NLD ပါတီ အတွင်းရေးမှူးအဖွဲ့ဝင် ဒေါက်တာအောင်မိုးညို ဦးဆောင်သည့် အဖွဲ့အနေဖြင့် တိုင်းရင်းသားများနှင့် တွေ့ဆုံဆွေးနွေးရာတွင် လုပ်ပိုင်ခွင့် တစ်စုံတစ်ရာမရှိဘဲ သဘောထား နားထောင်ရုံသက်သက်ဖြစ်နေကြောင်း ဝေဖန်မှုများရှိနေသည်။
ကချင်နှင့် မွန်ပြည်နယ်တို့ရှိ တိုင်းရင်းသားပါတီများနှင့် ဒေါက်တာအောင်မိုးညိုတို့အဖွဲ့ တွေ့ဆုံဆွေးနွေးရာတွင် မတူညီသော ပြဿနာအချို့ ပေါ်ပေါက်ခဲ့မှုနှင့်ပတ်သက်၍ တိုင်းရင်းသားပါတီအချို့က အထက်ပါအတိုင်း သုံးသပ်ပြောကြားခြင်းဖြစ်သည်။
“ သူတို့မှာ Mandate ပေါ့နော်။ လုပ်ပိုင်ခွင့် တစ်စုံတစ်ရာမရှိဘဲနဲ့ သွားတွေ့ရုံသက်သက်၊ တိုင်းရင်းသားတွေရဲ့အသံကို နားထောင်ရုံ သက်သက်ဆိုရင်တော့ အလုပ်ဖြစ်ဖို့ထက် အချိန်ကုန်တာပဲ အဖက်တင်မယ်” ဟု ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီ အထွေထွေအတွင်းရေးမှူး ဦးစိုင်းလိတ်က ပြောကြားသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ရွေးကောက်ပွဲ အနိုင်ရပြီးနောက် တိုင်းရင်းသားပါတီများနှင့် တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ရန် ဒေါက်တာအောင်မိုးညို အပါအဝင် ပါတီဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်သုံးဦးပါ ကော်မတီတစ်ရပ် ဖွဲ့စည်းခဲ့သည်။
ယင်းအဖွဲ့နှင့် ကချင်ပြည်နယ်ရှိ ရွေးကောက်ပွဲအနိုင်ရ တိုင်းရင်းသားပါတီများ ဇန်နဝါရီ ၁ ရက်က တွေ့ဆုံမှုတွင် ယင်းပါတီများရှိ အနိုင်ရ လွှတ်တော်ကိုယ်စားလှယ်များကိုသာ တွေ့ဆုံခဲ့၍ ပါတီကိုယ်စားပြုမှုနှင့် စပ်လျဉ်းသည့် အငြင်းပွားမှုအချို့ ပေါ်ပေါက်ခဲ့သည်။
ထို့ပြင် မွန်ပြည်နယ်ရှိ ရွေးကောက်ပွဲ အနိုင်ရ မွန်ညီညွတ်ရေးပါတီနှင့် ဇန်နဝါရီ ၄ ရက်က တွေ့ဆုံမှုတွင်လည်း တွေ့ဆုံမည့်နေရာ ညှိနှိုင်းမရ၍ နှစ်ပါတီ တွေ့ဆုံဆွေးနွေးနိုင်ခဲ့ခြင်းမရှိပေ။
ဒေါက်တာအောင်မိုးညိုက တိုင်းရင်းသားပါတီများနှင့် တွေ့ဆုံဆွေးနွေးမှုကို ပြည်နယ် NLD ပါတီရုံးတွင်သာ ပြုလုပ်ရန် ဗဟိုအလုပ်အမှုဆောင်အဖွဲ့က ညွှန်ကြားထားသည်ဟုပြောကြားပြီး မွန်ညီညွတ်ရေးပါတီက တတိယနေရာတစ်ခုမဟုတ်၍ တွေ့ဆုံပွဲသို့ လာရောက်ခဲ့ခြင်းမရှိရာ ဆွေးနွေးပွဲ ပျက်ခဲ့ခြင်းဖြစ်သည်။
“ နှစ်ဖက်ပါတီကြား တွေ့ဆုံဆွေးနွေးမှုက အရေးကြီးသလား၊ နေရာအခင်းအကျင်းက အရေးကြီးသလား နေရာအခင်းအကျင်းက အရေးကြီးတာလား။ ဒါမှမဟုတ်ရင် တွေ့ဆုံဆွေးနွေးရေး အကြောင်းအရာကပဲ အရေးကြီးသလားဆိုတာကို ဆုံးဖြတ်ပိုင်ခွင့်လေးတော့ သူတို့မှာပါခဲ့ဖို့ ကောင်းတာပေါ့။ အဲဒီလိုမဟုတ်ဘဲနဲ့ နေရာရွေးချယ်တာနဲ့ ပတ်သက်ပြီးတော့မှ တွေ့ဆုံဆွေးနွေးရေး ပျက်ပြယ်သွားရတယ်ဆိုတာမျိုးက နဂိုကတည်းက ခိုင်မာတဲ့ဆုံးဖြတ်ချက်တွေ ရှိမထားဘူးလို့ ခန့်မှန်းလို့ရပါတယ်” ဟု SNLD ပါတီမှ ဦးစိုင်းလိတ်က ပြောကြားသည်။
