ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်မှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဝင်သုံးဦး ပြန်လည်လွတ်မြောက်ရေးအတွက် တပ်မတော်နှင့် AA တို့အကြား ဆွေးနွေးမှုသည် ရွေးကောက်ပွဲကျင်းပနိုင်ခြင်း မရှိသေးသည့် မြို့နယ်များတွင် ရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက် ဦးတည်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ထင်လတ်ဦးက ပြောကြားသည်။
AA အဖွဲ့၏ဖမ်းဆီးထိန်းသိမ်းခြင်းခံခဲ့ရသော တောင်ကုတ်မြို့နယ်မှ လွှတ်တော်ကိုယ်စားလှယ်များဖြစ်သည့် ဒေါ်နီနီမေမြင့်၊ ဦးမင်းအောင်နှင့် လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်ချစ်ချစ်ချောတို့ကို ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၁ ရက်တွင် AA အဖွဲ့က တပ်မတော်သို့ ပြန်လည်လွှဲပြောင်းပေးအပ်ခဲ့ပြီး ၎င်းတို့ သုံးဦးအား တပ်မတော်က ရခိုင်ပြည်နယ်အစိုးရအဖွဲ့သို့ ပြန်လည်လွှဲပြောင်းပေးအပ်ရာတွင် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးက ထိုသို့ပြောကြားခဲ့ခြင်းဖြစ်ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဇန်နဝါရီ ၁ ရက်တွင် သတင်းထုတ်ပြန်သည်။
တောင်ကုတ်မြို့နယ်မှ NLD ပါတီဝင် လွှတ်တော်ကိုယ်စားလှယ်နှစ်ဦးနှင့် လွှတ်တော်ကိုယ်စားလှယ်လောင်း တစ်ဦးတို့ ပြန်လည်လွတ်မြောက်ရေးအတွက်နှင့် ပြန်လည်လွှဲပြောင်းပေးအပ်နိုင်ရေးတို့အတွက် တပ်မတော်အနေဖြင့် AA အဖွဲ့နှင့် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ရပြီး ယင်းသို့ ဆွေးနွေးရခြင်းမှာလည်း လုံခြုံရေးအရ ရွေးကောက်ပွဲ ကျင်းပပြုလုပ်နိုင်ခြင်းမရှိသေးသည့် မြို့နယ်များတွင် ရွေးကောက်ပွဲများကျင်းပနိုင်ရေး ဦးတည်ဆောင်ရွက်ခဲ့ခြင်းပင်ဖြစ်ကြောင်း အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးက ပြောကြားသည်။
ရွေးကောက်ပွဲကျင်းပရန် ကျန်ရှိသည့် နေရာများ၌ ကြားဖြတ်ရွေးကောက်ပွဲများ ကျင်းပခြင်းမကျင်းပခြင်းသည် သက်ဆိုင်ရာ တာဝန်ရှိသူများ၏ ဆုံးဖြတ်ချက်သာဖြစ်ပြီး ရွေးကောက်ပွဲများ ဆောင်ရွက်ပေးရန်အတွက် ယခု ပြန်လည်ရောက်ရှိလာသည့် လွှတ်တော်ကိုယ်စားလှယ်သုံးဦး ပြန်လည်လွတ် မြောက်လာရန် လိုအပ်မည်ဟု ပါတီဝင်များက တောင်းဆိုနေကြသည်ကို အားလုံးသိရှိပြီးဖြစ်ကြောင်း အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးက ပြောကြားသည်။
ထို့ကြောင့်လည်း တပ်မတော်မှ ယခုကဲ့သို့ အလေးထားဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ပြီး တပ်မတော်၏ အဓိကလိုလားချက်သည် လွတ်လပ်၍ တရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲဖြစ်ရန်၊ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအားလုံး ဆန္ဒမဲပေးနိုင်ရန်နှင့် ပြည်သူများ၏ ဒီမိုကရေစီအခွင့်အရေး မဆုံးရှုံးစေရန်ဖြစ်ကြောင်း အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူးက ပြောကြားသည်။
ဒေသဖွံ့ဖြိုးတိုးတက်မှုများ နောက်ကျလျက်ရှိသဖြင့် ကြိုးပမ်းဆောင်ရွက်ရန် လိုအပ်နေသည့် ရခိုင်ပြည်နယ်တွင် တိုက်ပွဲများ ဖြစ်ပွားလျက်ရှိသည်မှာ ၂၀၁၉ ခုနှစ်၊ ဇန်န ၀ါရီ ၄ ရက်မှ ယနေ့အချိန်အထိ နှစ်နှစ်ခန့် ကာလသို့ ရောက်ရှိလာပြီဖြစ်ပြီး ရေနစ်သူကို ၀ါးကူထိုးသကဲ့သို့ဖြစ်နေကြောင်း၊ ထို့ကြောင့် တိုင်းသူပြည်သားအားလုံးအနေဖြင့်လည်း ငြိမ်းချမ်းရေးရရှိနိုင်ရေးအတွက် မိမိတို့တတ်နိုင်သည့်ဘက်မှ ပါဝင်ထမ်းရွက်သွားကြရန် လိုအပ်မည်ဖြစ်ကြောင်း အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးက ပြောကြားသည်။
ရခိုင်ပြည်နယ်အတွင်း ငြိမ်းချမ်းလာပါက ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ပိုမိုအခွင့်အလမ်းရရှိလာမည်မှာ အားလုံးလက်ခံရမည့်အခြေအနေမှန်ပင်ဖြစ်ကြောင်း၊ ပြည်နယ်အစိုးရအဖွဲ့၏ လိုအပ်သည်များကို မည်သည့်ကဏ္ဍတွင်ဖြစ်စေ တပ်မတော်သို့ ဆက်သွယ်နိုင်ပြီး ၀ိုင်းဝန်းကူညီဆောင်ရွက်ပေးရန် အသင့်ရှိကြောင်းလည်း တိုင်းမှူးက ပြောကြားသည်။
ယခုကဲ့သို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ လွှတ်တော်ကိုယ်စားလှယ်နှင့် ကိုယ်စားလှယ်လောင်းများ AA အဖွဲ့ထံမှ ပြန်လည်လွှဲပြောင်းလက်ခံရရှိနိုင်ရေး ကနဦးဆွေးနွေးညှိနှိုင်းဆောင်ရွက်ပေးခဲ့သည့် မြန်မာနိုင်ငံ အမျိုးသား ပြန်လည်သင့်မြတ်ရေးဆိုင်ရာ ဂျပန်အစိုးရ၏ အထူးကိုယ်စားလှယ်နှင့် ဂျပန်နိုင်ငံ၊ နီပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌ H.E. Mr. Yohei SASAKAWA ကို အထူးကျေးဇူးတင်ရှိကြောင်း အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးက ပြောကြားသည်။















