မွန်ပြည်နယ် အထူးစီးပွားရေးဇုန်အသစ် ထူထောင်ရေးတွင် ဂျပန်ရင်းနှီးမြှုပ်နှံသူများ စိတ်ဝင်စားနေပြီး မြန်မာ-ဂျပန် နှစ်နိုင်ငံအကြား လာမည့်နှစ်များအတွင်း စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုများ ပိုမိုပူးပေါင်း ဆောင်ရွက်မည်

မွန်ပြည်နယ် အထူးစီးပွားရေးဇုန်အသစ် ထူထောင်ရေးတွင် ဂျပန်ရင်းနှီးမြှုပ်နှံသူများ စိတ်ဝင်စားနေပြီး မြန်မာ-ဂျပန် နှစ်နိုင်ငံအကြား လာမည့်နှစ်များအတွင်း စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုများ ပိုမိုပူးပေါင်း ဆောင်ရွက်မည်
မြန်မာ-ဂျပန် နှစ်နိုင်ငံ တာဝန်ရှိသူများ ဆွေးနွေးစဉ် (ဓာတ်ပုံ - MIFER)
မြန်မာ-ဂျပန် နှစ်နိုင်ငံ တာဝန်ရှိသူများ ဆွေးနွေးစဉ် (ဓာတ်ပုံ - MIFER)
Published 20 January 2021
နီလာ

မွန်ပြည်နယ် အထူးစီးပွားရေးဇုန်အသစ် ထူထောင်ရေးတွင် ဂျပန်နိုင်ငံမှ ရင်းနှီးမြှုပ်နှံသူများ စိတ်ဝင်စားနေပြီး မြန်မာ-ဂျပန် နှစ်နိုင်ငံအကြား လာမည့်နှစ်များတွင် စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုများ ပိုမိုပူးပေါင်း ဆောင်ရွက်မည် ဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန (MIFER) မှ သိရသည်။

ဇန်နဝါရီ ၁၉ ရက်က ဂျပန်-မြန်မာအသင်းဥက္ကဋ္ဌနှင့် ဂျပန်အထက်လွှတ်တော် အမတ်ဟောင်း မစ္စတာ ၀ါတာနာဘေးဟိဒဲအို ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းတို့ တွေ့ဆုံပွဲတွင် မြန်မာ-ဂျပန် နှစ်နိုင်ငံအကြား လာမည့်နှစ်များတွင် စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုများ ပိုမိုပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေးခဲ့ပြီး မစ္စတာဝါတာနာဘေးနှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး မစ္စတာအိချိရိုမာရူယာမာ၊ သံမှူးကြီး မစ္စတာ ကာဇူယူကီတာကာမီတို့က တက်ရောက် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ထားဝယ်အထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်း စီမံကိန်းအတွက် ရှေ့ဆက်ဆောင်ရွက်မည့် အစီအစဉ်များနှင့် ပင်မစီမံကိန်းအတွက် မဟာဗျူဟာမြောက် ပတ်ဝန်းကျင်ဆိုင်ရာ ဆန်းစစ်ခြင်း ဆောင်ရွက်မည့် အစီအစဉ်များ အတွက် ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလလယ်က မြန်မာ-ဂျပန် ဆွေးနွေးခဲ့ကြောင်း ထားဝယ်အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီမှ သိရသည်။

ထားဝယ်အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်သည် မြန်မာနိုင်ငံဆိုင်ရာ ဂျပန်နိုင်ငံသံအမတ်ကြီး Mr. MARUYAMA Ichiro နှင့် ဂျပန်နိုင်ငံ သံရုံးမှ ကိုယ်စားလှယ်များအား ဒီဇင်ဘာ ၁၆ ရက်က Online Video Conferencing စနစ်ဖြင့် တွေ့ဆုံဆွေးနွေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ယင်းသို့ တွေ့ဆုံရာတွင် ထားဝယ်အထူး စီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်က မြန်မာ-ထိုင်း ဖွဲ့စည်းဆောင်ရွက် လျက်ရှိသည့် ထားဝယ်အထူး စီးပွားရေးဇုန် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီးအဆင့် ပူးတွဲကော်မတီနှင့် အဆင့်မြင့် ပူးတွဲကော်မတီများတွင် ပါဝင်လိုမှုအပေါ် ကြိုဆိုလက်ခံပြီးဖြစ်ကြောင်း ပြောကြားခဲ့ပြီး ထားဝယ်အထူး စီးပွားရေးဇုန် ရေနက်ဆိပ်ကမ်းစီမံကိန်း ဖွံ့ဖြိုးတိုးတက်ရေး (Dawei SEZ Deep Sea Port Development) အတွက် ရှေ့ဆက်ဆောင်ရွက်မည့် အစီအစဉ်များ ပီပီပြင်ပြင် ဖြစ်ပေါ်လာရေးနှင့် ပင်မစီမံကိန်းအတွက် မဟာဗျူဟာမြောက် ပတ်ဝန်းကျင်ဆိုင်ရာ ဆန်းစစ်ခြင်း (Strategic Environment Assessment) ဆောင်ရွက်မည့် အစီအစဉ်များကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံအနေဖြင့် ရှေ့ဆက်လက် ဆောင်ရွက်မည့် မွန်ပြည်နယ်အထူး စီးပွားရေးဇုန်အသစ် ထူထောင်ရေး ကိစ္စရပ်တွင် ပါဝင်ဆောင်ရွက်မည့် ဂျပန်နိုင်ငံမှ ရင်းနှီးမြှုပ်နှံသူများကို ကြိုဆိုကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းက ပြောကြားသည်။