မွန်ညီညွတ်ရေးပါတီရုံးခန်းသို့ လာရောက်တွေ့ဆုံရန် အခက်အခဲရှိလျှင် မွန်ပြည်နယ် NLD ပါတီရုံးခန်း မဟုတ်သည့် တတိယနေရာတစ်ခုတွင် တွေ့ဆုံပွဲပြုလုပ်ရန် ဇန်နဝါရီ ၂ ရက်က သုံးကြိမ်တိုင် ဆက်သွယ်ပြောကြားခဲ့သော်လည်း NLD ပါတီအနေဖြင့် အကြောင်းပြန်မှုမရှိခဲ့ကြောင်း မွန်ညီညွတ်ရေးပါတီ အတွင်းရေးမှူး (၁) နိုင်လယိတမက ပြောကြားသည်။
ဇန်နဝါရီ ၁ ရက်က ကချင်ပြည်နယ် NLD ပါတီရုံးတွင် ပြုလုပ်ခဲ့သည့် တွေ့ဆုံဆွေးနွေးပွဲသို့ ကချင်ပြည်နယ်ရှိ အနိုင်ရတိုင်းရင်းသားပါတီသုံးပါတီစလုံး တက်ရောက်သော်လည်း အနိုင်ရလွှတ်တော်ကိုယ်စားလှယ်များကို ရွေးချယ်တွေ့ဆုံမှုသည် ပါတီကိုကိုယ်စားပြုခြင်းမရှိဟုဆိုကာ ကချင်ပြည်နယ်ပြည်သူ့ပါတီအတွင်း အငြင်းပွားမှု ဖြစ်ပေါ်ခဲ့သည်။
တစ်ဖန် NLD ပါတီ ကိုယ်စားလှယ်အဖွဲ့သည် တိုင်းရင်းသားပါတီများနှင့် တွေ့ဆုံဆွေးနွေးရာတွင် အဆုံးအဖြတ်တစ်စုံ တစ်ရာပေးနိုင်ခြင်းမရှိဘဲ တိုင်းရင်းသားပါတီများ၏ သဘောထားကို နားထောင်ရုံ သက်သက်ဖြစ်နေကြောင်း ဝေဖန်မှုများလည်း ရှိနေသည်။
“ တွေ့ဆုံဆွေးနွေးရေးဆိုရင် တွေ့ဆုံဆွေးနွေးရေးအခင်းအကျင်းကို ဖန်တီးဖို့လိုတယ်။ နားထောင်တဲ့ အဖွဲ့ဆိုရင် နားထောင်တဲ့ အခင်းအကျင်းကိုပဲ ဖန်တီးဖို့လိုပါလိမ့်မယ်။ နားထောင်တဲ့အဖွဲ့က တွေ့ဆုံဆွေးနွေးရေး အခင်းအကျင်းကို ဖန်တီးလို့ အဆင်ပြေမှာ မဟုတ်ဘူး” ဟု ရခိုင်အမျိုးသားပါတီ ဥက္ကဋ္ဌ ဦးသာထွန်းလှက ပြောကြားသည်။
တိုင်းရင်းသားပါတီများ၏ ဆွေးနွေးတင်ပြချက်များကို ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့ထံ တင်ပြပေးမည်ဖြစ်ကာ အဖွဲ့အနေဖြင့် တစ်စုံတစ်ရာ အဆုံးအဖြတ်ပေးပိုင်ခွင့်မရှိကြောင်း NLD ပါတီဗဟို အလုပ်အမှုဆောင်အဖွဲ့၊ အတွင်းရေးမှူးအဖွဲ့ဝင် (၃) ဒေါက်တာအောင်မိုးညိုက မွန်ပြည်နယ် ခရီးစဉ်တွင် ပြောကြားသည်။
“ ကျွန်တော်တို့ မြစ်ကြီးနားတုန်းမှာတုန်းကလည်း ပြည်နယ်ရုံးတွေမှာပဲ တွေ့တာပါပဲ။ ပြောရရင် ကျွန်တော်တို့ကလည်း ကိုယ်ပြည်နယ်ရုံးမှာ လာတွေ့ပေမဲ့ အထက်စီးက အနိုင်ကျင့်တာမျိုးလည်းမရှိပါဘူး။ လေးလေးစားစားနဲ ့ခင်ခင်မင်မင် ရင်းရင်းနှီးနှီးပါဘဲ။ သူတို့တင်ပြတာတွေကို ကျွန်တော်တို့က ဘာမှဆုံးဖြတ်ပိုင်ခွင့်မှမရှိဘူး။ ဘာပေးမယ်၊ ညာပေးမယ် ပြောတာတွေမရှိဘူး” ဟု ဒေါက်တာအောင်မိုးညိုက တွေ့ဆုံပွဲပျက်ပြယ်မှုအပြီးတွင် ပြောကြားသည်။
တိုင်းရင်းသားပါတီများနှင့် ဆွေးနွေးမည့် ကိုယ်စားလှယ်အဖွဲ့ကို ဆွေးနွေးခွင့် အတိုင်းအတာတစ်ရပ် တိတိကျကျ NLD ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့က ပေးထားသင့်ကြောင်း SNLD ပါတီအထွေထွေ အတွင်းရေးမှူး ဦးစိုင်းလိတ်က အကြံပြုသည်။
