ပြည်ခိုင်ဖြိုးပါတီဝင် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးဥက္ကဋ္ဌ ဦးအာကာလင်းအား ရွေးကောက်ပွဲ တရားမဲ့ပြုကျင့်မှုဖြင့် NLD ပါတီက ကန့်ကွက်လွှာတင်ထား

ပြည်ခိုင်ဖြိုးပါတီဝင် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးဥက္ကဋ္ဌ ဦးအာကာလင်းအား ရွေးကောက်ပွဲ တရားမဲ့ပြုကျင့်မှုဖြင့် NLD ပါတီက ကန့်ကွက်လွှာတင်ထား
Published 2 January 2021
စည်သာ (တောင်ကြီး)

ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးဥက္ကဋ္ဌ ဦးအာကာလင်းကို ရွေးကောက်ပွဲ တရားမဲ့ပြုကျင့်မှုဖြင့် NLD ပါတီဘက်မှ ကန့်ကွက်လွှာတင်ထားကြောင်း သိရသည်။

ပင်းတယမြို့နယ် မဲဆန္ဒနယ်အမှတ်(၁) နေရာတွင် ဝင်ရောက်ယှဉ်ပြိုင်၍ အနိုင်ရရှိခဲ့သော ပြည်ခိုင်ဖြိုးပါတီမှ ဦးအာကာလင်းကို ရွေးကောက်ပွဲ တရားမဲ့ပြုကျင့်မှုဖြင့် NLD ပါတီမှ ဦးထိန်လင်းက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် UEC ထံ ဒီဇင်ဘာ ၂၃ ရက်ခန့်က ကန့်ကွက်လွှာတင်ပြထားကြောင်း သိရသည်။

ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ရွာငံမြို့နယ်နှင့် ပင်းတယမြို့နယ်တို့ပါဝင်ပြီး၊ ရွာငံမြို့နယ်နှင့် ပင်းတယမြို့နယ်တို့အတွက် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လေးဦး၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် နှစ်ဦးနှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တစ်ဦး၊ ပေါင်း ခုနစ်ဦး ဝင်ရောက်ယှဉ်ပြိုင်ရာတွင် NLD ပါတီမှ ခြောက်နေရာ အပြည့်အနိုင်ရရှိထားပြီး၊ ပြည်ခိုင်ဖြိုးပါတီမှ ပင်းတယမြို့နယ် မဲဆန္ဒနယ်အမှတ်(၁) နေရာတွင် ဦးအာကာလင်းမှ အနိုင်ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးဥက္ကဋ္ဌ ဦးအာကာလင်းသည် ရှမ်းပြည်နယ် လွှတ်တော်ဒုတိယဥက္ကဋ္ဌဖြစ်သူ ဦးစဝ်အောင်မြတ်၏ တူတော်စပ်သူဖြစ်ပြီး၊ လက်ရှိ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် ဦးစဝ်အောင်မြတ်သည် အနိုင်ရရှိခြင်းမရှိဘဲ ပြိုင်ဘက်ပါတီကို ရှုံးနိမ့်ထားသည်။

ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးဥက္ကဋ္ဌ ဦးအာကာလင်းသည် တပ်မတော်မှ အငြိမ်းစားယူပြီး ပြည်ခိုင်ဖြိုးပါတီမှ ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်ကာ ၂၀၁၅ ခုနှစ်တွင် တစ်ကြိမ် အနိုင်ရရှိခဲ့သလို၊ ၂၀၂၀ ပြည့်နှစ်တွင်လည်း ထပ်မံအနိုင်ရရှိခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။ ဦးအာကာလင်း မဲအနိုင်ရရှိရန်အတွင် သံဃာအချို့က ရွေးကောက်ပွဲမဲဆွယ်ကာလတွင် ဘာသာရေးအကြောင်းပြု၍ တရားဟောမဲဆွယ်ခဲ့ကြောင်း၊ လူမျိုးရေးအကြောင်းပြု၍ မဲဆွယ်စည်းရုံးရေး ဆောင်ရွက်ခဲ့ခြင်းရှိခဲ့သဖြင့် ရွေးကောက်ပွဲ တရားမဲ့ပြုကျင့်မှုဖြင့် တိုင်ကြားခြင်းဖြစ်ကြောင်း NLD ပါတီမှ ဦးထိန်လင်းကဆိုသည်။

“ကျွန်တော့် မဲရလဒ်နဲ့ပတ်သက်ပြီးတော့ တရားမဲ့ပြုကျင့်မှုကို တင်တာပါ။ တရားမဲ့ပြုကျင့်မှုကြောင့် ကန့်ကွက်လွှာတင်လိုက်တာ ပြည်ထောင်စုကိုပဲ တင်လိုက်တာပါ။ သူက လွှတ်တော်ကိုယ်စားလှယ် ရွေးခံလိုက်ရတယ်။ ကျွန်တော်က ဒုတိယမဲအများဆုံးဖြစ်နေတယ်။ တစ်ဖက်က တရားမဲ့ပြုကျင့်မှုတွေကြောင့် ဒုတိယနေရာဖြစ်သွားတယ်။ ပထမနေရာအတွက် ကန့်ကွက်လွှာ တင်လိုက်တာလေ။ ကျွန်တော်ဝင်ပြိုင်တာ အမှတ် (၁) မှာ မဲရုံ (၄၂) ရှိတယ်။ ကျွန်တော့်မဲ ရလဒ်နဲ့ သူ့မဲရလဒ် ၁၆၃၃ မဲ ကွာနေတယ်။ လူဦးရေ သုံးသောင်းနီးပါးရှိတာပေ့ါ” ဟု တင် ပြထားသူ ဦးထိန်လင်းက ပြောကြားသည်။

ပင်းတယမြို့နယ် မဲဆန္ဒနယ်အမှတ်(၁) နေရာတွင် မဲရုံပေါင်း (၄၂) ရုံရှိပြီး၊ မဲပေးပိုင် ခွင့်ရှိသော လူဦးရေပေါင်း သုံးသောင်းနီးပါးရှိကြောင်း ဦးထိန်လင်းက ဆိုသည်။

 

Most Read

Most Recent