ဆေးခြင်းလက်မှတ် (Preshipment Inspection Cerificate) ပါရှိရမည်ဖြစ်ကြောင်း သိရသည်။

သို့သော် ရေခဲသေတ္တာ၊ လေအေးပေးစက်၊ အဝတ်လျှော်စက်၊ မိတ္တူကူးစက်၊ Printer ၊ တီဗွီ၊ ကွန်ပျူတာအစရှိသည့် ကုန်ထုတ်လုပ်ငန်းများနှင့် တိုက်ရုက်သက်ဆိုင်မှု မရှိသော အိမ်သုံး (Home Appliances) စက်ပစ္စည်းများ၊ ရုံးသုံးစက်ပစ္စည်းများ၊ မိမိ၏ ကုန်ထုတ်လုပ်ငန်းတွင် ကိုယ်တိုင် အသုံးပြုရန်မဟုတ်ဘဲ စီးပွားဖြစ်ပြန်လည်ရောင်းချရန် ရည်ရွယ်ချက်ဖြင့် တင်သွင်းမည့် ပြန်လည်ပြုပြင်ပြီး စက်ပစ္စည်းများသည် ပြန်လည်ပြုပြင်ထားသည့် စက်ပစ္စည်းများ တင်သွင်းခွင့်ပြုသည့် သတ်မှတ်ချက်နှင့် အကျုံးဝင်မှုမရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါ အမိန့်ကြော်ငြာစာသည် ထုတ်ပြန်သည့်နေ့မှ ရက်ပေါင်း (၆၀) ပြည့်မြောက် ပြီးသည့်နေ့တွင် စတင်အကျိုးသက်ရောက်မည်ဟု သိရသည်။