၂၀၁၅ မဲဆန္ဒရှင်စာရင်းများအား ဆယ်တင်/ ဖျက်ဆီးခြင်းများကို ပွင့်လင်းမြင်သာစွာ ဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာ နိုင်ငံရေးပါတီများသို့ ကြိုတင်အသိပေးအကြောင်းကြားသင့်ပြီး ဖျက်ဆီးမှုများအား ကာလတစ်ခု ဆိုင်းငံ့ထားသင့်ကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ဇန်နဝါရီ ၆ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။
အဆိုပါထုတ်ပြန်ချက်တွင် ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် အသုံးပြုခဲ့သော ဆန္ဒမဲလက်မှတ်များ၊ မဲရုံသုံးပစ္စည်းများ၊ အထောက်အကူပစ္စည်းများ၊ စာရေးကိရိယာများနှင့် ရွေးကောက်ပွဲဆိုင်ရာ စာရွက်စာတမ်းများသည် နည်းဥပဒေ ၈၆(ခ)ပါ ပြဋ္ဌာန်းချက်များအရ ကာလစည်းကမ်းသက် ကျော်လွန်ပြီးဖြစ်၍ မဲဆန္ဒရှင်စာရင်းများ၊ ပြန်လည်အသုံးပြုနိုင်သော မဲရုံသုံးပစ္စည်းများ (မင်ခံခွက် ၊ ချိပ်တံဆိပ်၊ ချိပ်တောင့်၊ solar မီးအိမ်များ) စသည်တို့ကို ဆယ်တင်အသုံးပြုနိုင်ရေး သက်ဆိုင်ရာမြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲအလိုက် ဆယ်တင်/ ဖျက်ဆီးရေးအဖွဲ့များ ဖွဲ့စည်းပြီး ဆောင်ရွက်သွားရန် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရုံး၏ ၂ဝ၂ဝ ပြည့် ဒီဇင်ဘာ ၂၈ ရက်စွဲတွင် အကြောင်းကြားဆောင်ရွက်စေခဲ့ကြောင်း ပါရှိသည်။
ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲနည်းဥပဒေပုဒ်မ ၈၆ (ခ) တွင် “နေပြည်တော်ကော်မရှင်အဖွဲ့ခွဲ ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ကော်မရှင်အဖွဲ့ခွဲ သို့မဟုတ် ခရိုင်ကော်မရှင်အဖွဲ့ခွဲသည် မဲစာရင်းများအပါအဝင် ရွေးကောက်ပွဲမှတ်တမ်းများ၊ လွှတ်တော်ကိုယ်စားလှယ်လောင်း ကုန်ကျစရိတ်စာရင်းများနှင့် အခြားစာရွက်စာတမ်းများကို နေပြည်တော်၊ သက်ဆိုင်ရာကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ သို့မဟုတ် ခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှူးသို့ ဆောလျင်စွာလွှဲပြောင်းပေးပို့ရမည်။ ယင်းသက်ဆိုင်ရာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ သို့မဟုတ် ခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှူးသည် ယင်းတို့ကို ရွေးကောက်ပွဲပြီးစီးသည့်နေ့မှစ၍ နောက်တစ်ကြိမ် အထွေထွေရွေးကောက်ပွဲ ပြုလုပ်ပြီးစီးသည်အထိ မပျောက်မပျက်စေရန် ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်ထားရမည်” ဟူ၍ ပြဋ္ဌာန်းထားကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
ယင်းသို့ ပုဒ်မ ၈၆ (ခ) ၏ ပြဋ္ဌာန်းချက်အရ ထိန်းသိမ်းစောင့်ရှောက်ရန်သာပါရှိပြီး ဖျက်ဆီးရန်မပါကြောင်း တွေ့ရှိရကြောင်း၊ ယခုကဲ့သို့ ၂ဝ၂ဝ ပြည့်နှစ်ရွေးကောက်ပွဲတွင် ဖြစ်ပေါ်လာသော မဲရလဒ်များနှင့် စပ်လျဉ်း၍ မဲစာရင်းနှင့် ဆန္ဒမဲများအား စိစစ်ရာ၌ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၉၁ (က)၊ (ခ)၊ (ဃ) တို့၏ ပြဋ္ဌာန်းချက်များနှင့် ကိုက်ညီမှုမရှိသဖြင့် သံသယများဖြစ်ပေါ်နေချိန်တွင် မဲဆန္ဒရှင်စာရင်းများအား ဖျက်ဆီးစေခြင်းကြောင့် ပြည်သူများ၏ သံသယများ ပိုမိုကြီးထွားလာစေနိုင်မည့်အပြင် သက်သေ ခံပစ္စည်း ဖျောက်ဖျက်မှုနှင့် ဆက်စပ်သုံးသပ်မှုများ ထွက်ပေါ်လာနိုင်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
ထို့ကြောင့် မဲဆန္ဒရှင်စာရင်းများအား ဆယ်တင်/ ဖျက်ဆီးခြင်းများကို ပွင့်လင်းမြင်သာစွာ ဆောင်ရွက်နိုင်ရေးအတွက် သက်ဆိုင်ရာ နိုင်ငံရေးပါတီများသို့လည်း ကြိုတင်အသိပေး အကြောင်းကြားသင့်ပါကြောင်းနှင့် ယင်းသို့ဖျက်ဆီးမှုများအား ကာလတစ်ခု ဆိုင်းငံ့ထားသင့်ပါကြောင်း ပြည်ခိုင်ဖြိုးပါတီက သဘောထားထုတ်ပြန်ခဲ့သည်။