ကိုဗစ်အလွန်ကာလတွင် လူမှုစီးပွားအပေါ်သက်ရောက်မှုများ လျော့ပါးရေးအစီအစဉ်နှင့် စီးပွားရေးကုစားမှုအစီအစဉ်များ ပါဝင်သည့်စီမံကိန်းများ ဆက်လက်အကောင်အထည်ဖော်မည်ဟု နိုင်ငံတော်သမ္မတက နှစ်သစ်ကူးမိန့်ခွန်းတွင် ပြောကြား

ကိုဗစ်အလွန်ကာလတွင် လူမှုစီးပွားအပေါ်သက်ရောက်မှုများ လျော့ပါးရေးအစီအစဉ်နှင့် စီးပွားရေးကုစားမှုအစီအစဉ်များ ပါဝင်သည့်စီမံကိန်းများ ဆက်လက်အကောင်အထည်ဖော်မည်ဟု နိုင်ငံတော်သမ္မတက နှစ်သစ်ကူးမိန့်ခွန်းတွင် ပြောကြား
Published 1 January 2021

ကိုဗစ်အလွန်ကာလတွင် လူမှုစီးပွားအပေါ် သက်ရောက်မှုများ လျော့ပါးရေးအစီအစဉ်နှင့် စီးပွားရေးကုစားမှု အစီအစဉ်များ ပါဝင်သည့်စီမံကိန်းများ ဆက်လက်အကောင်အထည်ဖော်မည်ဟု နိုင်ငံတော်သမ္မတက နှစ်သစ်ကူးမိန့်ခွန်းတွင် ပြောကြားသည်။

နှစ်သစ်မကူးမီ မိနစ်ပိုင်းအလိုတွင်ထုတ် ပြန်ခဲ့သည့် နိုင်ငံတော်သမ္မတ၏ မိန့်ခွန်းတွင် ကိုဗစ်ကူးစက်မှုရောဂါနှင့် ပတ်သက်သည့် အကြောင်းအရာများ လာမည့်နှစ်သစ်တွင် ဆောင်ရွက်မည့်အခြေအနေများ၊ ဆောင်ရွက်မည့် ကိစ္စရပ်များတွင် နိုင်ငံသူနိုင်ငံသားများ ပူးပေါင်းပါဝင်ရန် စသည့် အကြောင်းအရာများကိုလည်း ထည့်သွင်းပြောကြားထားသည်။

ယခင်နှစ်များတွင် နိုင်ငံတော်ဘက်စုံ ဖွံ့ဖြိုးတိုးတက်ရန် ကဏ္ဍကြီး ၁၁ ရပ်သတ်မှတ်ကာ စီမံကိန်းများ ရေးဆွဲအကောင်အထည်ဖော်ရာတွင် ပြီးမြောက်ခဲ့သည့် လုပ်ငန်းများရှိသကဲ့သို့ ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းများလည်း ကျန်ရှိနေသေးကြောင်း၊ နိုင်ငံတစ်ခုတိုးတက်အောင်မြင်ရေးအတွက် အရေးကြီးဆုံး အခြေခံအချက်မှာ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးဖြစ်ကြောင်း  ပြည်သူများအားလုံး ပူးပေါင်းဆောင်ရွက်မှသာ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကြီး အောင်မြင်စွာ တည်ဆောက်နိုင်မည် ဖြစ်သကဲ့သို့ နိုင်ငံတစ်ဝှမ်း တန်းတူညီမျှ ဖွံ့ဖြိုးတိုးတက်ရေးကိုလည်း တစ်ပြိုင်နက်တည်း အကောင်အထည်ဖော်နိုင်မည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ပြောကြားသည်။

ကိုဗစ် ၁၉ ကပ်ရောဂါကြောင့် မိမိတို့နိုင်ငံတွင်လည်း အသက်ဘေးအန္တရာယ်နှင့်အတူ စီးပွားရေး၊ လူမှုရေးစသည့် အခက်အခဲများကို အတိုင်းအတာတစ်ခုအထိ ကြုံတွေ့ခဲ့ရသော်လည်း တက်ညီလက်ညီ ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့သဖြင့် ကပ်ရောဂါပြဿနာ ဆိုးဆိုးရွားရွားမခံစားရအောင် ထိန်းသိမ်းကာကွယ်နိုင်ခဲ့ကြောင်း၊ ယင်းကြောင့် နိုင်ငံသူ၊ နိုင်ငံသားများကို အထူးကျေးဇူးတင်ကြောင်း၊ ကိုဗစ် ၁၉ အလွန်ကာလတွင် ပြည်သူတို့၏ လူမှုစီးပွားဘဝအပေါ် သက်ရောက်မှုများ လျော့ပါးစေရေးအစီအစဉ်များနှင့် စီးပွားရေးကုစားမှုအစီအစဉ်များ ပါဝင်သည့် စီမံကိန်းများကို ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကပ်ရောဂါဘေးကြောင့် ဖြစ်ပေါ်လာသည့် ထိခိုက်နစ်နာဆုံးရှုံးမှုများကို ကျော်လွှားအောင်မြင်နိုင်မည်ဟု ယုံကြည်ကြောင်း နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ပြောကြားသည်။

Most Read

Most Recent