“ နိုင်ငံရေးအရ ဘယ်လောက်ထိဆွေးနွေးပိုင်ခွင့်ရှိတယ်။ တခြားကိစ္စတွေမှာ ဘယ်လောက်ထိလိုက်လျောနိုင်တဲ့ အနေအထားရှိတယ်။ အဆုံးအစွန်ထိတော့ ဒီလောက်ပဲလိုက်လျောနိုင်တယ်ဆိုတဲ့ ဟာမျိုးအဲဒါရှိမှ သာလျှင် ဆွေးနွေးရေးဟာ အဖြေပေါ်လိမ့််မယ်။ တိုးတက်ဖို့ လမ်းစတွေ ရှိမယ်လို့ မြင်ပါတယ်” ဟု ဦးစိုင်းလိတ်က ပြောကြားသည်။
NLD ပါတီသည် အနာဂတ် မြန်မာနိုင်ငံရှေးရှုရမည့် ပြည်ထောင်စုအရေးကိစ္စဆိုသည့် အိတ်ဖွင့်ပေးစာကို တိုင်းရင်းသားပါတီ ၄၈ ပါတီထံ နိုဝင်ဘာ ၁၁ ရက်က ပေးပို့ခဲ့သည်။
အဆိုပါ ပေးပို့သောစာတွင် အနာဂတ်တွင် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု ပေါ်ပေါက်ရေးနှင့် တိုင်းရင်းသားလူမျိုးစုများ၏ ဆန္ဒကို အလေးထားဆောင်ရွက်မည်ဆိုသော ဖော်ပြချက်နှင့်အတူ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုအရေးတွင် တိုင်းရင်းသားပါတီများ တက်ကြွစွာပူးပေါင်းပါဝင်မည်ဟု မျှော်လင့်ကြောင်း ဖော်ပြထားသည်။
ယင်းပေးပို့စာနှင့်ပတ်သက်၍ အကြောင်းပြန်ကြားသည့် တိုင်းရင်းသားပါတီ ဒီဇင်ဘာလကုန်အထိ ၁၅ ပါတီ ရှိကြောင်း သိရသည်။
ထိုသို့ တိုင်းရင်းသားပါတီများထံ အကြောင်းကြားစာပေးပို့ပြီးနောက် တိုင်းရင်းသားပါတီများနှင့် တွေ့ဆုံဆွေးနွေးရန် ပါတီဗဟိုအလုပ်အမှုဆောင်များဖြစ်ကြသည့် မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုနှင့် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်နှင့် ကချင်ပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအင်ထုံးခါးနော်ဆမ်တို့ ပါဝင်သည့် တွေ့ဆုံဆွေးနွေးရေးအဖွဲ့ကို ဒီဇင်ဘာ ၁၂ ရက်က ဖွဲ့စည်းခဲ့သည်။
ယင်းအဖွဲ့သည် အစိုးရဖွဲ့စည်းရေးထက် အနာဂတ် ပြည်ထောင်စုသစ်ပုံသဏ္ဍာန်ကို တိုင်းရင်းသားပါတီများနှင့် သဘောတူညီမှုရရှိရန်ဖြစ်ကြောင်း NLD ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်တစ်ဦးဖြစ်သည့် ဒေါက်တာမျိုးညွန့်က ပြောကြားထားသည်။
ဒေါက်တာအောင်မိုးညို ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ ကချင်နှင့် မွန်ပြည်နယ်တွင် တွေ့ဆုံခဲ့သည့် နိုင်ငံရေးပါတီများမှာ ရွေးကောက်ပွဲအနိုင်ရတိုင်းရင်းသားပါတီများဖြစ်ရာ NLD ပါတီအနေဖြင့် ရွေးကောက်ပွဲအနိုင်ရ တိုင်းရင်းသားပါတီအားလုံးကို တွေ့ဆုံမည်ဆိုလျှင် ပါတီ ၁၅ ပါတီကို ဆက်လက်တွေ့ဆုံရမည်ဖြစ်သည်။
သို့သော် လက်ရှိအထိ NLD ပါတီမှ တွေ့ဆုံရန် ကမ်းလှမ်းမှု မရှိသေးကြောင်း SNLD ပါတီနှင့် ANP ပါတီ တာဝန်ရှိသူများက ပြောကြားသည်။















