ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော်၏ နောက်ဆုံးအစည်းအဝေး ခေါ်ယူပေးရန် နိုင်ငံတော်သမ္မတထံသို့ ပြည်ခိုင်ဖြိုးပါတီ အိတ်ဖွင့်ပေးစာပေးပို့

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော်၏ နောက်ဆုံးအစည်းအဝေး ခေါ်ယူပေးရန် နိုင်ငံတော်သမ္မတထံသို့ ပြည်ခိုင်ဖြိုးပါတီ အိတ်ဖွင့်ပေးစာပေးပို့
Published 9 January 2021
အောင်မင်းသိန်း

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော်၏ နောက်ဆုံးအစည်းအဝေး ခေါ်ယူပေးရန် နိုင်ငံတော်သမ္မတထံသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ဇန်နဝါရီ ၈ ရက်တွင် အိတ်ဖွင့်ပေးစာ ပေးပို့ထားကြောင်း သိရသည်။

အဆိုပါအိတ်ဖွင့်ပေးစာတွင် နိုင်ငံတော်၏ အခြေခံမူများ မပျက်ယွင်းအောင် ပုဒ်မ ၁၁ (က) နှင့်အညီ အပြန်အလှန်ထိန်းကျောင်းရမည့်တာဝန်ကို ပြည်ထောင်စုလွှတ်တော်က ဆောင်ရွက်နိုင်ရန်၊ လက်ရှိလွှတ်တော် သက်တမ်းကို မှန်ကန်စွာအဆုံးသတ်ပိတ်သိမ်း၍ လွှတ်တော်သက်တမ်း အသစ်တစ်ခုကို ဥပဒေနှင့်အညီ ကူးပြောင်းပြီး စည်းကမ်းပြည့်ဝသော ဒီမိုကရေစီစနစ်ဖြင့် နိုင်ငံတည်ဆောက်ရေးအတွက် ပြည်သူ့ကိုယ်စားလှယ်များနှင့် စုပေါင်းတိုင်ပင် အဖြေရှာဆုံးဖြတ်ကြရန်နှင့် ဖြစ်ပေါ်နေသည့်အခြေအနေ အရပ်ရပ်ကို ပွင်းလင်းမြင်သာစွာ ဖြေရှင်းနိုင် ရေးအတွက် သက်တမ်းကျန်ရှိနေသေးသော ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် နောက်ဆုံးအစည်းအဝေးအား ခေါ်ယူပေးရန် နိုင်ငံတော်သမ္မတအား လေးစားစွာ တင်ပြတောင်းဆိုကြောင်း ပါရှိသည်။

ထို့ပြင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကျင်းပြီးစီးခဲ့သော်လည်း ရွေးကောက်ပွဲ၌ ဖြစ်ပေါ်ခဲ့သော မဲမသမာမှုများ၊ မဲဆန္ဒရှင်လူဦးရေစာရင်း အလွန်အမင်းကွာဟနေမှုများသည် ယနေ့အချိန်အထိ သက်သေအထောက်အထားနှင့်တကွ မြန်မာနိုင်ငံအနှံ့အပြားတွင် ပေါ်ပေါက်လျက်ရှိပြီး ယင်းသို့ပေါ်ပေါက်လာသော တရားမဲ့ပြုကျင့်မှုများနှင့် မဲမသမာမှု အထောက်အထားများကိုလည်း ပြည်ခိုင်ဖြိုးပါတီမှ သတင်းစာရှင်းလင်းပွဲများ အကြိမ်ကြိမ်ပြုလုပ်ကာ နိုင်ငံတကာသံတမန်များ၊ သတင်းမီဒီယာများနှင့် ပြည်သူများရှေ့မှောက်တွင် သက်သေအထောက်အထားနှင့် တကွ ရှင်းလင်းပြောကြားနေဆဲ ဖြစ်ကြောင်း ပြည်ခိုင်ဖြိုးပါတီ၏ အိတ်ဖွင့်ပေးစာတွင် ဖော်ပြထားသည်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အနေဖြင့် ရွေးကောက်ပွဲကို ကျင်းပခဲ့သည့် အဓိကတာဝန်အရှိဆုံး အဖွဲ့အစည်းတစ်ခု ဖြစ်သော်လည်း မဲဆန္ဒရှင်စာရင်း အလွန်အမင်းကွာဟနေခြင်းများ၊ မဲမသမာမှုများနှင့် ပတ်သက်၍ နိုင်ငံရေးပါတီများနှင့် မဲဆန္ဒရှင် ပြည်သူများအား တာဝန်ယူမှု၊ တာဝန်ခံမှုဖြင့် ပွင့်လင်းမြင်သာစွာ ရှင်းလင်းဖြေကြားခြင်းမျိုး ယနေ့တိုင်မရှိသေးသည်ကို တွေ့ရကြောင်း အိတ်ဖွင့်ပေးစာတွင် ဖော်ပြပါရှိသည်။

