အစိုးရငါးနှစ်သက်တမ်းအတွေ့အကြုံအရ နိုင်ငံ့ခေါင်းဆောင်များက ဝန်ကြီးများနှင့် ကိုယ်စားလှယ်များအကြောင်း သိရှိထားပြီးဖြစ်သည့်အတွက် ယင်းအခြေအနေအပေါ် မူတည်၍ အစိုးရဖွဲ့စည်းရေးဆုံးဖြတ်မည်ဟု NLD ပါတီ ဒုတိယဥက္ကဋ္ဌ (၂) ပြောကြား

အစိုးရငါးနှစ်သက်တမ်းအတွေ့အကြုံအရ နိုင်ငံ့ခေါင်းဆောင်များက ဝန်ကြီးများနှင့် ကိုယ်စားလှယ်များအကြောင်း သိရှိထားပြီးဖြစ်သည့်အတွက် ယင်းအခြေအနေအပေါ် မူတည်၍ အစိုးရဖွဲ့စည်းရေးဆုံးဖြတ်မည်ဟု NLD ပါတီ ဒုတိယဥက္ကဋ္ဌ (၂) ပြောကြား
Published 29 December 2020
အောင်မင်းသိန်း

အစိုးရ ငါးနှစ်သက်တမ်း အတွေ့အကြုံအရ နိုင်ငံတော်သမ္မတနှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်အနေဖြင့် ဝန်ကြီးများနှင့် ကိုယ်စားလှယ်များအကြောင်း သိရှိထားပြီးဖြစ်သည့်အတွက် ယင်းအခြေအနေအပေါ်မူတည်၍ အစိုးရဖွဲ့စည်းရေးဆုံးဖြတ်မည်ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ဒုတိယဥက္ကဋ္ဌ (၂) မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ပြောကြားသည်။

ဒီဇင်ဘာ ၂၉ ရက်က နေပြည်တော်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ယာယီဌာနချုပ် (ရုံးခွဲ) တွင် ကျင်းပသည့် NLD ပါတီ၏ ဗဟိုအလုပ်မှုဆောင်အစည်းအဝေးအပြီး ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် အစိုးရ ဖွဲ့စည်းရေးအတွက် ဆောက်ရွက်ပြီးသွားပြီလားဟု သတင်းထောက်တစ်ဦး၏ မေးမြန်းမှုကို ပြန်လည်ဖြေကြားရာ၌ ဒေါက်တာဇော်မြင့်မောင်က အထက်ပါအတိုင်း ထည့်သွင်းဖြေကြားခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့် ငါးနှစ်တာ အတွေ့အကြုံများကြောင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် ဝန်ကြီးများ၏အခြေအနေနှင့် လွှတ်တော်ကိုယ်စားလှယ်များနှင့်ပတ်သက်၍ သိရှိပြီးဖြစ်သလို နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်သည်လည်း လွှတ်တော်ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့ဖူးခြင်းကြောင့် အစိုးရဖွဲ့စည်းရေးအတွက် ယင်းအခြေအနေများအပေါ် မူတည်၍ စဉ်းစားဆုံးဖြတ်မည်ဖြစ်ကြောင်း ဒေါက်တာဇော်မြင့်မောင်က ပြောကြားသည်။

“ ကျွန်တော် ခုနက ပြောခဲ့ပါတယ်။ ဒီ ငါးနှစ်အတွေ့အကြုံ၊ အစိုးရအဖွဲ့ရဲ့ ငါးနှစ်အတွေ့အကြုံ။ ပြည်ထောင်စုအစိုးရအဖွဲ့ရဲ့ ငါးနှစ်အတွေ့အကြုံမှာ ကျွန်တော်ပြောချင်တာက အတိုင်ပင်ခံပုဂ္ဂိုလ်ရော၊ သမ္မတကြီးရော၊ တော်တော်ကို အတွေ့အကြုံရှိနေပြီ။ ဘယ်ဝန်ကြီး ဘယ်လိုအခြေအနေရှိတယ်ဆိုတာ သူတို့က ကျွန်တော်တို့ထက် အများကြီးသိတာပေါ့။ နောက်တစ်ခါ ဝန်ကြီးချုပ်တွေနဲ့ပတ်သက်လို့လည်း ဝန်ကြီးချုပ်တွေက ကျွန်တော်တို့ ပြောရရင် တစ်လတစ်ခါ ပုံမှန်အစည်းအဝေးရှိတယ်။ သမ္မတကြီးနဲ့လည်း တွေ့ရတယ်။ အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့လည်း တွေ့ရတဲ့ အစည်းအဝေးတွေရှိတယ်။ အဲဒီအစည်းအဝေးတွေမှာလည်း ဝန်ကြီးချုပ်တွေ ရဲ့ အကဲဖြတ်မှတ်တမ်း၊ ကျွန်တော်ထင်ပါတယ် လူကြီးတွေဆီမှာ ရှိပြီးသားပါ” ဟု ဒေါက်တာဇော်မြင့်မောင်က ပြောကြားသည်။

