ရှမ်းပြည်နယ်မြောက်ပိုင်း၊ ‘၀’ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ပန်ဆန်း (ပန်ခမ်း) မြို့ရှိ ဒေသခံ တိုင်းရင်းသားများနှင့် ပြင်ပမှ လာရောက်သူ တစ်ယောက်မကျန် COVID-19 ရောဂါ စစ်ဆေးနေစဉ်အတွင်း ဇန်နဝါရီ ၆ ရက်မှ စတင်ကာ မြို့ကို Lockdown ချကြောင်း သိရသည်။
“ဇန်နဝါရီ ၆ ရက်ကနေ စပါမယ်။ အဲဒါ တို့ဖတ်နမူနာတွေ အားလုံးစစ်ဆေးနိုင်ဖို့ပေါ့။ ဒီရောဂါ ထိန်းချုပ်နိုင်ရေး အတွက် လုပ်တာပါ။ ဘယ်နှရက်ဆိုတာ ပြန်ပြီးထုတ်ပြန်ဖို့ ရှိပါတယ်။ ဒီတို့ဖတ်နမူနာ ဘယ်အချိန်ပြီးမလဲဆိုတာ ခဏတော့ စောင့်ရမှာပေါ့။ “၀” ပြည်နယ် ဆက်ဆံရေးရုံး (လားရှိုး) မှ ဦးညီရမ်းထံက ပြောကြားသည်။
မြန်မာနိုင်ငံ “၀” ပြည်နယ်အတွင်း ၂၀၂၀ ခုနှစ် ဒီဇင်ဘာ ၅ ရက်မှ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီ ၄ ရက် နေ့လည် ၁၁ နာရီအတွင်း ဓာတ်ခွဲနမူနာ စုစုပေါင်း ၇၉၃၀၈ ဦး စစ်ဆေးခဲ့ရာ COVID-19 ရောဂါ အတည်ပြုလူနာများမှာ မိုင်းပေါက်ခရိုင် မိုင်းပေါက်မြို့တွင် ၃၄ ဦး၊ ဟိုတောင်းမြို့တွင် ခုနစ်ဦးနှင့် မိုင်းဖျင်းမြို့တွင် ရှစ်ဦး၊ မိုင်းပေါက်ခရိုင်တွင် စုစုပေါင်း ၄၉ ဦးနှင့် ပန်ဆန်း (ပန်ခမ်း) မြို့ ၌ ၃၅ ဦးတွေ့ရှိထားကာ စုစုပေါင်း အတည်ပြုလူနာ ၈၄ ဦးတွေ့ရှိရပြီး သေဆုံးသူ မရှိသေးကြောင်း “၀” ပြည်နယ် ကျန်းမာရေးဌာန COVID-19 ရောဂါထိန်းချုပ်ရေးအဖွဲ့ ထုတ်ပြန်ချက်အရ သိရသည်။
ထို့ပြင် “၀” ပြည်နယ် ကျန်းမာရေးဌာန COVID-19 ရောဂါ ထိန်းချုပ်ရေးအဖွဲ့ ထုတ်ပြန်ချက်အရ ပန်ခမ်းမြို့ COVID-19 ရောဂါ ကာကွယ်ကုသ ထိန်းချုပ်နိုင်ရေးအတွက် အချက် ခုနစ်ချက်ပါ ထုတ်ပြန်ချက်ကို ထုတ်ပြန်ထားပြီး တာဝန်ရှိသူမှအပ မည်သူမျှ အပြင်ထွက် သွားလာခွင့်မရှိ၊ တာဝန်ရှိသူများ အားလုံးကို ဇန်နဝါရီ ၃၊ ၄၊ ၅ ရက်များတွင် ဓာတ်ခွဲစစ်ဆေးမှု ပြုလုပ်သွားမည်ဖြစ်ကာ ယခုတစ်ကြိမ် စစ်ဆေးမှုကိုသာ အသိအမှတ်ပြုမည် ဖြစ်ကြောင်း၊ ပန်ခမ်းမြို့အတွင်း ရှိနေသူများ၊ ပြင်ပမှ ဝင်ရောက်လာသူများ အားလုံးကို အခမဲ့ စစ်ဆေးပေးမည် ဖြစ်ကြောင်းနှင့် လမ်းညွှန်ချက်အတိုင်း လိုက်နာမှုမရှိဘဲ ချိုးဖောက်ပါက ပြင်းထန်စွာ အရေးယူသွားမည် ဖြစ်ကြောင်း၊ အရေးပေါ် ကိစ္စများအား ပန်ခမ်းမြို့နယ် ရဲစခန်းသို့ ဖုန်းဖြင့် ဆက်သွယ် အကူအညီ တောင်းခံနိုင်ပြီး Lockdown ပြန်ဖြည်မည့်ရက်ကို ပြန်လည်အသိပေးသွားမည် ဖြစ်ကြောင်း ဖော်ပြပါရှိသည်။
ယခုအတည်ပြု လူနာများအား တရုတ်နိုင်ငံ၊ မုန်းလင်မြို့၊ ကြက်ခြေနီ အသင်းမှ ဆေးဝါးကျွမ်းကျင် ပညာရှင်များနှင့် “၀” ပြည်နယ် ဒေသကျန်းမာရေးဌာန၊ ရောဂါကာကွယ် ထိန်းချုပ်ရေးအဖွဲ့တို့ ပူးပေါင်း၍ ဆေးကုသမှုပေးနေပြီး လူနာအားလုံး ရောဂါပြင်းထန်သူ မရှိကြောင်း၊ ယင်းလူနာများ၏ သွားလာလှုပ်ရှားမှုများကို စုံစမ်းဖော်ထုတ် လျက်ရှိကြောင်း ဖော်ပြထားသည်။
“၀” ပြည်နယ်အတွင်း ပထမဦးဆုံး COVID-19 အတည်ပြုလူနာ ဖြစ်ခဲ့သည့် တရုတ်နိုင်ငံသားသည် ပြီးခဲ့သည့် ရက်ပိုင်းများက မိုင်းလားမြို့တွင် လေးရက်ကြာ နေထိုင်ခဲ့ပြီး ထိုမှတစ်ဆင့် မိုင်းပေါက်သို့ အငှားယာဉ်ဖြင့် ဆက်လက် သွားရောက်ခဲ့ကာ ပန်ဆန်းမြို့သို့ သွားရောက်ခဲ့ရာမှ “၀” ပြည်နယ်အတွင်း၌ စတင်တွေ့ရှိခဲ့ခြင်း ဖြစ်သည်။















