ကျောက်မဲမြို့နယ်အတွင်း RCSS/SSA နှင့် TNLA တိုက်ပွဲများ ဖြစ်ပွားနေမှုကြောင့် ကျောက်မဲမြို့ပေါ်သို့ ဒေသခံများ တိမ်းရှောင်လာ

ကျောက်မဲမြို့နယ်အတွင်း RCSS/SSA နှင့် TNLA တိုက်ပွဲများ ဖြစ်ပွားနေမှုကြောင့် ကျောက်မဲမြို့ပေါ်သို့ ဒေသခံများ တိမ်းရှောင်လာ
ကျောက်မဲမြို့သို့ ရောက်ရှိလာသည့် တိုက်ပွဲရှောင်သူများကို ဒီဇင်ဘာလ ၂၈ ရက် နံနက်ပိုင်းက ပိန္နဲကုန်းကျေးရွာ၊ ၀ါဆိုကျောင်းတွင် တွေ့ရစဉ်
ကျောက်မဲမြို့သို့ ရောက်ရှိလာသည့် တိုက်ပွဲရှောင်သူများကို ဒီဇင်ဘာလ ၂၈ ရက် နံနက်ပိုင်းက ပိန္နဲကုန်းကျေးရွာ၊ ၀ါဆိုကျောင်းတွင် တွေ့ရစဉ်
Published 28 December 2020
 ထွန်းနေလှိုင် (နောင်ပိန်)၊ ပြည့်စုံ (မူဆယ်)

ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲမြို့နယ်၊ လွယ်အံ (တင်း) ကျေးရွာအုပ်စု အနီးတစ်ဝိုက်တွင် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) နှင့် တအန်းလက်နက်ကိုင်အဖွဲ့ (TNLA) တို့ တိုက်ပွဲများ ဖြစ်ပွားနေမှုကြောင့် လွယ်အံကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများမှ ဒေသခံများ ဒီဇင်ဘာ ၂၇ ရက်မှစတင်ကာ ကျောက်မဲမြို့ပေါ်သို့ တိမ်းရှောင်နေကြရကြောင်း သိရသည်။

လွယ်အံကျေးရွာအုပ်စုအနီးတွင် RCSS/SSA နှင့် TNLA တို့ ဒီဇင်ဘာလ ၂၅ ရက်ခန့်မှစတင်ပြီး တိုက်ပွဲများဖြစ်ပွားနေခြင်းဖြစ်ကာ ဒေသခံများမှာ ကျောက်မဲမြို့သို့ ထွက်ပြေးတိမ်းရှောင်လာခဲ့ခြင်း ဖြစ်သည်။

“ ကျွန်မတို့မိသားစု လွယ်အံကနေ လမ်းလျှောက်ပြီး ကျောက်မဲကို ထွက်ပြေးလာကြတယ်။ တိုက်ပွဲက နေ့ရောညရော ဖြစ်နေပါတယ်။ တိုက်ပွဲက ရွာထဲမှာဖြစ်နေတာ။ ရွာကလူတွေကိုတော့ ကျွန်မတို့ ထွက်ပြေးလာတဲ့အချိန်ထိတော့ ထိခိုက်ဒဏ်ရာရတာတွေ မတွေ့မိသေးပါဘူး။ တချို့လည်း ခြေလျင်လျှောက်လာတယ်။ တချို့လည်း ဆိုင်ကယ်တွေနဲ့ ပြေးလာကြတယ်။ ရွာက အိမ်တွေမှာတော့ ဘယ်သူမှမစောင့်ရဲကြဘူး။ အသက်ကြီးပြီး သွားလာရေးခက်ခဲနေတဲ့ သက်ကြီးပိုင်းတွေလောက်ပဲ ကျန်ခဲ့တယ်” ဟု လွယ်အံ (တင်း) ကျေးရွာမှ ထွက်ပြေးလာသူ ဒေသခံအမျိုးသမီးတစ်ဦးက ပြောကြားသည်။

တိုက်ပွဲဖြစ်ပွားရာနေရာသည် လွယ်အံ (တင်း) ကျေးရွာအုပ်စုအတွင်းဖြစ်ပြီး ၎င်းကျေးရွာအုပ်စုအတွင်းရှိ  ကျေးရွာခုနစ်ရွာမှ ဒေသခံအများအပြား ကျောက်မဲမြို့သို့ ထွက်ပြေးလာခဲ့ရာ ၎င်းတို့ကို သက်ဆိုင်ရာက ကျောက်မဲမြို့ ပိန္နဲကုန်းကျေးရွာရှိ ၀ါဆိုကျောင်းတွင် ထားရှိကြောင်း သိရသည်။

