ရွှေညောင်မြို့တွင် COVID-19 လူနာငါးဦး တွေ့ရှိပြီးနောက် ရွှေညောင်စျေးအား ယာယီပိတ်

ရွှေညောင်မြို့တွင် COVID-19 လူနာငါးဦး တွေ့ရှိပြီးနောက် ရွှေညောင်စျေးအား ယာယီပိတ်
Published 7 January 2021
စည်သာ (တောင်ကြီး)

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့တွင် COVID-19 ပိုးတွေ့လူနာ ငါးဦးတွေ့ပြီးနောက် ဇန်နဝါရီလ ၆ ရက်၊ ညနေပိုင်းမှ စတင်၍ ရွှေညောင်စျေးကို ၁၄ ရက် ယာယီပိတ်ခဲ့ကြောင်း ရွှေညောင်မြို့၊ အုပ်ချုပ်ရေးမှူးထံမှ သိရသည်။

ရွှေညောင်မြို့တွင် COVID-19 ရောဂါပိုးတွေ့လူနာ ငါးဦးရှိပြီး ဇန်နဝါရီလ ၆ ရက် ညနေပိုင်းမှ စတင်၍ ရက်သတ္တ နှစ်ပတ်တာ ယာယီစျေး ပိတ်လိုက်ကာ ရောဂါထိန်းချုပ်နိုင်မှုအပေါ် မူတည်၍ စျေးပြန်လည် ဖွင့်လှစ်မည့်ရက်ကို ကြေညာပေးသွားမည်ဖြစ်ကြောင်း သိရသည်။

“မနေ့ညနေက စပိတ်တာပေါ့။ ရွှေညောင်မှာ ငါးဦးတွေ့ပြီ။ ပထမတော့ မိသားစုဝင်တွေ ၄ ယောက်ပေါ့။ နောက်တစ်ယောက်က အနံ့ပျောက်စျေးထဲက တစ်ယောက်ပေါ့။ မနေ့ညနေဘက်က စျေးကို ဆေးဖြန်းတာပေ့ါ။ ၁၄ ရက်ပြည့်တော့မှ ထိန်းချုပ်နိုင်မှု အခြေအနေပေါ် မူတည်ပြီးတော့ ပြန်ဖွင့်မလား စဉ်းစားကြမှာပေ့ါ” ဟု ရွှေညောင်မြို့၊ အုပ်ချုပ်ရေးမှူး ဦးသက်ဦးမောင်က ပြောကြားသည်။

“၁၄ ရက် ပိတ်ထားတယ်။ စျေးထဲမှာ Positive လူနာ တစ်ဦးတွေ့တာပေ့ါ။ တစ်ဦးကလည်း ၁ ရက်နေ့ထဲက ခွင့်ယူထားတာ စျေးကိုမလာဘူး။ ၆ ရက်နေ့မှာ Positive ဖြစ်တယ်။ စျေးကို ၁ နာရီခွဲမှာစပြီး ပိတ်လိုက်တယ်။ အိမ်မှာနေတဲ့ လူတွေကနေ ထိစပ်ကြတာပေ့ါ။ စျေးမှာတော့ တစ်ဦးပဲ အဖြေထွက်တယ်” ဟု ရွှေညောင်စျေးမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

“ရွှေညောင်စျေးထဲမှာ စျေးရောင်းတဲ့ မိသားစု ၄ ယောက်၊ ဆေးဆိုင်က တစ်ယောက်၊ ပေါင်း ၅ ယောက်ပါ။ သူ့မိန်းမနဲ့ သူ့သမီးက တောင်ကြီးစျေးကို အဝယ်သွားတာ၊ အဲဒါ ဖျားလို့ ဆေးခန်းသွားတာ မသင်္ကာလို့ စဝ်စံထွန်းဆေးရုံမှာ စစ်တာ ပေါ့စတစ် ဖြစ်နေတယ်။ အိမ်သူအိမ်သားတွေကို Quarantine သွင်းရင်းနဲ့ စစ်လိုက်တော့ ပိုးတွေ့တယ်။ ဆေးဆိုင်က တစ်ယောက်ကလည်း အနံ့အရသာ မရှိလို့ Quarantine ခေါ်ပြီး Test Kit နဲ့ စစ်တာ ပိုးတွေ့တယ် ဖြစ်စဉ်အမှန်ပဲ” ဟု ရွှေညောင်မြို့ခံ ဦးအောင်ငွေက ဆိုသည်။

ဇန်နဝါရီလ ၆ ရက် စာရင်းအရ တောင်ကြီးမြို့၊ စဝ်စံထွန်းဆေးရုံကြီးတွင် လူနာပေါင်း ၅၄ ဦး တက်ရောက် ကုသလျက်ရှိကြောင်း ဆေးရုံအုပ်ထံမှ သိရသည်။

ဇန်နဝါရီလ ၆ ရက် မွန်းလွဲပိုင်းအထိ ရှမ်းပြည်နယ် တစ်ပြည်နယ်လုံးတွင် စုစုပေါင်း ပိုးတွေ့လူနာပေါင်း ၉၆၀ ဦး၊ လက်ရှိဆေးရုံ တက်ရောက် ကုသနေသူပေါင်း ၂၂၀ ဦး၊ ကိုဗစ်ရောဂါ ပြန်လည်ကင်းစင်လာသူဟု သတ်မှတ်သူပေါင်း ၇၃၇ ဦး၊ သေဆုံးသူ ၃ ဦး ရှိကြောင်း ရှမ်းပြည်နယ် ကုသရေးနှင့် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနထံမှ သိရသည်။

ရှမ်းပြည်နယ်တွင် COVID-19 ရောဂါနှင့် ပတ်သက်၍ ပြည်နယ်အတွင်း ဆေးရုံများ၌ တက်ရောက် ကုသနေသော လူနာများအခြေအနေမှာ ဇန်နဝါရီလ ၅ ရက်အထိ ရှမ်းပြည်နယ် အရှေ့ပိုင်း၊ မြောက်ပိုင်း၊ တောင်ပိုင်းတို့တွင် ပြည်နယ်ချုပ်အားဖြင့် လူနာစုစုပေါင်း ၂၀၇၅ ဦး၊ ရောဂါပိုးတွေ့လူနာ ၁၅၆ ဦး၊ သေဆုံးမှု ၂၉ မှု၊ ဆေးရုံဆင်းသူ ၁၃၅၇ ဦး၊ လက်ရှိကုသဆဲ လူနာ ၅၃၃ ဦး၊ ရှိကြောင်း ရှမ်းပြည်နယ် အစိုးရအဖွဲ့ လူမှုရေးဝန်ကြီးထံမှ သိရသည်။

 

Most Read

Most Recent