ယခုရာသီတွင် ရီးယဲလ်မက်ဒရစ်အသင်းအတွက် ဂိုးအများဆုံးသွင်းယူထားပြီး အသင်းသွင်းဂိုး စုစုပေါင်း၏ (၃)ပုံ၊ (၁)ပုံနီးပါးကို သွင်းယူထားသည့် ဘန်ဇီမာသည် ယခုအချိန်တွင် သွင်းဂိုး၊ ဖန်တီးမှုတင်မဟုတ်ဘဲ ဂိုးပေါက်တည့်ကန်ချက်ပင် လုံးဝမရှိသည်မှာ (၃)ပွဲဆက်တိုက်ရှိလာခဲ့ပြီဖြစ်ကြောင်း သိရှိရသည်။
ရီးယဲလ်မက်ဒရစ်အသင်းသည် ယခုရာသီတွင် သွင်းဂိုးစုစုပေါင်း (၃၇)ဂိုးသွင်းယူထားရာ၊ ဘန်ဇီမာတစ်ဦးတည်းက (၁၂)ဂိုးအထိ သွင်းယူထားခြင်းဖြစ်သည်။

သို့ရာတွင် ရီးယဲလ်မက်ဒရစ်အသင်း၏ လာလီဂါနောက်ဆုံးပွဲစဉ် (၃)ပွဲဖြစ်သည့် အယ်လ်ချီ၊ ဆယ်လ်တာဗီဂို၊ အိုဆာဆူနာအသင်းတို့နှင့် ကစားခဲ့သည့်ပွဲစဉ်များတွင် ဘန်ဇီမာသည် ဂိုးပေါက်တည့်ကန်ချက်ပင် မရှိခဲ့ခြင်းဖြစ်ပြီး ယင်းအတွက်လည်း အသင်းနည်းပြ ဇီဒန်း၏ နည်းဗျူဟာပိုင်းကိုပါ ဝေဖန်ခံနေရသည်။
ရီးယဲလ်မက်ဒရစ်အသင်းသည် ယခုရာသီတွင် အဆိုးရွားဆုံးတိုက်စစ်ပြဿနာနှင့် ကြုံတွေ့နေရပြီး၊ ဘန်ဇီမာအပြင် နောက်ထပ်ဂိုးအများဆုံးသွင်းယူထားသည့် ကစားသမားမှာလည်း (၄)ဂိုးသာ ရရှိထားသည်။
ယင်းအခြေအနေမှာ အခြားဥရောပထိပ်တန်းအသင်းကြီးများနှင့် နှိုင်းယှဉ်ပါက အလွန်ဆိုးရွားနေသည်ကိုလည်း တွေ့ရသည်။

ရီးယဲလ်မက်ဒရစ်ကစားသမားဟောင်း စီရော်နယ်လ်ဒိုသည် ယခုရာသီတွင် ဂျူဗင်တပ်စ်အတွက် (၁၈)ဂိုးအထိ သွင်းယူထားပြီး ဒုတိယဂိုးအများဆုံးဖြစ်သည့် မိုရာတာက (၁၀)ဂိုးအထိ ရရှိထားသည်။
ထို့အတူ ဘိုင်ယန်မြူးနစ်အသင်းတွင် လီဝန်ဒေါစကီးက (၂၃)ဂိုးသွင်းယူထားချိန်၌ သောမတ်စ်မူလာက (၉)ဂိုးသွင်းယူထားပြီး၊ ဘာစီလိုနာအသင်းတွင်လည်း မက်ဆီနှင့် ဂရီးဇ်မန်း၊ PSG တွင် နေမာနှင့် ဘာပေတို့က ဂိုးများစွာသွင်းယူနေကြသည်။















