ရွေးကောက်ပွဲဆိုင်ရာ မဲမသမာမှုများကို လွှတ်တော်တွင်းဆွေးနွေးအဖြေရှာပြီးမှသာလျှင် တတိယအကြိမ်လွှတ်တော်အစည်းအဝေး ခေါ်ယူသင့်ပြီး ပြည်ထောင်စုလွှတ်တော်ရုံး၏ ထုတ်ပြန်ချက်အား ကန့်ကွက်ကြောင်း ပြည်ခိုင်ဖြိုးပါတီ ထုတ်ပြန်

ရွေးကောက်ပွဲဆိုင်ရာ မဲမသမာမှုများကို လွှတ်တော်တွင်းဆွေးနွေးအဖြေရှာပြီးမှသာလျှင် တတိယအကြိမ်လွှတ်တော်အစည်းအဝေး ခေါ်ယူသင့်ပြီး ပြည်ထောင်စုလွှတ်တော်ရုံး၏ ထုတ်ပြန်ချက်အား ကန့်ကွက်ကြောင်း ပြည်ခိုင်ဖြိုးပါတီ ထုတ်ပြန်
Published 16 January 2021
ပြည့်ဖြိုးအောင်

ရွေးကောက်ပွဲဆိုင်ရာ မဲမသမာမှုများအား လွှတ်တော်တွင်း ဆွေးနွေးအဖြေရှာပြီးမှသာလျှင် တတိယအကြိမ် လွှတ်တော်အစည်းအဝေးအား ခေါ်ယူသင့်ပြီး ပြည်ထောင်စုလွှတ်တော်ရုံး၏ ထုတ်ပြန်ချက်အား ကန့်ကွက်ကြောင်း ပြည်ခိုင်ဖြိုးပါတီက ဇန်နဝါရီ ၁၅ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။

အဆိုပါထုတ်ပြန်ချက်တွင် ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော်အစည်းအဝေး ခေါ်ယူကျင်းပပေးရန် ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၁၁ ရက်က ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၈၄၊ ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ ၁၇ တို့နှင့်အညီ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်စုစုပေါင်း၏ လေးပုံတစ်ပုံကျော်ဖြစ်သော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ လွှတ်တော်ကိုယ်စားလှယ် ၃၆ ဦး၊ ရခိုင်အမျိုးသားပါတီမှ လွှတ်တော် ကိုယ်စားလှယ်လေးဦး၊ အမျိုးသားညီညွတ်သော ဒီမိုကရက်တစ်ပါတီမှ လွှတ်တော်ကိုယ်စားလှယ် တစ်ဦး၊ တစ်သီးပုဂ္ဂလလွှတ်တော် ကိုယ်စားလှယ် နှစ်ဦးနှင့် တပ်မတော်သား ကိုယ်စားလှယ် ၁၆၀ ဦး၊ စုစုပေါင်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ၂၀၃ ဦးတို့က ပြည်ထောင်စုလွှတ်တော်နာယကထံ တင်ပြတောင်းဆိုခဲ့ကြောင်း ပါရှိသည်။

ထိုသို့တောင်းဆိုချက်အပေါ် ပြည်ထောင်စုရုံးက (၁/၂၀၂၁)စာဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၈၄ အရ တောင်းဆိုချက်အပေါ် ပုဒ်မ ၈၁ ကို ရည်ညွှန်း၍လည်းကောင်း၊ ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၄၀၂ ကို ရည်ညွန်း၍လည်းကောင်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေပုဒ်မ ၁၁ ကိုလည်းကောင်း ရည်ညွန်းကာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က သက်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ဆက်လက်ဆောင်ရွက်ရမည့်ကိစ္စရပ်များဖြစ်၍ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးခေါ်ယူ ကျင်းပပေးရန်မလိုအပ်ကြောင်း ထုတ်ပြန်ခဲ့သည်ကိုတွေ့ရှိရကြောင်း ပြည်ခိုင်ဖြိုးပါတီ၏ ထုတ်ပြန်ချက် ဖော်ပြထားသည်။

 ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၁၁ (က) တွင် နိုင်ငံတော်၏ ခက်မသုံးဖြာဖြစ်သည့်၊ ဥပဒေပြုရေးအာဏာ၊ အုပ်ချုပ်ရေးအာဏာနှင့် တရားစီရင်ရေးအာဏာတို့ကို တတ်နိုင်သမျှ ပိုင်းခြားသုံးစွဲခြင်းနှင့် အချင်းချင်း အပြန်အလှန် ထိန်းကျောင်းခြင်းတို့ပြုသည်ဟူ၍လည်းကောင်း၊ ပုဒ်မ ၇၇ (ဃ)အရ  ပြည်ထောင်စုလွှတ်တော်နာယက၏ လုပ်ငန်းတာဝန်များတွင် ဖွဲ့စည်းပုံအခြေခံဥပဒေအရသော်လည်းကောင်း၊ ဥပဒေတစ်ရပ်ရပ်အရသော်လည်းကောင်း သတ်မှတ်ထားသည့် အခြားတာဝန်နှင့် လုပ်ပိုင်ခွင့်များကို ဆောင်ရွက်ရမည်ဟု အတိအလင်းပြဋ္ဌာန်းထားကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

