၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွက် ခန့်မှန်းထားသည့် ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်း ၆ ဒသမ ၁၀ ရာခိုင်နှုန်းထက် ဘဏ္ဍာနှစ်အစနှစ်လတွင် ခန့်မှန်းနှုန်းအောက်ရောက်ခဲ့ပြီး နိုဝင်ဘာ၌ ၄ ဒသမ ၆၀ ရာခိုင်နှုန်းသာဖြစ်ပေါ်

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွက် ခန့်မှန်းထားသည့် ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်း ၆ ဒသမ ၁၀ ရာခိုင်နှုန်းထက် ဘဏ္ဍာနှစ်အစနှစ်လတွင် ခန့်မှန်းနှုန်းအောက်ရောက်ခဲ့ပြီး နိုဝင်ဘာ၌ ၄ ဒသမ ၆၀ ရာခိုင်နှုန်းသာဖြစ်ပေါ်
ရန်ကုန်မြို့ရှိ စျေးတန်းတစ်ခုတွင် စျေးဝယ်ယူရောင်းချများကို တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)
ရန်ကုန်မြို့ရှိ စျေးတန်းတစ်ခုတွင် စျေးဝယ်ယူရောင်းချများကို တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)
Published 4 January 2021
စည်သူအောင်

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွက် ခန့်မှန်းထားသည့် ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်း ၆ ဒသမ ၁၀ ရာခိုင်နှုန်းထက် ဘဏ္ဍာနှစ်အစ အောက်တိုဘာလနှင့် နိုဝင်ဘာလတွင် ခန့်မှန်းနှုန်းအောက်ရောက်ခဲ့ပြီး နိုဝင်ဘာလ၌ ၄ ဒသမ ၆၀ ရာခိုင်နှုန်းသာ ဖြစ်ပေါ်ခဲ့ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ သိရသည်။

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် နှစ်အလိုက်ငွေကြေးဖောင်းပွမှုနှုန်း ၉ ဒသမ ၇၃ ရာခိုင်နှုန်းနှင့် ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်း ၆ ဒသမ ၁၀ ရာခိုင်နှုန်းရှိမည်ဟု ခန့်မှန်းထားခြင်းဖြစ်ပြီး ဘဏ္ဍာနှစ်အစဖြစ်သော ၂၀၂၀ ပြည့်နှစ် အောက်တိုဘာတွင် ၅ ဒသမ ၂၁ ရာခိုင်နှုန်း၊ နိုဝင်ဘာတွင် ၄ ဒသမ ၆၀ ရာခိုင်နှုန်း ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာတွင် ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်း ၄ ဒသမ ၆၀ ရာခိုင်နှုန်းရှိပြီး ငွေကြေးဖောင်းပွမှုနှုန်း ၂၀၂၀ ပြည့်နှစ် မတ်လမှစ၍ ကိုးလဆက်တိုက် ပြန်လည်ကျဆင်းလာကြောင်း ဗဟိုစာရင်းအင်းအဖွဲ့မှ ထုတ်ပြန်သည့် စားသုံးသူစျေးဆနှုန်းနှင့် ငွေကြေးဖောင်းပွမှုနှုန်းအခြေအနေတွင် ဖော်ပြထားသည်။

ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်းသည် ၂၀၁၈ ခုနှစ် ဧပြီမှစ၍ ၂၀၁၉ ခုနှစ် စက်တင်ဘာအထိ ၁၈ လ ဆက်တိုက် မြင့်တက်ခဲ့သည်။ ၂၀၁၉ ခုနှစ် အောက်တိုဘာနှင့် နိုဝင်ဘာတွင် အနည်းငယ်ပြန်ကျပြီး ၂၀၁၉ ခုနှစ် ဒီဇင်ဘာ၊ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီနှင့် ဖေဖော်ဝါရီတွင် ပြန်လည်မြင့်တက်ခဲ့ကာ မတ်၊ ဧပြီ၊ မေ၊ ဇွန်၊ ဇူလိုင်၊ သြဂုတ်၊ စက်တင်ဘာ၊ အောက်တိုဘာနှင့် နိုဝင်ဘာ (ကိုးလဆက်တိုက်) တွင် ပြန်လည်ကျဆင်းခြင်းဖြစ်သည်။

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာအထိ ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်း (Annual Rate of Inflation) မှာ ၄ ဒသမ ၆၀ ရာခိုင်နှုန်းဖြစ်ပြီး အစားအစာအုပ်စုနှင့် လောင်စာဆီစျေးနှုန်းများ မပါဝင်ဘဲ တွက်ချက်ထားသော ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်း (Annual Rate of Inflation-Core Inflation) မှာ ၉ ဒသမ ၆၇ ရာခိုင်နှုန်းရှိသည်။ နှစ်အလိုက်ငွေကြးဖောင်းပွမှုနှုန်း (Year on Year Inflation) မှာ ၀ ဒသမ ၉၇ ရာခိုင်နှုန်း ဖြစ်ပြီး အစားအစာအုပ်စုနှင့် လောင်စာဆီစျေးနှုန်းများမပါဝင်ဘဲ တွက်ချက်ထားသော နှစ်အလိုက်ငွေကြေးဖောင်းပွမှုနှုန်း (Year on Year Inflation-Core Inflation) မှာ ၃ ဒသမ ၆၅ ရာခိုင်နှုန်းရှိသည်။

