ရွေးကောက်ပွဲတွင် မဲစာရင်းလိမ်လည်မှုနှင့် တရားမဲ့ပြုကျင့်မှုများ ရှိခဲ့ခြင်းကြောင့်ပြည်ခိုင်ဖြိုးပါတီက UEC သို့ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကန့်ကွက်လွှာ တင်သွင်းမည်

ရွေးကောက်ပွဲတွင် မဲစာရင်းလိမ်လည်မှုနှင့် တရားမဲ့ပြုကျင့်မှုများ ရှိခဲ့ခြင်းကြောင့်ပြည်ခိုင်ဖြိုးပါတီက UEC သို့ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကန့်ကွက်လွှာ တင်သွင်းမည်
နိုဝင်ဘာ ၂၆ ရက်က ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌ ဦးခင်ရီ ရှင်းလင်းပြောကြားနေစဉ်
နိုဝင်ဘာ ၂၆ ရက်က ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌ ဦးခင်ရီ ရှင်းလင်းပြောကြားနေစဉ်
Published 23 December 2020
အောင်မင်းသိန်း

ရွေးကောက်ပွဲတွင် မဲစာရင်းလိမ်လည်မှုများနှင့် တရားမဲ့ပြုကျင့်မှုများ ရှိခဲ့ခြင်းကြောင့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် (UEC) သို့ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကန့်ကွက်လွှာ တင်သွင်းသွားမည် ဖြစ်ကြောင်း ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ဗဟိုအလုပ်မှုဆောင် ပျော်ဘွယ်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသောင်းအေးက ပြောကြားသည်။

လက်ရှိအချိန်တွင် ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲနှင့် ပတ်သက်၍ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သို့ ကန့်ကွက်လွှာ တင်သွင်းထားမှုသည် အစောင် ၁၀၀ ကျော်ရှိနေပြီး ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများသည် သက်ဆိုင်ရာ မဲဆန္ဒနယ်များအလိုက် ကန့်ကွက်လွှာ တင်သွင်းမည်ဖြစ်ကြောင်း သိရသည်။

“ကန့်ကွက်လွှာတွေက နေ့တိုင်းတင်နေတာ။ ၁၀၀ တော့ ကျော်သွားပြီ။ အတိအကျတော့ ပြောလို့မရသေးဘူး။ ကန့်ကွက်တာကတော့ အများကြီးပဲလေ။ အကြောင်းအရာတွေက။ အဓိကကတော့ တရားမဲ့မှုပေါ့။ မတရား ပြုကျင့်မှုတွေကို တိုင်တာပဲ။ အဲဒါတွေနဲ့ ကန့်ကွက်တာပဲ။ အခု မဲလိမ်ထားတာတွေ ရှိတယ်လေ။ မဲလိမ်ထားတာတွေ၊ တရားမဲ့ ပြုကျင့်မှုတွေပေါ့။ အဲဒါတွေနဲ့ ကန့်ကွက်တာပေါ့။ (အားလုံးကန့်ကွက်တာလား) ကန့်ကွက်ပါတယ်။ အားလုံးကန့်ကွက်တယ်။ ပြည်ခိုင်ဖြိုးအမတ်အားလုံး” ဟု ဦးသောင်းအေးက ပြောကြားသည်။

ရွေးကောက်ပွဲ နည်းဥပဒေတွင် ရွေးကောက်တင်မြှောက်ခံရသော လွှတ်တော်ကိုယ်စားလှယ်လောင်း တစ်ဦးဦးကိုဖြစ်စေ၊ ယင်းမဲဆန္ဒနယ်တွင် ကျင်းပခဲ့သည့် ရွေးကောက်ပွဲသည် တရားမျှတမှုမရှိကြောင်း အကြောင်းပြ၍ ကန့်ကွက်လိုလျှင်ဖြစ်စေ၊ အနိုင်ရကိုယ်စားလှယ်ကို တိုင်းဒေသကြီး၊ ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲက ကြေညာပြီး ၄၅ ရက်အတွင်း အမှုစရိတ် ကျပ်ငါးသိန်း တင်သွင်း၍ ကန့်ကွက်နိုင်သည်ဟု ပြဋ္ဌာန်းထားသည်။