ရွေးကောက်ပွဲတွင် မဲမသမာမှုများ၊ အခြားသော အမှုအခင်းများမရှိစေရေးအတွက် နိုင်ငံရေးပါတီ ၁၆ ပါတီ၏ ပူးတွဲသဘောထားကြေညာချက်၊ ပြည်ခိုင်ဖြိုးပါတီနှင့် နိုင်ငံရေးပါတီ ၁၈ ပါတီတို့မှ ဖွဲ့စည်းပုံအခြေခံ ဥပဒေပါ ပြဋ္ဌာန်းချက်များအား ကျော်လွန်လုပ်ဆောင်ကာ ဥပဒေက ပေးအပ်ထားသော တာဝန်များ ပျက်ကွက်နေသည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အား အရေးယူပေးရန် နိုင်ငံတော်သမ္မတထံသို့ အိတ်ဖွင့်ပေးစာပေးပို့ခြင်းများ ရှိခဲ့သော်လည်း နိုင်ငံတော်အစိုးရနှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်တို့မှ တရားမျှတသည့် ရွေးကောက်ပွဲရလဒ်တစ်ခုဖြစ်ပေါ်လာရေး စီစဉ်ဆောင်ရွက်ပေးမှုမရှိခဲ့သည့်အပြင် တစ်စုံတစ်ရာ ပြန်ကြားခဲ့ခြင်းမရှိခဲ့ကြောင်း ပြည်ခိုင်ဖြိုးပါတီက အိတ်ဖွင့်ပေးစာတွင် ဖော်ပြထားသည်။

အထက်ပါ အကြောင်းအရာများကို မြန်မာနိုင်ငံတစ်ဝှမ်းလုံးရှိ မဲဆန္ဒရှင်ပြည်သူများအား တရားဝင် ဖြေရှင်းအသိပေးနိုင်ခြင်း မရှိသည့်အခြေအနေမျိုးတွင် လွှတ်တော်ဥက္ကဋ္ဌများက တတိယအကြိမ် ပြည်ထောင်စု လွှတ်တော်အစည်းအဝေးကို ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်တွင် စတင်ကျင်းပရန် အသိပေးကြေညာခဲ့ခြင်းသည် နိုင်ငံရေးပါတီများအပေါ် အပြန်အလှန်လေးစားမှုမရှိသကဲ့သို့ နိုင်ငံတော်အာဏာကိုလည်း မရိုးဖြောင့်သောနည်းဖြင့် ရယူရန်ဆောင်ရွက်ခြင်းဖြစ်ကြောင်း အိတ်ဖွင့်ပေးစာ၌ ဖော်ပြထားသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပြဋ္ဌာန်းထားသော အသက် ၁၈ နှစ် မပြည့်သေးသူများ အများအပြားအား မဲစာရင်းတွင် ထည့်သွင်းပါဝင်နေခြင်း၊ သေဆုံးပြီးသူများ၊ မဲစာရင်းတွင် အမြောက်အများပါဝင်နေခြင်း၊ လွှတ်တော် မဲဆန္ဒနယ်တစ်ခုအတွက် မဲဆန္ဒရှင် တစ်ဦးတည်းက အကြိမ်ကြိမ်မဲပေးခဲ့ခြင်း ဖြစ်စဉ်များကြောင့် ပါတီစုံမှဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ကိုယ်စားလှယ်လောင်းများအတွက် လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲမဟုတ်ခြင်း၊ ပြည်ခိုင်ဖြိုးပါတီကို မဲပေးခဲ့ကြသည့် မဲဆန္ဒရှင်ပြည်သူများအတွက် နိုင်ငံသားအခွင့်အရေးများ နစ်နာဆုံးရှုံးခဲ့ခြင်းများ ဖြစ်ပေါ်စေခဲ့သည့်အတွက် တတိယအကြိမ် ပြည်ထောင်စု လွှတ်တော်အစည်းအဝေး ကျင်းပရန် ဆုံးဖြတ်ကြေညာခဲ့ခြင်းကို ဆိုင်းငံ့ပေးပါရန်လည်း နိုင်ငံတော်သမ္မတထံသို့ ပေးပို့ထားသော အိတ်ဖွင့်ပေးစာတွင် ဖော်ပြထားသည်။