ရန်ကုန်တိုင်းဒေသကြီးအတွင်း ကိုရီးယား-မြန်မာ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုစီမံကိန်းကို ဒီဇင်ဘာ ၂၄ ရက်တွင် စတင်တည်ဆောက်ပြီး ထိုင်းနိုင်ငံမှ AMATA Smart and Eco City နှင့် စင်ကာပူ-မြန်မာ ပူးပေါင်းဆောင်ရွက်မည့် စီမံကိန်းများ ဆက်လက် အကောင်အထည်ဖော်မည်

ရန်ကုန်တိုင်းဒေသကြီးအတွင်း ကိုရီးယား-မြန်မာ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုစီမံကိန်းကို ဒီဇင်ဘာ ၂၄ ရက်တွင် စတင်တည်ဆောက်ပြီး ထိုင်းနိုင်ငံမှ AMATA Smart and Eco City နှင့် စင်ကာပူ-မြန်မာ ပူးပေါင်းဆောင်ရွက်မည့် စီမံကိန်းများ ဆက်လက် အကောင်အထည်ဖော်မည်
 ကိုရီးယား-မြန်မာ စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုစီမံကိန်း KMIC ပုံစံကို တွေ့ရစဉ် (ဓာတ်ပုံ-KMIC)
 ကိုရီးယား-မြန်မာ စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုစီမံကိန်း KMIC ပုံစံကို တွေ့ရစဉ် (ဓာတ်ပုံ-KMIC)
Published 22 December 2020
     နီလာ

ရန်ကုန်တိုင်းဒေသကြီးအတွင်း ကိုရီးယား-မြန်မာ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုစီမံကိန်း (KMIC) ကို ဒီဇင်ဘာ ၂၄ ရက် တွင် စတင် တည်ဆောက်မည်ဖြစ်ပြီး Myanmar Singapore Industrial Park ကို ဆက်လက် အကောင်အထည်ဖော်မည် ဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းက ပြောကြားသည်။

“ရန်ကုန်တိုင်းဒေသကြီးရှိ သီလဝါ အထူးစီးပွားရေးဇုန်ဟာ အောင်မြင်မှုရှိနေပြီး သာဓကကောင်းအနေနဲ့ တွေ့မြင်နိုင်ပါတယ်။ အလားတူ စီမံကိန်းများကိုလည်း ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ပထမဆုံး စီမံကိန်းအဖြစ် Korea-Myanmar Industrial Complex (KMIC) ကို ဒီဇင်ဘာ ၂၄ ရက်မှာ စတင် တည်ဆောက်နိုင်တော့မှာ ဖြစ်ပါတယ်။  အဲဒီနောက် ထိုင်းနိုင်ငံမှ AMATA Smart and Eco City နဲ့ မြန်မာနဲ့ စင်ကာပူတို့ ဖက်စပ်ဆောင်ရွက်မယ့် Myanmar Singapore Industrial Park ကို ဆက်လက် အကောင်အထည် ဖော်သွားမှာ ဖြစ်ပါတယ်”ဟု ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းက ပြောကြားသည်။

ဒေါ်လာ သန်း ၁၂၀ ရင်းနှီးမြှုပ်နှံမည့် မြန်မာ-ကိုရီးယား စီးပွားရေး ပူးပေါင်းမှု စက်မှုဇုန်စီမံကိန်းတွင် မြန်မာနိုင်ငံက ရာခိုင်နှုန်း ၄၀၊ ကိုရီးယားက ရာခိုင်နှုန်း ၆၀ ဖြင့် တည်ဆောက်မည်ဖြစ်ပြီး တည်ဆောက်ရေးကာလ သုံးနှစ်ကြာမြင့်မည် ဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာနမှ သိရသည်။

“ဒီစီမံကိန်းမှာ ကိုရီးယားက ရာခိုင်နှုန်း ၆၀၊ မြန်မာနိုင်ငံက ရာခိုင်နှုန်း ၄၀ နဲ့ ဆောင်ရွက်မှာ ဖြစ်ပါတယ်။ ကိုရီးယားက Korea Land and Housing Corporation နဲ့ မြန်မာနိုင်ငံက ဆောက်လုပ်ရေးဝန်ကြီးဌာန မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက Developer အနေနဲ့ ဖက်စပ်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်”ဟု ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန  အမြဲတမ်းအတွင်းဝန် ဦးအောင်နိုင်ဦးက The Daily Eleven သတင်းစာသို့ ပြောကြားသည်။