“ တိုက်ပွဲရှောင်တွေ မနေ့ညက ၄၅ ယောက်ရောက်လာတယ်။ သူတို့အတွက် ဆေးစိမ်ခြင်ထောင် ဝေထားတယ်။ ကျန်းမာရေးပညာပေး COVID စည်းကမ်းနဲ့နေထိုင်ကြဖို့ ပြောထားတယ်။ Mask တွေ ဝေထားတယ်။ အခုက ကျောက်မဲမြို့နယ် ပိန္နဲကုန်းကျေးရွာဝါဆိုကျောင်းမှာ ထားပါတယ်။ ထပ်များလာမယ်ဆိုရင်တော့ အ.မ.ကကျောင်းမှာ ထားပါမယ်” ဟု ကျောက်မဲခရိုင်၊ ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ ဒုတိယခရိုင် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာနန်းရီလှိုင်ဦးက ပြောကြားသည်။

တိုက်ပွဲရှောင်များအား  ကျောက်မဲမြို့နယ်အတွင်းရှိ ပရဟိမော်တော်ယာဉ်၂၁ စီးဖြင့် သွားရောက်ကြိုပေးခဲ့ပြီး ဒီဇင်ဘာ ၂၈ ရက်နေ့ မွန်းလွဲအချိန်ထိ တိုက်ပွဲရှောင်လာသူ ၁၅၀ ဦးခန့် ရှိကြောင်း သိရသည်။

“လမ်းက ကြမ်းတယ်။ တိုက်ပွဲဖြစ်တဲ့ ရွာကနေ တချို့က လမ်းလျှောက်ပြေးလာကြတယ်။ ကားလေးတွေ ဝင်လို့ရတဲ့နေရာထိဆို ၁၀ မိုင်ကျော်လောက် ဝေးတယ်။ ဒီမနက်ပိုင်း ထော်လာဂျီအကြီးတွေနဲ့ သွားတင်ပြီး လမ်းမကြီးပေါ်ရောက်မှ ပရဟိတယာဉ်တွေနဲ့ ကျောက်မဲကိုလာကြရတယ်။ ကျောက်မဲကိုတော့ တိုက်ပွဲရှောင်သူ ၁၅၀ လောက် ရောက်နေပြီ။ ခဏနေ နောက်ထပ် ၂၀၀ လောက် ထပ်ရောက်ဖို့ရှိနေပါသေးတယ်” ဟု နောင်ပိန်ကျေးရွာ ကမ်းလင့်လက်များ လူမှုကူညီရေးအသင်းမှ ကိုနေအောင်က ပြောကြားသည်။

လက်ရှိအချိန်တွင် ဆောင်းတွင်းကာလ အအေးပိုသော အချိန်ကာလဖြစ်နေသောကြောင့် တိုက်ပွဲရှောင်များအတွက် အဝတ်အထည်နှင့် စောင်၊ ခြင်ထောင်များ အဓိက လိုအပ်ချက်ရှိကြောင်း သိရသည်။

ထို့အတူ နှစ်ဖက်တပ်များသည် ယင်းဒေသတစ်ဝိုက် တပ်အင်အားဖြည့်တင်းမှုများလည်း ရှိကြောင်း သိရသည်။

“ နှစ်ဖက်တပ်က ပြေပြေလည်လည်နဲ့ လျှော့ထားရင်တော့ သူအလိုလိုနဲ့ ငြိမ်းချမ်းတဲ့ဘက် ပြန်ရောက်လာနိုင်တယ်။ COVID ကာလတစ်နှစ်နီးပါးလောက် ကိုယ့်မြို့နယ်ထဲမှာ ဘယ်ဘာသာ၊ ဘယ်လူမျိုးမဆို၊ ကူညီနေရတယ်။ အခု စစ်ပြန်ဖြစ်ရင်တော့ ကျွန်တော် မိဘပြည်သူတွေရဲ့အသက်အတွက် မလွယ်ဘူးပေါ့၊ အခု ပရဟိတအသင်းတွေနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေအနေနဲ့ လုပ်ရတဲ့အခန်းကဏ္ဍက ပိုများလာတယ်။ ဒါကြောင့် စစ်မက်အမြန်ဆုံးချုပ်ငြိမ်းဖို့ တောင်းဆို အကြံပြုချင်ပါတယ်” ဟု အိုမ်တမာဝ် လူမှုကူညီရေးအသင်းမှ ပြန်ကြားရေးမှူးက ပြောကြားသည်။

RCSS အဖွဲ့သည် NCA ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဖြစ်ပြီး RCSS နှင့် TNLA ကြား မကြာခဏ ထိတွေ့တိုက်ပွဲများ ဖြစ်ပွားလေ့ရှိကာ ၂၀၁၈ ခုနှစ်အတွင်းက RCSS နှင့် TNLA ၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) ပူးပေါင်းအဖွဲ့အကြား ရှမ်းပြည်နယ် (မြောက်ပိုင်း) တွင် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားခဲ့သည့်အတွက် ဒေသခံအများအပြား နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။

Most Read

Most Recent