မန်ယူနှင့်ကစားမည့်ပွဲမှာ လီဗာပူးလ်အတွက် ပိုအရေးကြီးကြောင်း ဖောင်လာ သုံးသပ်

မန်ယူနှင့်ကစားမည့်ပွဲမှာ လီဗာပူးလ်အတွက် ပိုအရေးကြီးကြောင်း ဖောင်လာ သုံးသပ်
Photo: Getty Images
Photo: Getty Images
Published 16 January 2021

လီဗာပူးလ်တိုက်စစ်မှူးဟောင်း ဖောင်လာက မန်ယူအသင်းနှင့်ကစားမည့်ပွဲမှာ အသင်းဟောင်း လီဗာပူးလ်အတွက် ပိုအရေးကြီးကြောင်း သုံးသပ်ပြောကြားခဲ့သည်။ 

မန်ယူအသင်းသည် လက်ရှိတွင် ပရီးမီးယားလိဂ်အမှတ်ပေးဇယားကို ရမှတ် (၃၆)မှတ်ဖြင့် ဦးဆောင်နေပြီး ဒုတိယနေရာမှ လီဗာပူးလ်အသင်း(၃၃ မှတ်)ကို (၃) မှတ် ဖြတ်ထားသည်။ 

လီဗာပူးလ်အသင်းသည် ပရီးမီးယားလိဂ်နောက်ဆုံး (၃)ပွဲဆက်နိုင်ပွဲပျောက်ဆုံးထားခြင်းကြောင့် လာမည့်တနင်္ဂနွေနေ့တွင် အန်ဖီးလ်ကွင်း၌ ကစားမည့် မန်ယူအသင်းနှင့်ပွဲမှာ လီဗာပူးလ်အတွက် ပိုအရေးကြီးကြောင်း ဖောင်လာက ပြောကြားခဲ့ခြင်းဖြစ်သည်။ 

"ဒီပွဲက နှစ်သင်းစလုံးအတွက် အရေးကြီးတဲ့ပွဲဖြစ်ပြီး ဒုတိယနေရာက လီဗာပူးလ်အတွက် ပိုလို့တောင် အရေးကြီးပါတယ်။ ဒီပွဲက လီဗာပူးလ်အတွက် ရှုံးလို့မဖြစ်တဲ့ပွဲဖြစ်ပြီး မန်ယူနဲ့ (၆)မှတ်ကွာဟသွားတာကို သူတို့လိုချင်မယ် မထင်ပါဘူး။ လီဗာပူးလ်အနေနဲ့ လက်ရှိမှာ အကောင်းဆုံးစွမ်းဆောင်နိုင်ခြင်းမရှိပေမဲ့ မန်ယူနဲ့ ကစားမယ့်ပွဲကို ယုံကြည်မှုအပြည့်နဲ့ ကစားနိုင်မယ်လို့ ကျွန်တော် ထင်ပါတယ်။ လက်ရှိအခြေအနေအရ ဒီပွဲက လီဗာပူးလ်အတွက် ပိုအရေးကြီးပြီး လီဗာပူးလ်ပရိသတ်တစ်ဦးအနေနဲ့ ဒီပွဲမှာ လီဗာပူးလ်နိုင်မယ်လို့ ကျွန်တော် ထင်ပါတယ်"ဟု ဖောင်လာက ပြောကြားခဲ့သည်။ 

အသက် (၄၅)နှစ်အရွယ်ရှိ ရော်ဘီဖောင်လာသည် လီဗာပူးလ်အကယ်ဒမီထွက် ကစားသမားတစ်ဦးဖြစ်ပြီး လီဗာပူးလ်အသင်းအတွက် ပြိုင်ပွဲစုံ (၃၆၉)ပွဲကစားကာ (၁၈၃)ဂိုး သွင်းယူပေးခဲ့သူဖြစ်သည်။ 

၎င်းသည် လက်ရှိတွင် အိန္ဒိယကလပ် အရှေ့ဘန်ဂေါလ်အသင်း၏ နည်းပြအဖြစ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ 

Most Read

Most Recent