ချင်းပြည်နယ်ဝန်ကြီးချုပ်နေရာအား နိုင်ငံရေး၊ စစ်ရေး၊ အုပ်ချုပ်ရေးနှင့် လူမှုဖွံ့ဖြိုးတိုးတက်ရေး နောက်ခံအတွေ့အကြုံပြည့်ဝသူကို ရွေးချယ်ခန့်အပ်ပေးရန် ချင်းအရပ်ဘက်အဖွဲ့အစည်းများ တောင်းဆိုချက်ထုတ်ပြန်

ချင်းပြည်နယ်ဝန်ကြီးချုပ်နေရာအား နိုင်ငံရေး၊ စစ်ရေး၊ အုပ်ချုပ်ရေးနှင့် လူမှုဖွံ့ဖြိုးတိုးတက်ရေး နောက်ခံအတွေ့အကြုံပြည့်ဝသူကို ရွေးချယ်ခန့်အပ်ပေးရန် ချင်းအရပ်ဘက်အဖွဲ့အစည်းများ တောင်းဆိုချက်ထုတ်ပြန်
Published 28 December 2020
အောင်သူထွန်း

ချင်းပြည်နယ် အစိုးရအဖွဲ့ဝန်ကြီးချုပ် နေရာတွင် နိုင်ငံရေး၊ စစ်ရေး၊ အုပ်ချုပ်ရေးနှင့် လူမှုဖွံ့ဖြိုးတိုးတက်ရေး နောက်ခံအတွေ့အကြုံ ပြည့်ဝသူကို ရွေးချယ်ခန့်အပ်ပေးရန်အတွက် ချင်းအရပ်ဘက်အဖွဲ့အစည်း ၁၀ ဖွဲ့က ဒီဇင်ဘာလ ၂၈ ရက်တွင် ထုတ်ပြန်ကြေညာသည်။

“ ကျွန်တော်တို့အနေနဲ့ပိုပြီးတော့ အရည်အချင်းရှိတဲ့သူပေါ့။ အခုသတင်းကြားတာကတော့ အခု ဝန်ကြီးချုပ်ဟောင်းကိုပဲ ပြန်ထားမယ်ဆိုတဲ့သတင်းတွေ ကြားနေရတယ်။ ကျွန်တော်တို့ ဖြစ်စေချင်တာက ချင်းပြည်နယ်ကောင်းဖို့ တစ်မျိုးသားလုံးအတွက် အရည်အချင်းရှိတဲ့သူတွေ ကိုယ့်ရဲ့ မျိုးနွယ်စုတစ်ခုတည်းကိုဘဲ မကြည့်ပဲ အားလုံးသာတူညီမျှ နေရာတိုင်းမှာ လုပ်နိုင်တဲ့သူတွေကို ဖြစ်စေချင်တယ်။ ကျွန်တော်တို့ ပြီးခဲ့တဲ့ သက်တမ်းငါးနှစ်တာမှာလည်း အားမရတဲ့ အပိုင်းတွေ ရှိတယ်။ နောက်လာမယ့် ငါးနှစ်တာ သက်တမ်းမှာ ပိုပြီးအားရတဲ့သူကို ထားစေချင်တယ်။ အဓိကတော့ နိုင်ငံရေး၊ လုံခြုံရေး ၊ ဂဃနဏ နားလည်တဲ့သူ ဖြစ်စေချင်တယ်။ အကုန်လည်းနဲ့ သဟဇာတပေါင်း သင်းဆက်ဆံနိုင်တဲ့သူ ဖြစ်စေချင်တယ်။ အဓိကတော့ ပလက်ဝဒေသခံဖြစ်တဲ့အလျှောက် ပလက်ဝမှာ စစ်ဘေးဒုက္ခသည်တွေလည်း ရှိတယ်။ စစ်ဘေးဒုက္ခသည်တွေကို ပစ်ထားတာမဟုတ်ဘဲနဲ့ ဒုက္ခသည်တွေကို အကူအညီပေးနိုင်မယ့်သူတွေ အဲဒါတွေကအစ ဖြစ်စေချင်တာ။ အရင်ဝန်ကြီးချုပ်လည်း ငါးနှစ်လုပ်ပြီးသွားပြီဖြစ်တဲ့အတွက် ကောင်းတာတွေလည်း ရှိပေမယ့် သူ့ထက်ပိုကောင်းတဲ့ တော်တဲ့သူ၊ လုပ်နိုင်မယ့်သူရှိမယ်လို့ မျှော်လင့်တယ်။ အဲဒီလူကို NLD ပါတီ ဗဟိုခေါင်းဆောင်တွေအနေနဲ့လည်း သေချာလေး စိစစ်ပြီးတော့ ရွေးပေးစေချင်တယ်။ ချင်းပြည်သူတွေနဲ့ တစ်လုံးတစ်ဝတည်း ထပ်တူကျမယ့်သူကို ရွေးပေးစေချင်တယ်” ဟု ထုတ်ပြန်ချက်နှင့်ပတ်သက်၍ မီဒီယာပြောရေးဆိုခွင့်ရှိသူ ကိုပီတာလွယ်လူးက ပြောကြားသည်။