ပြည်ခိုင်ဖြိုးပါတီအနေဖြင့် တစ်နိုင်ငံလုံး အတိုင်းအတာနှင့် ကန့်ကွက်ရန် ရှိပါသလား ဆိုသည့် မေးမြန်းမှုနှင့် ပတ်သက်၍ ဦးသောင်းအေးက “ဒါပေါ့ တစ်နိုင်ငံလုံး အတိုင်းအတာအနေနဲ့ ကန့်ကွက်တာပဲ။ အဲဒီတော့ ရောက်တဲ့ဟာတွေ အခုလုပ်ပြီးတော့ တင်နေတာပေါ့။ ရှိသေးတယ်။ မပြီးသေးဘူးလေ။ ကိုယ်တို့က တချို့တိုင်းနဲ့ ပြည်နယ်တွေကရော၊ တချို့မြို့နယ်တွေကရောက ၁၂ ရက်နေ့လောက်အထိ၊ ကိုယ်တို့ဆိုရင် ၁၂ ရက်နေ့လောက်မှ သူတို့က ကြေညာတာလေ။ ၁၂ ရက်နေ့ကို ၄၅ ရက်ပေါင်းရင် ၂၇ ရက်နေ့အထိ အချိန်ရတယ်။ ယေဘုယျအားဖြင့် ၈ ရက်နဲ့တွက်လို့ ၂၃ ရက်လို့ ပြောထားကြတာ။ ဒါပေမဲ့ ကြေညာတာတွေက တစ်ရက်နဲ့တစ် ရက် မတူဘူး။ တစ်မြို့နယ်နဲ့ တစ်မြို့နယ်မတူ ဘူး။ ကိုယ်တို့ ပျော်ဘွယ်မြို့နယ်ဆိုရင် သူက ၁၂ ရက်နေ့မှ ကြေညာတယ်။ ကြေညာပြီးတဲ့ နောက် ၄၅ ရက်ဆိုတော့ ဒီလ ၂၆၊ ၂၇ လောက်အထိ တင်လို့ရသေးတာပေါ့။ အဲဒီအခြေအနေအပေါ် မူတည်ပြီးတော့ တင်နေကြ တာပါ။ တစ်နိုင်ငံလုံးမှာရှိတဲ့ မြို့နယ်တွေပေါ့။ မဲစာရင်း လိမ်လည်မှုတွေနဲ့ တရားမဲ့ပြုကျင့်မှုတွေပေါ့” ဟု ပြန်လည်ဖြေကြားသည်။

ရွေးကောက်ပွဲတွင် တစ်ကြိမ်ထက်ပို၍ ဆန္ဒမဲပေးခြင်း၊ မဲဆန္ဒရှင်ကို သွေးဆောင်ခြင်း အပါအဝင် အချက် ၁၂ ချက်ပါဝင်သော အပြုအမူများသည် ရွေးကောက်ပွဲ တရားမဲ့ပြုမှုဖြစ်ကြောင်း သက်ဆိုင်ရာ လွှတ်တော်အသီးသီး၏ ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၆၆ တွင် ဖော်ပြပါရှိသည်။

ရွေးကောက်ပွဲနှင့် စပ်လျဉ်း၍ ကန့်ကွက်လွှာမှုများကို ဆုံးဖြတ်ရန် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင်တစ်ဦး ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ပြီး အဖွဲ့ဝင်နှစ်ဦးပါ ခုံအဖွဲ့ ဖွဲ့စည်းဆောင်ရွက်၍ ကော်မရှင်အဖွဲ့ဝင် တစ်ဦးက ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ကာ ဥပဒေကျွမ်းကျင်သည့် သင့်လျော်သော နိုင်ငံသား နှစ်ဦးပါဝင်သည့် ခုံအဖွဲ့လည်း ဖွဲ့စည်းနိုင်သည်ဟု ရွေးကောက်ပွဲ ဥပဒေတွင် ပါရှိသည်။

ပြီးခဲ့သည့် ၂၀၂၀ ရွေးကောက်ပွဲ၏ ရွေးကောက်ပွဲများရလဒ်များကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သည် နိုဝင်ဘာ ၉ ရက်မှ နိုဝင်ဘာ ၁၅ အထိ ကြေညာခဲ့ခြင်းကြောင့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥပဒေအရ ရွေးကောက်ပွဲရလဒ် ကြေညာပြီးသည့်ရက်မှ ၄၅ ရက်အတွင်း သက်ဆိုင်ရာ မဲဆန္ဒနယ်များအတွက် ကန့်ကွက်လွှာ တင်သွင်းခွင့် ရှိနေသည်။

နိုဝင်ဘာ ၈ ရက်က ကျင်းပခဲ့သည့် ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲတွင် မဲဆန္ဒနယ် စုစုပေါင်း ၁၁၁၇ နယ်၌ ရွေးကောက်ပွဲ ကျင်းပခဲ့ပြီး အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပါတီက အနိုင်ရ ကိုယ်စားလှယ် ၉၂၀ ရှိပြီး ပြည်ခိုင်ဖြိုးပါတီက အနိုင်ရကိုယ်စားလှယ် ၇၁ ဦး ရှိခဲ့သည်။

 

Most Read

Most Recent