ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်မှ မီးရှို့ခံရပြီး ပျက်စီးသွားသည့် ဘုရားပေါင်းနှင့် တောင်ပေါက်ကျေးရွာမှ အိမ်ခြေ ၁၇၀ တွင် နေအိမ် ၄၀ ကို အစိုးရက မဲစနစ်ဖြင့် ဆောက်လုပ်ပေးနေကြောင်း သိရသည်။
ထိုသို့ ဆောက်လုပ်ပေးရာတွင် ပြည်နယ်အစိုးရက တစ်ရွာလျှင် ကျပ်သိန်း ၅၀ တန် နေအိမ် ၂၀ စီနှင့် အိမ်သာတစ်လုံးစီကို ဆောက်လုပ်ပေးခြင်းဖြစ်ပြီး မဲနှိုက်ရွေးချယ်ရာ မဲပေါက်သူများအနေဖြင့် နေအိမ်ရရှိခြင်း ဖြစ်ကြောင်း၊ ထိုနေအိမ်များကို ယခုရက်ပိုင်းအတွင်း ဆောက်လုပ်ပေးနေပြီ ဖြစ်ကြောင်း ဒေသခံများက ပြောကြားသည်။
“ကျွန်တော်တို့ကတော့ မယူချင်လည်း ယူရတာပေါ့လေ။ ကိုယ့်မှာ ဆုံးရှုံးသွားတဲ့ အတိုင်းအတာထိတော့ ဘယ်ရပါ့မလဲ။ ဘဝနဲ့ရင်းထားရတဲ့ တန်ဖိုးတွေ အများကြီးဆုံးသွားတယ်။ အခုက ပြည်နယ်အစိုးရက တစ်ရွာကို အိမ်ခြေ ၂၀ စီ ဆောက်ပေးနေတယ်။ ဒါပေမဲ့ မဲနှိုက်ရတယ်။ ပေါက်တဲ့လူက ကိုယ့်အိမ်ရာ နေရာမှာ ကိုယ်ဆောက်လုပ် နေထိုင်ခွင့်ရမယ်ပေါ့။ အခုဆိုရင် အဲဒီအိမ်တွေ ဆောက်လုပ်နေပြီ ဖြစ်ပါတယ်။ သွပ်မိုး၊ အထပ်သားခင်း၊ ကျောက်ပြားနံရံကာနဲ့ ဆောက်လုပ်ပေးနေတာ ဖြစ်ပါတယ်။ အိမ်သာလည်း တစ်လုံးပါတယ်”ဟု တောင်ပေါက်ကျေးရွာမှ ဦးကျော်မောင်က ပြောကြားသည်။
ဆောက်လုပ်ပေးနေသော နေအိမ်များမှာ အလျား ၂၄ ပေ၊ အနံ ၁၆ ပေနှင့် အမြင့် ရှစ်ပေရှိ ခြေတံရှည် အိမ်များဖြစ်ကြောင်း၊ သို့သော်လည်း အခြားသော မီးလောင်ဆုံးရှုံးသွားသည့် နေအိမ်များအား ဆောက်လုပ်ပေးခြင်းမျိုး မရှိသည့်အတွက် ဖြစ်သလို နေထိုင်ကြရကြောင်းနှင့် အခြားကျေးရွာသားများကိုလည်း နေအိမ်များ ရရှိစေလိုကြောင်းလည်း ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်က ပြောကြားသည်။
“ဘုရားပေါင်းနဲ့ တောင်ပေါက်ရွာမှာတော့ ဆောက်လုပ်ပေးနေတာ တွေ့တယ်။ တင်းမနဲ့ ပြိုင်တိုင်းကျေးရွာတွေမှာလည်း အလားတူမီးရှို့ခံရပြီး ရွာလုံးကျွတ် ပျက်စီးသွားတယ်ဆိုပေမဲ့ အခုထိတော့ အိမ်တွေ မရကြသေးဘူး။ သူတို့ကိုလည်း ရစေချင်တာပေါ့။ သူတို့ လက်ရှိ နေထိုင်ကြရတာလည်း ဒုက္ခဆင်းရဲပေါင်းများစွာနဲ့ နေကြရတာဆိုတော့ အခက်အခဲရှိတယ်။ အစိုးရဘက်ကလည်း အားလုံးကို တစ်ဖြည်းဖြည်း ပေးသွားမယ်လို့တော့ ပြောတယ်။ ဒါပေမယ့် ဘယ်တော့ရမယ် ဆိုတာတော့ မသိသေးဘူး”ဟု ကျောက်တော်မြို့နယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမောင်သန်းစိန်က ပြောကြားသည်။
အဆိုပါ နေအိမ်များကို ရခိုင်ပြည်နယ် အစိုးရ၏ QC ရန်ပုံငွေဖြင့် ဆောက်လုပ်ပေးနေခြင်း ဖြစ်ကြောင်း၊ ကျန်သော နေအိမ်များအတွက် ပြည်ထောင်စုအစိုးရသို့ တင်ပြထားကြောင်း သိရသည်။ မီးလောင်သွားခဲ့သည့် အိိမ်မှာ ဘုရားပေါင်းကျေးရွာမှ နေအိမ် ၉၄ လုံးနှင့် တောင်ပေါက်ကျေးရွာမှ နေအိမ် ၇၆ လုံးဖြစ်ကြောင်း ကျေးရွာသားများ ပြောပြချက်အရ သိရသည်။ ၎င်းရွာများမှာ ၂၀၂၀ ပြည့်နှစ် စက်တင်ဘာ ၃ ရက်က မီးရှို့ခံခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။