အစိုးရဖွဲ့စည်းရေးနှင့်ပတ်သက်၍ ပြည်သူများ၏ အသံကိုလည်း တင်ပြထားသလို မည်သူက မည်သို့သော အရည်အချင်းများရှိသည်၊ ဝန်ကြီးများ၏ အခြေအနေနှင့်ပတ်သက်၍ နိုင်ငံတော်၏အကြီးအကဲ နှစ်ယောက်သည် ကောင်းကောင်းသိရှိထားကြောင်း ဒေါက်တာဇော်မြင့်မောင်က ပြောကြားသည်။

ထို့ပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရ အဖွဲ့ဝင်အချင်းချင်း တာဝန်လွှဲပြောင်းရမည်ဖြစ်ခြင်းကြောင့် အစိုးရဖွဲ့စည်းခြင်းကို အရေးတကြီး လုပ်ဆောင်မည် မဟုတ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ဒုတိယဥက္ကဋ္ဌ (၂) မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ပြောကြားသည်။

“ ခုနက ကျွန်တော် ပြောထားတယ်လေ။ အစိုးရဖွဲ့ဖို့ ခုနကပြောတဲ့ Time Frame ကို ပြောတာပေါ့။ အရင်တုန်းက ပြည်ထောင်စုကြံ့ခိုင်ဖွံ့ဖြိုးရေး အစိုးရဆီကနေ ကျွန်တော်တို့ လက်လွှဲယူရတာ။ အဲဒီတော့ ကျွန်တော်တို့က ကက်ဘိနက်တွေ ဖွဲ့လိုက်တဲ့အခါကျတော့ Emergency သဘောမျိုး ဖြစ်လိုက်တဲ့ အခါကျ ကျွန်တော်တို့ဖွဲ့လိုက်ရတယ်။ အခုဟာကျတော့ ဘာဖြစ်လဲဆိုတော့ NLD အစိုးရဆီကနေ ကျွန်တော်တို့ NLD အခု အနိုင်ရတဲ့လူတွေက NLD ချင်း ပြန်လွှဲရမှာ။ အဲဒီလိုဆိုတော့ အချိန်ရှိတယ်။ ဘယ်အချိန် ဖွဲ့ဖွဲ့ရတယ်ဆိုတဲ့ သဘောမျိုးလေး ရှိတယ်ပေါ့။ အဲဒီတော့ ပြောချင်တာ အရေးတကြီးနဲ့ တစ်ခါတည်း ဝုန်းဒိုင်းဆိုဖွဲ့ပြီးတော့ တင်ကိုတင်ရမယ်ဟာမျိုး မဟုတ်ဘူး” ဟု ဒေါက်တာဇော်မြင့်မောင်က ပြောကြားသည်။

 ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ပထမအပတ်တွင် လွှတ်တော်ခေါ်ယူမည်ဖြစ်ပြီး မတ် ၃၁ ရက်အထိ အစိုးရအဖွဲ့ ဖွဲ့စည်း၍ရခြင်းကြောင့် ကြားထဲတွင် အချိန်ရှိကြောင်း ဒေါက်တာဇော်မြင့်မောင်က ပြောကြားသည်။

ဒေါက်တာဇော်မြင့်မောင်က “ အဲဒီတော့ အချိန်ဆိုလိုက်တဲ့အခါကျတော့ ခင်ဗျားပြောလိုက်တဲ့ Time Frame နဲ့ပတ်သက်ပြီး ပြောရမယ်ဆိုရင် ကျွန်တော်တို့က ၂၀၁၅ တုန်းက အစိုးရအဖွဲ့ဆီက လက်လွှဲယူရတာ၊ အာဏာကို၊ လုပ်ပိုင်ခွင့်ကို။ ဆိုလိုက်တဲ့အခါကျတော့ ကျွန်တော်တို့မှာ ဒါကို ချက်ချင်း Urgent အစိုးရအဖွဲ့ ဖွဲ့လိုက်ရတာပေါ့။ ဘာဖြစ်လို့လဲဆိုတော့ တခြားအုပ်ချုပ်တဲ့အစိုးရဆီကနေ။ အခုဟာ ကျွန်တော်တို့ NLD အစိုးရဆီကနေ နောက်လာရင်လည်း NLD က ပြန်ပြီးလွှဲယူရမှာ။ အဲဒီတော့ ကျွန်တော်တို့မှာ အချိန်ရှိတယ်ပေါ့။ ပြောချင်တာက ကျွန်တော်တို့ အေးအေးဆေးဆေးနဲ့ လုပ်လို့ရတယ်” ဟု ပြောကြားသည်။

Most Read

Most Recent