UWSA ၏ နယ်မြေဒေသနှင့် ငြိမ်းချမ်းရေးတည်ဆောက်သည့်အဖွဲ့များ အနည်းငယ်အလှမ်းကွာပြီး ရင်းနှီးမှုမရှိသဖြင့် ယင်းကဏ္ဍတွင် ပါဝင်ဆောင်ရွက်ပေးနိုင်ကြောင်း NLD ပါတီနှင့်တွေ့ဆုံစဉ် “၀” အမျိုးသားပါတီက တင်ပြဆွေးနွေးခဲ့

UWSA ၏ နယ်မြေဒေသနှင့် ငြိမ်းချမ်းရေးတည်ဆောက်သည့်အဖွဲ့များ အနည်းငယ်အလှမ်းကွာပြီး ရင်းနှီးမှုမရှိသဖြင့် ယင်းကဏ္ဍတွင် ပါဝင်ဆောင်ရွက်ပေးနိုင်ကြောင်း NLD ပါတီနှင့်တွေ့ဆုံစဉ် “၀” အမျိုးသားပါတီက တင်ပြဆွေးနွေးခဲ့
ဇန်နဝါရီ ၁၅ ရက်က NLD ပါတီနှင့် တွေ့ဆုံပြီး ပြန်လည်ထွက်ခွာလာသည့် ‘‘၀’’ အမျိုးသားပါတီမှ ကိုယ်စားလှယ်များကို တွေ့ရစဉ်
ဇန်နဝါရီ ၁၅ ရက်က NLD ပါတီနှင့် တွေ့ဆုံပြီး ပြန်လည်ထွက်ခွာလာသည့် ‘‘၀’’ အမျိုးသားပါတီမှ ကိုယ်စားလှယ်များကို တွေ့ရစဉ်
Published 16 January 2021
စည်သာ(တောင်ကြီး)

UWSA ၏နယ်မြေဒေသနှင့် ငြိမ်းချမ်းရေး တည်ဆောက်သည့်အဖွဲ့အစည်းများ အနည်းငယ်အလှမ်းကွာပြီး ရင်းနှီးမှုမရှိသဖြင့် ယင်းကဏ္ဍတွင် ပါဝင်ဆောင်ရွက်ပေးနိုင်ကြောင်း  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီနှင့်တွေ့ဆုံစဉ် ဆွေးနွေးခဲ့ကြောင်း ‘‘၀’’အမျိုးသားပါတီဥက္ကဋ္ဌ ဦးဆိုင်ပေါင်းနပ်က ပြောကြားသည်။

NLD ပါတီမှ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဒေါက်တာအောင်မိုးညို ဦးဆောင်သောအဖွဲ့နှင့် ဇန်နဝါရီ ၁၅ ရက်က တောင်ကြီးမြို့ရှိ ရှမ်းပြည်နယ် NLD ပါတီရုံးတွင် တွေ့ဆုံခဲ့ပြီး အဆိုပါတွေ့ဆုံမှုတွင် အထက်ပါကဲ့သို့ တင်ပြခဲ့ခြင်းဖြစ်ကြောင်း ဦးဆိုင်ပေါင်းနပ်က ပြောကြားသည်။

‘‘၀’’ အမျိုးသားပါတီက NLD ပါတီထံ အချက်သုံးချက်ဖြစ်သည့် NLD အစိုးရဦးဆောင်၍ ပြည်ထောင်စုမြန်မာနိုင်ငံအတွက် ရှေ့ရှုရမည့်ကိစ္စများကို သုံးသပ်ရာတွင် ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ အခင်းအကျင်းတွင် ဖြစ်ပျက်နေသော နိုင်ငံရေးအငြင်းအခုန်များကို နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ခြင်းကိစ္စရပ်များတွင် ၁၉၄၇ ခုနှစ်ဖွဲ့စည်းပုံ၊ ၁၉၇၄ ဖွဲ့စည်းပုံ၊ ၂၀၀၈ ဖွဲ့စည်းပုံတို့ကို အခြေပြု၍ ပြန်လည်မှီငြမ်းပေးရန်၊ ငြိမ်းချမ်းရေးတည်ဆောက်ရာတွင် ‘‘၀’’ တိုင်းရင်းသားများကို လက်တွဲခေါ်ယူရန်တို့ကို တင်ပြခဲ့ကြောင်း သိရသည်။

‘‘ဆွေးနွေးတာကတော့ ဒီ NLD ကနေ ဦးဆောင်တဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကိစ္စကို ပူးတွဲဆောင်ရွက်မယ်။ နောက်ကျွန်တော်တို့ ဒေသလိုအပ်ချက်လေးတွေကို တင်ပြပြီး ဒါတွေကို ပါဝင်ကူညီဆောင်ရွက်ပေးဖို့။ ဒါတွေပဲတင်ပြတာ။ လိုအပ်ချက်ဆိုတာ ငြိမ်းချမ်းရေးတွေနဲ့ပတ်သက်ပြီးတော့ UWSA နယ်မြေဒေသနဲ့ ငြိမ်းချမ်းရေးတည် ဆောက်တဲ့အဖွဲ့အစည်းတွေနဲ့ နည်းနည်းလေး အလှမ်းကွာနေတာ ပေ့ါလေ။ ရင်းရင်းနှီးနှီးမရှိဘူးပေါ့။ ဒီအခန်းကဏ္ဍ ပါဝင်ဆောင်ရွက်ပေးလို့ရတယ်ဆိုတဲ့အကြောင်းပေ့ါ။ ‘‘၀’’ တိုင်းရင်းသားတွေအနေနဲ့ ဒီကနေ့ ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးရေးဆောင်ရွက်ချိန် ကင်းကွာနေသလိုဖြစ်တယ်။ အတိတ်သမိုင်းရဲ့ အခြေအနေကြောင့်ဖြစ်တယ်’’ ဟု ‘‘၀’’ အမျိုးသားပါတီ ဥက္ကဋ္ဌ ဦးဆိုင်ပေါင်းနပ်က ပြောကြားသည်။