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေး ဝန်ကြီးဌာနနှင့် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ၏ ကူညီပံ့ပိုးမှု၊ အာဆီယံ-ဂျပန် စင်တာနှင့် မြန်မာသံရုံး (တိုကျိုမြို့) တို့ ပူးပေါင်းဆောင်ရွက်မှုတို့ဖြင့် Myanmar Investment Environment Update Webinar ကို ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းက ပြောကြားခဲ့ခြင်းဖြစ်သည်။

“မကြာသေးမီက ဆောင်ရွက်ခဲ့တဲ့ မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုဝန်းကျင်ဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများ၊ ၂၀၂၁ ခုနှစ်တွင် စီးပွားရေး ပြန်လည်ထူထောင်ရေး အလားအလာများ၊ ဖြစ်နိုင်ခြေရှိသော ရင်းနှီးမြှုပ်နှံမှု ပတ်ဝန်းကျင်ဆိုင်ရာ အခွင့်အလမ်းများ လေ့လာသုံးသပ်ပြီး မြန်မာနိုင်ငံ၏ ဒေသတွင်း ဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု (RCEP) ကို လက်မှတ်ရေးထိုးခဲ့ပြီး ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များတွင် အရေးပါသည့် စက်မှုလုပ်ငန်း၊ ခရီးသွားလုပ်ငန်းနှင့် သဘာဝပတ်ဝန်းကျင် ရေရှည်တည်တံ့ ခိုင်မြဲစေရေးတို့တွင် ဂျပန်နိုင်ငံ၏ ပူးပေါင်းပါဝင်မှုကဏ္ဍ အရေးကြီးမှုကို နိုင်ငံတော်အစိုးရ အနေဖြင့် အသိအမှတ်ပြုကြောင်း၊ ထားဝယ်အထူးစီးပွားရေးဇုန် ဖွံ့ဖြိုးတိုးတက်ရေးတွင် ပါဝင်ဆောင်ရွက်မည့်  ဂျပန်နိုင်ငံ၏ ကတိကဝတ်များနှင့် မြန်မာနိုင်ငံ အနေဖြင့် ရှေ့ဆက်လက်ဆောင်ရွက်မည့် မွန်ပြည်နယ် အထူးစီးပွားရေးဇုန်အသစ် ထူထောင်ရေးကိစ္စရပ်၌ ပါဝင်ဆောင်ရွက်မည့် ဂျပန်နိုင်ငံမှ ရင်းနှီးမြှုပ်နှံသူများကို ကြိုဆိုပါတယ်” ဟု ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းက ပြောကြားသည်။

ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးစိုးဟန်က မြန်မာနိုင်ငံ၏ သဘာဝပတ်ဝန်းကျင်သည် စိုက်ပျိုးရေးနှင့် မွေးမြူရေး လုပ်ငန်းတို့တွင် အလားအလာကောင်းများ ရှိနေကြောင်း၊ နိုင်ငံလူဦးရေ၏ ရာခိုင်နှုန်း ၇၀ ကျော်သည် ကျေးလက်ဒေသတွင် နေထိုင်ကြသည့်အတွက် စိုက်ပျိုးရေးကဏ္ဍ၌ ရင်းနှီးမြှုပ်နှံခြင်းသည် ရင်းနှီးမြှုပ်နှံသူများ အတွက် အခွင့်အလမ်း တစ်ခုဖြစ်ကြောင်း ပြောကြားသည်။

 

Most Read

Most Recent