ရာသီဝက်ပင်မရောက်သေးသဖြင့် ချန်ပီယံဆုအကြောင်းပြောရန် ဆိုးလ်ရှား ငြင်းဆန်ခဲ့ပြီး လီဗာပူးလ်နှင့်ပွဲတွင် ပေါ့ဘာ၊ လင်ဒီလော့ဖ်၊ လုခ်ရှောတို့ပါဝင်နိုင်ရန် မျှော်လင့်ထား
မန်ယူအသင်းနည်းပြ ဆိုးလ်ရှားက လက်ရှိအချိန်မှာ ရာသီဝက်ကာလပင်မရောက်သေးသဖြင့် ချန်ပီယံဆုအကြောင်းပြောရန်စောသေးကြောင်း ငြင်းဆန်ပြောကြားသည်။

မန်ယူအသင်းသည် နိုဝင်ဘာမှစ၍ ပရီးမီးယားလိဂ် ၁၀ ပွဲဆက်တိုက် ရှုံးပွဲမရှိ ကစားထားပြီး လက်ရှိချန်ပီယံ လီဗာပူးလ်အသင်းကို တစ်ပွဲလျော့ ရမှတ်တူဖြင့် ဒုတိယနေရာမှ ဖိအားပေးလျက်ရှိသည်။
ထို့ပြင် မန်ယူအသင်းသည် ပွဲစဉ် ၁ ပွဲကျန်အဖြစ် အင်္ဂါနေ့ (ယနေ့)တွင် ဘန်လေအသင်းနှင့် အဝေးကွင်းကစားရမည်ဖြစ်ပြီး သရေ သို့မဟုတ် အနိုင်ရပါက လီဗာပူးလ်အသင်းကို ကျော်ဖြတ်၍ ပွဲတူရမှတ်အသာဖြင့် ထိပ်ဆုံးနေရာကို လွှဲပြောင်းရယူနိုင်မည်ဖြစ်သည်။

သို့ဖြစ်ရာ မန်ယူအသင်းအနေဖြင့် ၂၀၁၃ ခုနှစ်နောက်ပိုင်း ခုနစ်နှစ်ကြာ ဝေးကွာနေသည့် ပရီးမီးယားလိဂ်ချန်ပီယံဆုကို တစ်ကျော့ပြန် စိန်ခေါ်နိုင်မည့်အခြေအနေရှိနေသော်လည်း ဆိုးလ်ရှားက ယခုလို သုံးသပ်ပြောကြားခြင်းဖြစ်သည်။

''ကျွန်တော်တို့အနေနဲ့ ရာသီဝက်ကာလတောင် မရောက်သေးပါဘူး။ ပရီးမီးယားလိဂ်မှာ ပွဲစဉ်တိုင်းက စိန်ခေါ်မှုတွေ၊ စမ်းသပ်မှုတွေပါပဲ။ ပွဲအားလုံးက မတူညီတဲ့စမ်းသပ်မှုတွေပါ။ ဝက်ဖို့ဒ်က ကျွန်တော်တို့အတွက် စမ်းသပ်မှုတစ်ခုဖြစ်သလို ဘန်လေကလည်း စမ်းသပ်မှုပါပဲ။ လီဗာပူးလ်ကတော့ နောက်ထပ်တစ်ခုပေါ့။ ပြီးသွားရင်လည်း ဖူလ်ဟမ်နဲ့ မတူကွဲပြားတဲ့ စမ်းသပ်မှုခံရဦးမှာပါ။ ၂၀၂၁ ဇန်နဝါရီ ၁၂ ရက်မှာ လိဂ်ပြိုင်ပွဲရဲ့ အမှတ်ပေးဇယား ဘယ်လိုအခြေအနေရှိခဲ့လဲဆိုတာ ဘယ်သူမှ မှတ်မိကြမှာ မဟုတ်ပါဘူး။ ကျွန် တော်တို့ဆီမှာ အရှိန်အဟုန်ကောင်းတစ်ခု ရှိနေပါပြီ။ စီးတီးကို စိတ်ပျက်စရာ ရှုံးနိမ့်ပြီးတဲ့နောက် ဝက်ဖို့ဒ်နဲ့ပွဲမှာ နိုင်ပွဲပြန်ရခဲ့ပါတယ်။ အဲဒီအရှိန်ကို ထပ်ပြီးတည်ဆောက်သွားချင် ပါတယ်။ အင်္ဂါနေ့မှာ အနိုင်ရရင် နှစ်ပွဲဆက်ပုံစံကောင်းနဲ့ တုံ့ပြန်နိုင်မှာဖြစ်သလို နောက်တစ်ပွဲအတွက်လည်း ယုံကြည်မှုရသွားမှာပါ။ ပရီးမီးယားလိဂ်မှာ ပွဲအားလုံးက ယုံကြည်မှု တည်ဆောက်ဖို့အတွက် အခွင့်အရေးတွေပါပဲ''ဟု ၎င်းက ပြောကြားသည်။

ထို့ပြင် ဒဏ်ရာပြဿနာရှိနေသည့် ကွင်းလယ်လူ ပေါ့ဘာ၊ နောက်ခံလူ လင်ဒီလော့ဖ်နှင့် လုခ်ရှောတို့သုံးဦးစလုံး တနင်္ဂနွေနေ့ကစားမည့် လီဗာပူးလ်နှင့်ပွဲအမီ ကြံ့ခိုင်မှုပြည့်ဝလာရန် မျှော်လင့်ကြောင်း ဆိုးလ်ရှားက ဆက်လက်ပြောကြားသည်။
''လီဗာပူးလ်နဲ့ပွဲမှာ သူတို့ သေချာပေါက်ပြန်ကစားနိုင်မယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်။ ဘန်လေနဲ့ပွဲမှာ တစ်ယောက်လောက် ကစားနိုင်မလားဆိုတာတော့ မသေချာပါဘူး။ တနင်္လာနေ့မှာ စောင့်ကြည့်ရမှာပါ''ဟု ၎င်းက ဆိုသည်။















