ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရသည့် နာမည်ကြီး ဗြိတိန်တင်းနစ်သမား အန်ဒီမာရေးသည် ဩစတြေးလျအိုးပင်း ဂရင်းစလင်းပြိုင်ပွဲကို လွဲချော်ဖွယ်ရှိနေကြောင်း သိရသည်။
ဂရင်းစလင်းချန်ပီယံဆု (၃)ကြိမ်ရရှိထားသည့် အန်ဒီမာရေးသည် ယခုရက်ပိုင်းအတွင်း ဩစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့သို့ သွားရောက်ရမည်ဖြစ်သော်လည်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရသဖြင့် လန်ဒန်မြို့ရှိ နေအိမ်၌ Quarantine နေထိုင်လျက်ရှိသည်။
၂၀၂၁ ခုနှစ်အတွက် ပထမဆုံး ဂရင်းစလင်းပြိုင်ပွဲဖြစ်သည့် ဩစတြေးလျအိုးပင်းပြိုင်ပွဲကို ဖေဖော်ဝါရီ (၈)ရက်တွင် စတင်ကျင်းပမည်ဖြစ်ပြီး ကစားသမားများအနေဖြင့် Quarantine (၁၄) ရက် နေထိုင်ရမည်ဖြစ်သောကြောင့် အနည်းဆုံး နှစ်ပတ်ကြိုတင်သွားရောက်ရန် လိုအပ်ကြောင်း သိရသည်။
မာရေးသည် COVID-19 အန္တရာယ်စိုးရိမ်သဖြင့် ဇန်နဝါရီလဆန်းပိုင်းက အမေရိကန်နိုင်ငံ၌ ကျင်းပသည့် ရာသီအဖွင့် Delray Beach ပြိုင်ပွဲမှနုတ်ထွက်ခဲ့သော်လည်း လက်ရှိအခြေအနေအရ ဩစတြေးလျအိုးပင်းပြိုင်ပွဲကို လွဲချော်ဖွယ်ရှိနေခြင်းဖြစ်သည်။
သို့သော် ၎င်းကမူ ကျန်းမာရေး ကောင်းမွန်လျက်ရှိသောကြောင့် မကြာခင် သွားရောက်ရန် ခွင့်ပြုချက်ရမည်ဟု ယုံကြည်ကြောင်း ပြောကြားထားသည်။
ဩစတြေးလျအိုးပင်းပြိုင်ပွဲွဲကို ဖေဖော်ဝါရီ (၈) ရက်မှ (၂၁) ရက်အထိ ကျင်းပမည်ဖြစ်ပြီး ဂျိုကိုဗစ်(ဆားဘီးယား) နှင့် ဆိုဖီယာကန်နင်(အမေရိကန်)တို့ ချန်ပီယံဆု ကာကွယ်ရမည်ဖြစ်သည်။