လက်ရှိချင်းပြည်နယ်ဝန်ကြီးချုပ် ဆလိုင်းလျန်လွယ်သည် ၂၀၂၀ ရွေးကောက်ပွဲတွင် ဖလမ်းမဲဆန္ဒနယ် (၂) တွင် ပြန်လည်အနိုင်ရရှိထားသည်။

ယင်းထုတ်ပြန်ချက်တွင် ချင်းအမျိုးသားများ၏ ပုံရိပ်ကောင်းများကို ဖော်ဆောင်ရာတွင် အထောက်အကူဖြစ်စေရေးနှင့် မျိုးနွယ်စု အချင်းချင်းအကြား မကျေလည်မှုများကို အပြန်အလှန် စာနာနားလည်မှုဖြင့် ကျော်လွှားပြီး ချင်းအမျိုးသားများ၊ ဘုံကောင်းကျိုးကို ဖော်ဆောင်နိုင်ရေးနှင့် အချင်းချင်းစည်းလုံးညီညွတ်ရေးကို မျှော်ကိုး၍ ပြည်ထောင်စု မြန်မာနိုင်ငံတော် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဦးစီးသော ပြည်ထောင်စုအစိုးရအဖွဲ့ တာဝန်ရှိသူများနှင့် နိုင်ငံ့ဥသျှောင်ပုဂ္ဂိုလ်များအနေဖြင့် ချင်းပြည်နယ်အတွင်းရှိ ပြည်သူများ၏ သဘောထားအမှန်ကို အလေးထားပေးစေလိုကြောင်း ပါရှိသည်။