၂၀၁၂ ခုနှစ် အခြေခံနှစ်ဖြင့် (၂၀၁၉ ခုနှစ် ဒီဇင်ဘာမှ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာအထိ) တစ်နှစ်တာကာလအတွင်း ဖြစ်ပေါ်ခဲ့သော တစ်နိုင်ငံလုံး၏နှစ်အလိုက် ငွေကြေးဖောင်းပွမှုနှုန်းကို လေ့လာပါက ၂၀၁၉ ခုနှစ် ဇွန်လတွင် ၉ ဒသမ ၅၁ ရာခိုင်နှုန်းရှိခဲ့ရာမှ ဇူလိုင်တွင် လျှပ်စစ်ဓာတ်အားခနှုန်းထားများ မြင့်တက်လာခြင်းကြောင့် ငွေကြေးဖောင်းပွမှုနှုန်းမှာ ၁၀ ဒသမ ၈၇ ရာခိုင်နှုန်းသို့ ဆက်လက်မြင့်တက်လာခဲ့သည်။ သို့ရာတွင် ၂၀၂၀ ပြည့်နှစ် မတ်လတွင် မြန်မာနိုင်ငံ၌ COVID-19 ဖြစ်ပွားလာမှုအစပြု၍ အိမ်ထောင်စုများ၏ သုံးစွဲမှုလျော့နည်းလာခြင်းနှင့် လောင်စာဆီစျေးနှုန်းများ ကျဆင်းလာခြင်းကြောင့် ၂၀၂၀ ပြည့်နှစ် မတ်လမှစ၍ နှစ်အလိုက်ငွေကြေးဖောင်းပွမှုနှုန်းများ ကျဆင်းလာခဲ့ရာ နိုဝင်ဘာလတွင် ၀ ဒသမ ၉၇ ရာခိုင်နှုန်းဖြစ်ပေါ်ခဲ့သည်။

တစ်နိုင်ငံလုံးအတွက် ၂၀၁၂ ခုနှစ် အခြေခံနှစ်ဖြင့် စားသုံးသူစျေးဆနှုန်းအပေါ် အခြေခံတွက်ချက်ထားသော ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်းမှာ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလအထိ တစ်နှစ်ပျမ်းမျှ ၄ ဒသမ ၆၀ ရာခိုင်နှုန်းရှိ၍ ၂၀၂၀ ပြည့်နှစ် အောက်တိုဘာလအထိ တစ်နှစ်ပျမ်းမျှ ၅ ဒသမ ၂၁ ရာခိုင်နှုန်းဖြင့် နှိုင်းယှဉ်ပါက ၀ ဒသမ ၆၁ ရာခိုင်နှုန်း လျော့နည်းလာခဲ့သည်။ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလမှ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလအထိ ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်းများကို လေ့လာပါက ၂၀၁၉ ခုနှစ် ဒီဇင်ဘာလတွင် ၈ ဒသမ ၈၁ ရာခိုင်နှုန်းရှိခဲ့ရာမှ တဖြည်းဖြည်း မြင့်တက်လာပြီး ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလတွင် ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်း ၉ ဒသမ ၂၀ ရာခိုင်နှုန်းဖြင့် အမြင့်ဆုံးဖြစ်ပေါ်ခဲ့သည်။ သို့သော် ၂၀၂၀ ပြည့်နှစ် မတ်လတွင် မြန်မာနိုင်ငံ၌ COVID-19 ကူးစက် ရောဂါသက်ရောက်မှုကြောင့် ပြည်သူများ သုံးစွဲမှုကျဆင်းပြီး စားသုံးသူစျေးဆနှုန်း တိုးနှုန်း အရှိန်လျော့နည်းလာသဖြင့် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလတွင် ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်းမှာ ၄ ဒသမ ၆၀ ရာခိုင်နှုန်းသို့ ရောက်ရှိလာခဲ့သည်။

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလအတွင်း ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်းမှာ ဧရာဝတီတိုင်းဒေသကြီးတွင် ၉ ဒသမ ၁၁ ရာခိုင်နှုန်းဖြင့် ပထမအမြင့်ဆုံး၊ မန္တလေးမြို့တွင် ၇ ဒသမ ၅၅ ရာခိုင်နှုန်းဖြင့် ဒုတိယအမြင့်ဆုံး၊ ပြည်ထောင်စုနည်မြေတွင် ၆ ဒသမ ၆၈ ရာခိုင်နှုန်းဖြင့် တတိယအမြင့်ဆုံး အသီးသီးဖြစ်ပေါ်ခဲ့သည်။ နှစ်အလိုက်ငွေကြေးဖောင်းပွမှုနှုန်းမှာ ဧရာဝတီတိုင်းဒေသကြီးတွင် ၄ ဒသမ ၁၉ ရာခိုင်နှုန်းဖြင့် ပြောင်းလဲမှုရာခိုင်နှုန်း အများဆုံးဖြစ်ပေါ်ခဲ့ပြီး ကယားပြည်နယ်တွင်- ၂ ဒသမ ၆၇ ရာခိုင်နှုန်းဖြင့် ပြောင်းလဲမှုရာခိုင်နှုန်း အနည်းဆုံးဖြစ်ပေါ်ခဲ့သည်။

Most Read

Most Recent