ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်အခြေခံသော နိုင်ငံရေးလမ်းကြောင်းကို ဆက်လက်လျှောက်လှမ်းရေး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ NCA လမ်းကြောင်းအား မလွဲမသွေလျှောက်လှမ်းရမည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ပြောကြား

ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်အခြေခံသော နိုင်ငံရေးလမ်းကြောင်းကို ဆက်လက်လျှောက်လှမ်းရေး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ NCA လမ်းကြောင်းအား မလွဲမသွေလျှောက်လှမ်းရမည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ပြောကြား
Photo - တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့
Photo - တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့
Published 1 January 2021

၂၀၂၀ ပြည့်နှစ် အလွန်ကာလတွင် နိုင်ငံတော်ကို ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသော နိုင်ငံရေးလမ်းကြောင်းကို ဆက်လက်လျှောက်လှမ်းနိုင်ရေးအတွက် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအားလုံး တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လမ်းကြောင်းကို မလွဲမသွေ လျှောက်လှမ်းကြရမည်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။

၂၀၂၁ ခုနှစ် နှစ်သစ်ကူးနှုတ်ခွန်းဆက်စကားပြောကြားရာတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထိုသို့ထည့်သွင်းပြောကြား ထားခြင်းဖြစ်သည်။

“၂၀၂၀ ပြည့်နှစ်အလွန်ကာလမှာ နိုင်ငံတော်ကို ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ နိုင်ငံရေးလမ်းကြောင်းကို ဆက်လက်လျှောက်လှမ်းနိုင်ဖို့ တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့အစည်းများအနေနဲ့ NCA လမ်းကြောင်းကို မလွဲမသွေလျှောက်လှမ်းကြရမှာပဲ ဖြစ်ပါတယ်” ဟု တပ်မတော်ကာကွယ် ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။

ထာဝရငြိမ်းချမ်းရေးရရှိမှသာ တိုင်းပြည်အေးချမ်းသာယာမှုရှိပြီး မိမိတို့ဒေသ၊ မိမိတို့အနာဂတ်မျိုးဆက်သစ် ကလေးသူငယ်များ၏ လူမှုဘဝဖွံ့ဖြိုးတိုးတက်မည်ဆိုသည်ကို မျှော်တွေးဆောင်ရွက်သွားကြစေလိုကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားသည်။

တပ်မတော်အနေဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ အောင်မြင်စေရန်အတွက် ငြိမ်းချမ်းရေးကို အနှောင့်အယှက်၊ အဟန့်အတားဖြစ်စေမည့် မည်သည့်ကိစ္စမဆို ရှောင်ရှားပြီး ထာဝရငြိမ်းချမ်းရေးကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် တိုင်းစစ်ဌာနချုပ်နယ်မြေငါးခုတွင် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာ ၂၁ ရက်ကစပြီး ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ ၃၁ ရက်ထိ နှစ်နှစ်ကြာ အပစ်အခတ်ရပ်စဲပေးခဲ့ပြီး ဆက်လက်၍ အဖြစ်နိုင်ဆုံးဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားသည်။

ထို့ပြင် တပ်မတော်အနေဖြင့် တိုင်းရင်းသားညီအစ်ကိုမောင်နှမများနှင့် လက်တွဲပြီး ထာဝရငြိမ်းချမ်းရေးနှင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကောင်းဆုံးဖြစ်အောင် ဆောင်ကြဉ်းလုပ်ဆောင်မည်ဖြစ်ကြောင်း၊ ၂၀၂၀ ပြည့်နှစ်ကာလတွင် မြန်မာနိုင်ငံနှင့် ကမ္ဘာ့နိုင်ငံအဝှမ်းတွင် ခက်ခဲသောစိန်ခေါ်မှုများ ရင်ဆိုင်ကြုံတွေ့ခဲ့ရကြောင်း၊ တပ်မတော်အနေဖြင့် COVID-19 ကာကွယ်၊ ကုသရေးနှင့် ပတ်သက်၍ ရောဂါစတင်ဖြစ်ပွားချိန်ကတည်းက ဘက်စုံထောင့်စုံမှ မျက်ခြေမပြတ် စောင့်ကြည့်ပြီး လိုအပ်သော ညှိနှိုင်းပြင်ဆင်မှုများမှတစ်ဆင့် နိုင်ငံတော်နှင့် ပြည်သူလူထုအတွက် ကြိုတင်မျှော်တွေးစဉ်းစားကာ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားသည်။

Most Read

Most Recent