ပြည်ထောင်စုလွှတ်တော်သည် ဥပဒေပြု လွှတ်တော်ဖြစ်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၀၂ ကို အနက်အဓိပ္ပာယ်ဖွင့်ဆိုခွင့်မရှိကြောင်း၊ ထိုပြဋ္ဌာန်းချက်အား ရည်ညွှန်းကာ အကြောင်းပြချက်ပေး၍ ငြင်းဆိုခွင့်မရှိကြောင်းလည်း တွေ့ရှိရကြောင်းနှင့် ထို့ကြောင့် ပြည်ထောင်စုလွှတ်တော်ရုံး၏ ထုတ်ပြန်ချက်သည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဆန့်ကျင်နေကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

ထို့ပြင် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၈၄ အရ ပြည်ထောင်စုလွှတ်တော်အစည်းအဝေး ခေါ်ယူကျင်းပပေးရန် ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်းဦးရေအနက် အနည်းဆုံးလေးပုံတစ်ပုံက တောင်းဆိုလျှင် ပြည်ထောင်စုလွှတ်တော်နာယက,က အထူးအစည်းအဝေးကို အမြန်ဆုံးခေါ်ယူကျင်းပရမည်ဟူ၍ ပြဋ္ဌာန်းထားသည့်အတွက် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များ၏ အခွင့်အရေးအရ ဥပဒေနှင့်အညီ တရားဝင်တောင်းဆိုခြင်းသာဖြစ်ပြီး ထိုအခွင့်အရေးကိုငြင်းပယ်ခဲ့သည့် ပြည်ထောင်စုလွှတ်တော်ရုံး၏ ထုတ်ပြန်ကြေညာချက်သည် ၂၀၂၀ ပြည့်နှစ်ပါတီစုံ အထွေထွေရွေးကောက်ပွဲတွင်ဖြစ်ပေါ်ခဲ့သည့် မဲမသမာမှုများကြောင့် မဲဆန္ဒရှင်ပြည်သူများနှင့် နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်လောင်းများ၏ နိုင်ငံသားအခွင့်အရေးများ ဆုံးရှုံးနစ်နာခဲ့ခြင်းစသည့် ပြဿနာများကို ပြည်ထောင်စုလွှတ်တော်တွင် တင်ပြဆွေးနွေးခွင့်များ ဆုံးရှုံးနစ်နာစေကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

အလားတူ ဥပဒေပြုလွှတ်တော်ဖြစ်သော ပြည်ထောင်စုလွှတ်တော်အနေဖြင့် ဖွဲ့စည်းပုံ အခြေခံဥပဒေက ပြဋ္ဌာန်းထားသော တာဝန်နှင့်လုပ်ပိုင်ခွင့်ကို မျက်ကွယ်ပြု၍ ဆုံးဖြတ်ခြင်းသည် ဖွဲ့စည်းပုံအခြေခံဥပဒေ ဥပဒေပြုရေးပါ ပြဋ္ဌာန်းချက်ကို ဖောက်ဖျက်ကျူးလွန်ခြင်းသာဖြစ်ကြောင်း၊ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးအာဏာတို့သည် အပြန်အလှန်ထိန်းကျောင်းရသည့် သဘောသဘာဝဖြစ်သည့်အလျောက် ဥပဒေ ပြုလွှတ်တော်အနေဖြင့်မိမိတို့၏ လုပ်ငန်းတာဝန်များကို အဂတိတရားကင်းရှင်းစွာဖြင့် ကျေပွန်အောင်ထမ်းဆောင်ရန် တာဝန်ဝတ္တရားရှိပါလျက် မျက်ကွယ်ပြုလုပ်ဆောင်နေခြင်းသည် ဖွဲ့စည်းပုံအခြေခံဥပဒေ၏ အခြေခံမူများကို လိုက်နာရန် ပျက်ကွက်နေခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

ထို့ကြောင့် ပြည်ထောင်စုလွှတ်တော်သည် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များကို လိုက်နာဆောင်ရွက်ရန် အဓိကတာဝန်ရှိသည့်အတွက် လက်ရှိဖြစ်ပေါ်နေသော ရွေးကောက်ပွဲဆိုင်ရာ မဲမသမာမှုများအား လွှတ်တော်တွင်း ဆွေးနွေးအဖြေရှာပြီးမှသာလျှင် တတိယအကြိမ် လွှတ်တော်အစည်းအဝေးအား ခေါ်ယူသင့်ကြောင်းနှင့် ပြည်ထောင်စုလွှတ်တော်ရုံး၏ (၁/၂၀၂၁) ထုတ်ပြန်ချက် အား ကန့်ကွက်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

Most Read

Most Recent