လူဦးရေ နှစ်သိန်းကျော်ရှိသော လားဟူတိုင်းရင်းသားများ တန်းတူအခွင့်အရေး ရရှိနိုင်ရေး NLD ပါတီနှင့် တွေ့ဆုံစဉ် လားဟူအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီက တင်ပြခဲ့ဟုဆို

လူဦးရေ နှစ်သိန်းကျော်ရှိသော လားဟူတိုင်းရင်းသားများ တန်းတူအခွင့်အရေး ရရှိနိုင်ရေး NLD ပါတီနှင့် တွေ့ဆုံစဉ် လားဟူအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီက တင်ပြခဲ့ဟုဆို
Published 16 January 2021
စည်သာ (တောင်ကြီး)

NLD ပါတီနှင့် ရှမ်းပြည်နယ် တောင်ကြီးမြို့တွင် ဇန်နဝါရီ ၁၅ ရက်က တွေ့ဆုံရာတွင် လူဦးရေ နှစ်သိန်းကျော်ရှိသော လားဟူတိုင်းရင်းသားများ တန်းတူအခွင့်အရေး ရရှိနိုင်ရန် လားဟူအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေး ပါတီက တောင်းဆိုခဲ့ကြောင်း သိရသည်။

ပြည်ထောင်စုအဆင့်၊ ပြည်နယ်အဆင့်တွင် လားဟူတိုင်းရင်းသား လူမျိုးစုအနေဖြင့် ပါဝင်ခွင့်ရနိုင်ရန် ကိစ္စရပ်များ၊ လားဟူတိုင်းရင်းသားများ မှတ်ပုံတင် ပြုလုပ်ရာတွင် လွယ်လွယ်ကူကူ ဆောင်ရွက်ခွင့်ရရှိစေရန် စသည့်အချက်များ တင်ပြခဲ့ကြောင်း သိရသည်။

“ကျွန်မတို့က ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသလည်း မရှိဘူးပေါ့။ ရှမ်းပြည်နယ်အရှေ့ပိုင်းမှာ လားဟူတိုင်းရင်းသား နှစ်သိန်းကျော်ရှိတယ်။ လားဟူတိုင်းရင်းသားရေးရာဝန်ကြီး တစ်ဦးတည်းနဲ့ လွှမ်းခြုံမှုက မရှိဘူးပေါ့။ လားဟူ တိုင်းရင်းသားရေးရာ ဝန်ကြီးတွေ ပြည်ထောင်စုအဆင့်မှာ ထားနိုင်မယ့် အနေအထားတွေ အခြေအနေတစ်ခု ဖန်တီးပေးဖို့၊ ကျွန်မတို့မှာ လူဦးရေအများကြီး ရှိပေမဲ့လို့ ရှမ်းပြည်တောင်ပိုင်း၊ မြောက်ပိုင်း၊ အရှေ့ပိုင်းမှာ သုံးသိန်းကျော်ရှိတယ်။ အခွင့်အရေးတွေ တန်းတူမရတဲ့အတွက် ကျွန်မတို့ သာတူညီမျှ အခွင့်အရေးရဖို့အတွက် အစိုးရကနေ တိုက်ရိုက်ဖန်တီးပေးနိုင်မယ့် အုပ်ချုပ်ရေးပိုင်းမှာ ကျွန်မတို့ ကိုယ်စားပြု ပါဝင်နိုင်ဖို့အတွက် ဆွေးနွေးခဲ့ပါတယ်။ ငြိမ်းချမ်းရေးမှာလည်း ပြည်ထောင်စု အဆင့်မှာလည်း လက်ရှိအနေအထား ပါဝင်နေတာ ဖြစ်တဲ့အတွက် ဆွေးနွေးခဲ့ပါတယ်” ဟု လားဟူအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီဥက္ကဋ္ဌ ဒေါ်အေးသီတာမြင့် က ပြောကြားသည်။

အဆိုပါတွေ့ဆုံမှုတွင် လားဟူအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေး ပါတီဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့ တက်ရောက်ခဲ့ကြောင်း သိရသည်။

“လားဟူတိုင်းရင်းသားတွေဟာ လူဦးရေ ဒုတိယအများဆုံးဖြစ်ပေမဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ မရဘူး ဖြစ်နေတယ်တဲ့၊ တချို့ဒေသတွေဆိုရင် တခြားတိုင်းရင်းသား နယ်မြေဒေသတွေမှာ ရောက်နေတော့ လွတ်လပ်စွာ မဲဆွယ်စည်းရုံးခွင့်လည်း မရဘူး။ ဒါကိုလည်း ဆောင်ရွက်ပေးစေချင်တယ်ပေ့ါ။ နောက်တစ်ခါ လားဟူဒေသ ဖွံ့ဖြိုးရေးကို ဘတ်ဂျက်ကောင်းကောင်း ချပေးစေချင်ပါတယ်တဲ့။ လားဟူဘတ်ဂျတ်က “၀” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဦးစီးကနေချပေးမှ ဘတ်ဂျက်ရတယ်။ အခက်အခဲတွေရှိတယ်။ မိုင်းဆတ် မိုင်းပျဉ်းလမ်းဆိုရင် ပျက်စီးနေတာ ငြိမ်းချမ်းရေး မကောင်းသလို လမ်းမပြီးနိုင်ဘူး။ ကျောက်ကြမ်းလမ်းကြီး။ အဲဒါကြောင့်မို့ ဆောင်ရွက်ပေးစေချင်ပါတယ်။ နောက် လားဟူစာပေနှင့် ယဉ်ကျေးမှုကိုတော့ သင်လို့ရပြီ။ နောက်တစ်ခါ နှစ်စဉ် တပို့တွဲလဆန်း ၁ ရက်နေ့ကို လားဟူတိုင်းရင်းသားနှစ်အဖြစ် သတ်မှတ်ပေးဖို့ အဲဒါလည်းပြောတယ်” ဟု NLD ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါက်တာအောင်မိုးညိုက ပြောကြားသည်။

ဒေါက်တာအောင်မိုးညို ဦးဆောင်အဖွဲ့သည် ဇန်နဝါရီ ၁၅ ရက်တွင် လားဟူအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေး ပါတီအပြင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP) ပါတီ၊ “၀” အမျိုးသားပါတီနှင့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါ တီတို့အား တွေ့ဆုံခဲ့သည်။

NLD ပါတီမှ ဒေါက်တာ အောင်မိုးညို ဦးဆောင်သော တိုင်းရင်းသားပါတီများနှင့် တွေ့ဆုံဆွေးနွေးရေး အဖွဲ့သည် ရှမ်းပြည်နယ်တွင် ရွေးကောက်ပွဲအနိုင်ရ ပအိုဝ်းအမျိုးသား အဖွဲ့ချုပ် (PNO) ပါတီ၊ တအာင်း (ပလောင်) အမျိုးသားပါတီ (TNP) ပါတီ၊ ကယန်းအမျိုးသားပါတီ၊ တစ်သီးပုဂ္ဂလ ကချင်တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ဦးဇုတ်ဒေါင်တို့အား ဇန်နဝါရီ ၁၃ ရက်နှင့် ၁၄ ရက်တွင်တွေ့ဆုံခဲ့ပြီး ၎င်းတို့၏ ရှမ်းပြည်နယ် ခရီးစဉ်တွင် ရွေးကောက်ပွဲအနိုင်ရ တိုင်းရင်းသားနိုင်ငံရေးပါတီ ခုနစ်ပါတီနှင့် တစ်သီးပုဂ္ဂလ တစ်ဦးတို့အား တွေ့ဆုံခဲ့သည်။

 

Most Read

Most Recent