ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ချောမွေ့အောင်မြင်စွာဆောင်ရွက်နိုင်ရေးအတွက် စစ်ရေးဆိုင်ရာလှုပ်ရှားမှုများကို ထပ်မံတိုးမြှင့်ရပ်ဆိုင်းကြောင်း တပ်မတော် ကြေညာ

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ချောမွေ့အောင်မြင်စွာဆောင်ရွက်နိုင်ရေးအတွက် စစ်ရေးဆိုင်ရာလှုပ်ရှားမှုများကို ထပ်မံတိုးမြှင့်ရပ်ဆိုင်းကြောင်း တပ်မတော် ကြေညာ
Published 1 January 2021

မြန်မာနိုင်ငံ ထာဝရငြိမ်းချမ်းရေးရရှိရေး၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ချောမွေ့အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးနှင့် COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို လွယ်ကူစွာဆောင်ရွက်နိုင်ရေးတို့အတွက် တပ်မတော်၏ စစ်ရေးဆိုင်ရာလှုပ်ရှားမှုများအား ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ ၃၁ ရက်အထိ ထပ်မံတိုးမြှင့်ရပ်ဆိုင်းကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ ၃၁ ရက်တွင် ကြေညာချက်ထုတ်ပြန်သည်။

ထိုသို့ တပ်မတော်၏ စစ်ရေးဆိုင်ရာ လှုပ်ရှားမှုများ ရပ်ဆိုင်းပေးရာတွင်လည်း နိုင်ငံတော်က အကြမ်းဖက်အုပ်စုအဖြစ် သတ်မှတ်ကြေညာထားသော အကြမ်းဖက်အဖွဲ့အစည်းများရှိသည့် နေရာများမှအပ ကျန်နယ်မြေများတွင် ရပ်ဆိုင်းပေးခြင်းဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်သည်။

ပြည်သူလူထု လိုလားတောင့်တသော ထာဝရငြိမ်းချမ်းရေး အောင်မြင်ပြီးမြောက်သည်အထိ လိုအပ်သည်များ ဆက်လက်ဆောင်ရွက်နိုင်ရေးနှင့် COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်ရေးတို့အတွက် တပ်မတော်အနေဖြင့် စစ်ရေးဆိုင်ရာ လှုပ်ရှားမှုများကို နိုင်ငံတော်မှ အကြမ်းဖက်အုပ်စုအဖြစ် သတ်မှတ်ကြေညာထားသော အကြမ်းဖက်အဖွဲ့အစည်းများရှိသည့် နေရာများမှအပ ကျန်နယ်မြေများတွင် ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာ ၁ ရက်မှ ၃၁ ရက်အထိ တိုးမြှင့်ရပ်ဆိုင်းပေးခဲ့ကြောင်း တပ်မတော်ကာကွယ် ရေးဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအနေဖြင့် ထာဝရငြိမ်းချမ်းရေး အောင်မြင်ပြီးဆုံးသည်အထိ တပ်မတော်နှင့် တွေ့ဆုံဆွေးနွေးရန်ရှိလာပါက ဆက်လက်ဆွေးနွေးနိုင်ရန်အတွက် တပ်မတော်၏ ငြိမ်းချမ်းရေးဆွေးနွေးမှုကော်မတီကိုလည်း ဖွဲ့စည်းဆောင်ရွက်လျက်ရှိကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

Most Read

Most Recent