အတိတ်သမိုင်းတွင် လမ်းပန်းဆက်သွယ်ရေးခက်ခဲခြင်း၊ တောင်ပေါ်ဒေသတွင် နေထိုင်သည့်အတွက် သီးခြားဖြစ်နေခြင်း၊ အင်္ဂလိပ်များအုပ်ချုပ်ချိန်တွင် ပိုကင်းကွာသလိုဖြစ်ခဲ့ပြီး လွတ်လပ်ရေးကြိုးပမ်းမှု ရောက်ရှိချိန်၌ ပါဝင်ခဲ့သော်လည်း ထဲထဲဝင်ဝင်ပါဝင်နိုင်ခြင်း မရှိခဲ့ကြောင်း၊ သမိုင်းတစ်လျှောက် အနော်ရထာ၊ ဘုရင့်နောင်လက်ထက်မှစ၍ လွတ်လပ်ရေးကြိုးပမ်းမှုတွင်လည်း ‘‘၀’’လူမျိုးများသည် မြန်မာနိုင်ငံနှင့် လက်တွဲဆောင်ရွက်ခဲ့ကြောင်းနှင့် ‘‘၀’’ အား သီးခြားတစ်စင်ထောင်သည့်ပုံစံမြင်ကြကြောင်း၊ အမှန်မှာ မဟုတ်ဘဲ ရင်းနှီးဆက်ဆံမှုအားနည်းနေခဲ့၍ ပူးပေါင်းဆောင်ရွက်မှု အားနည်းရခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

‘‘ဒီနေ့ NLD အစိုးရအနေနဲ့ တိုင်းပြည်ကို ဦးဆောင်ချိန်မှာ တကယ့်မေတ္တာစေတနာ သိပ်ရှိရှိနဲ့ တိုင်းရင်းသားတွေကို ဖိတ်ခေါ်ဆွေးနွေးလာသလို၊ အနာဂတ်မြန်မာနိုင်ငံရေးအတွက် ရှေ့ရှုရမယ့်ကိစ္စ ဆောင်ရွက်ချိန်မှာ အတိတ်သမိုင်းကိုအခြေပြုပြီး လက်ရှိတည်ဆောက်နေတဲ့ အရာအားလုံးကို ‘‘၀’’ တွေကို လက်တွဲခေါ်ဆောင်ဖို့ ယခင်ထက် ပိုမိုဆောင်ရွက်ပေးဖို့ လိုအပ်တယ်။ ‘‘၀’’  က အခြေခံအားဖြင့် တောတောင်ဒေသမှာ နေထိုင်တယ်။ ပညာအတွေ့အကြုံနည်းတယ်။ စာတတ်ပေတတ်နည်းတယ်။ ဒီကိစ္စ ဆောင်ရွက်ဖို့ နည်းနည်းတော့ ခက်ခဲတယ်။ ခက်ခဲပေမယ့်လည်း စိတ်ရှည်လက်ရှည်နဲ့ လက်တွဲခေါ်ဆောင်သွားဖို့ အတူတကွတွဲပြီး ဆောင်ရွက်သွားမယ်ဆိုရင် တစ်စည်းတလုံးထဲ ပြည်ထောင်စု မြန်မာနိုင်ငံတော် အင်အားကြီးကို ပိုမိုတည်ဆောက်နိုင်မယ်လို့ ယုံကြည်တယ်ဆိုတဲ့ အကြောင်းဆွေးနွေးတယ်။ အခြားပြောလိုတာက ဒီကနေ့ငြိမ်းချမ်းရေးတည်ဆောက်တဲ့ အဖွဲ့အစည်းတွေရော အစိုးရ ဦးဆောင်အဖွဲ့အစည်းတွေရော ‘‘၀’’ နယ်ဒေသမှာ အဖက်ဖက်က ရှုမြင်သုံးသပ်ပြီးတော့ အားဖြည့်ဖို့ လက်တွဲဆောင်ရွက်ဖို့၊ ပိုမိုစောင့်ရှောက်ပေးဖို့ ပြောချင်ပါတယ်” ဟု ဦးဆိုင်ပေါင်းနပ်က ပြောကြားသည်။

‘‘၀’’အမျိုးသားပါတီနှင့် NLD ပါတီတို့ တွေ့ဆုံမှုတွင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် (SNDP) ပါတီ ၊ လားဟူအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီတို့လည်း ပါဝင်ခဲ့ကြောင်း သိရသည်။

Most Read

Most Recent