ထို့ကြောင့်မကြာခင်ဖွဲ့စည်းမည့် တတိယအကြိမ် ချင်းပြည်နယ်လွှတ်တော်သက်တမ်း ချင်းပြည်နယ် အစိုးရအဖွဲ့ခေါင်းဆောင် ဝန်ကြီးချုပ်ပေးအပ်ရာတွင် ချင်းပြည်နယ် တစ်ဝန်းလုံး တရားမျှတမှုကို ဖော်ဆောင်နိုင်ပြီး ရေရှည်တည်တံ့သော ဖွံ့ဖြိုးရေးအမြင်ရှိသူ နယ်မြေအေးချမ်းလုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးကို ဖော်ဆောင်နိုင်ရေးအတွက် အရပ်ဘက် စစ်ဘက် ညှိနှိုင်းဆောင်ရွက်နိုင်သူ၊ ကိုယ်ကျိုးစီးပွားကို ဖက်တွယ်ခြင်းမပြုဘဲ အမျိုးသားအကျိုးစီးပွား အကျိုးပြုစိတ်ဓာတ်ဖြင့် မည်သည့်အဖွဲ့အစည်းနှင့်မဆို အပြုသဘောဆောင် ဆက်ဆံနိုင်သူ၊ အစိုးရတာဝန် ထမ်းဆောင်စဉ်ကာလအတွင်း အမည်ပျက် သတင်းထွက်ပေါ်ခြင်းမရှိသူ၊ မြို့နယ်ဒေသ ကျောသားရင်းသားခွဲခြားခြင်း မရှိသူ စသည်များနှင့် ကိုက်ညီသည့် ပြည်သူ့ကိုယ်စားလှယ်ကိုသာ ရွေးချယ်တာ ဝန်ပေးအပ်နိုင်ပါရန် တောင်းဆိုကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ချင်းပြည်နယ်သည် နိုင်ငံအတွင်း ဆင်းရဲမွဲတေမှုအဆင့် အမြင့်ဆုံးတွင်ရှိနေခြင်း၊ ဒုတိယအကြိမ် လွှတ်တော်သက်တမ်း ချင်းပြည်နယ်အစိုးရအနေဖြင့် စစ်တမ်းရလဒ်တစ်ခုတွင် လာဘ်ပေးလာဘ်ယူ အမြင့်ဆုံးတွင် ရှိနေခြင်း၊ ပြည်နယ်အတွင်း ဘတ်ဂျက်ခွဲဝေမှု မညီမျှမှုများရှိခြင်းကြောင့် ဒေသခံများ မကျေမနပ်သံများ ထွက်ပေါ်လာခြင်းနှင့် အစိုးရတင်ဒါ ခွဲဝေမှုတွင်လည်း မျှတမှုမရှိကြောင်း သတင်းများ ထွက်ပေါ်နေခြင်းတို့မှာ အစိုးရအဖွဲ့ခေါင်းဆောင်၏ စီမံခန့်ခွဲမှု အားနည်းမှုကြောင့်ဖြစ်ကြောင်း ချင်းအရပ်ဘက်လူမှု အဖွဲ့အစည်းက သဘောထားထုတ်ပြန်ချက်တွင် ပါရှိသည်။

“ ထုတ်ပြန်ချက်အပေါ်မှာ တစ်စိတ်တစ်ပိုင်း သဘောတူပါတယ်။ တချို့ကိစ္စတွေမှာက လူအပေါ်မှာ တိုင်းတာထက် မူဝါဒပိုင်းဆိုင်ရာကို ဘယ်လိုထိန်းကွပ်ကြသလဲဆိုတာ အရေးကြီးတာပေါ့။ လူလို့ပြောရင်လည်း

လူဆိုတာ ဒီအချိန်မှာ ကောင်းပေမယ့် တစ်ချိန်ချိန်မှာ မကောင်းတာလည်း ဖြစ်ကောင်း ဖြစ်နိုင်တယ်။ ဝန်ကြီးချုပ် တစ်ယောက်မှာရှိသင့် ရှိအပ်တဲ့အရာတွေ ကောင်းကောင်းရှိနေပြီ၊ ဒီမိုကရေစီမှာ ဘယ်လောက်အထိ အစူးအစမ်း အပြောအဆိုခံနိုင်သလဲဆိုတဲ့အပေါ်မှာ မှတ်ချက်ပြုချင်ပါတယ်။ အရင်ငါးနှစ်ကို ပြောရမယ်ဆိုရင် သူတို့က စနစ်တော့ ရှိကောင်းရှိမှာပါ။ ဒါပေမဲ့ တိုင်မှတောမှ အရေးယူတဲ့ပုံစံ ဖြစ်ပါတယ်။ ဝန်ကြီးချုပ်တွေကို သူတို့ လုပ်ဆောင်ချက်တွေ တိုင်းတာတဲ့အရာတွေနဲ့ တိုင်းတာမယ်ဆို ပိုအဆင်ပြေမယ်လို့ ပြောချင်ပါတယ်” ဟု ချင်းမာတာအဖွဲ့မှ ကိုအင်ဒရူးက ပြောကြားသည်။

Most Read

Most Recent