မြန်မာနိုင်ငံ၏ စီးပွားရေးမြို့တော် ရန်ကုန်မြို့အနီးရှိ အကြီးစားစက်မှုဇုန်တွင် ဖက်ရှင် (အထည်ချုပ်)၊ အထည်အလိပ်၊ ဆောက်လုပ်ရေးနှင့် ဆက်သွယ်ရေးစသည့် များစွာသော စက်မှုလုပ်ငန်းများ ဝင်ရောက်နိုင်သော စက်မှုအခြေခံ အဆောက်အအုံကို တည်ဆောက်မည်ဖြစ်ကြောင်း ကိုရီးယားသမ္မတနိုင်ငံသမ္မတ မစ္စတာမွန်ဂျေအင်းက ၂၀၁၉ ခုနှစ် စက်တင်ဘာ ၄ ရက်က ရန်ကုန်မြို့ရှိ Lotte ဟိုတယ်၌ ကျင်းပခဲ့သည့် မြန်မာ-ကိုရီးယား စီးပွားရေးဖိုရမ်တွင် ပြောကြားခဲ့သည်။

မြန်မာနိုင်ငံသည် တရုတ်၊ အိန္ဒိယနှင့် အာဆီယံမှ စားသုံးသူ ၃ ဒသမ ၄ ဘီလျံနှင့် ချိတ်ဆက်ပေးမည့် Hub ဆုံချက်နေရာ ဖြစ်ကြောင်း၊ လူဦးရေ ၅၃ သန်းရှိပြီး အဆိုပါလူဦးရေ၏ တစ်ဝက်က အသက် ၃၀ အောက် လူငယ်များ ဖြစ်သောကြောင့် မြန်မာနိုင်ငံသည် ငယ်ရွယ်ပြီး သွက်လက်သောနိုင်ငံ ဖြစ်ကြောင်း ၎င်းကဆိုသည်။

အလားတူ မြန်မာ-ကိုရီးယား နှစ်နိုင်ငံ သဘောတူညီထားသော ပြင်ပစီးပွားရေး ပူးပေါင်းဆောင်ရွက်ရေးရန်ပုံငွေ ဒေါ်လာ တစ်ဘီလျံမှတစ်ဆင့် ဆက်လက်၍ အပြန်အလှန် ပူးပေါင်းဆောင်ရွက်ရန် မျှော်လင့်ကြောင်း၊  စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေး စက်မှုဇုန်က စီးပွားရေးလုပ်ငန်းများ တည်ငြိမ်စွာနှင့် အောင်မြင်စွာ လုပ်ငန်း လည်ပတ် လုပ်ဆောင်နိုင်ရန် စက်ပစ္စည်းကိရိယာများ ကောင်းစွာ တပ်ဆင်ထားသော အခြေခံအဆောက်အအုံများကို ကုမ္ပဏီများအတွက် ပေးအပ်သွားမည်ဖြစ်ကြောင်း သမ္မတ မစ္စတာ မွန်ဂျေအင်းက ပြောကြားခဲ့သည်။

အဆိုပါ အခမ်းအနားတွင် ကိုရီးယားသမ္မနိုင်ငံသမ္မတ မစ္စတာ မွန်ဂျေအင်း၊ ဒုတိယသမ္မတ ဦးမြင့်ဆွေ၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်နှင့် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းတို့က စက်မှုဇုန် စတင်တည်ထောင်ခြင်း အထိမ်းအမှတ်အဖြစ် ပန္နက်တင်ပေးခဲ့ကြကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ ညောင်နှစ်ပင် သင်တန်းကျောင်း၊ မြေဧရိယာ ၅၅၅ ဒသမ ၈၁ ဧကပေါ်တွင် KMIC Industrial Complex စီမံကိန်း ဆောင်ရွက်ရန်အတွက် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနနှင့် Korea Land and Housing Corporation တို့အကြား ဖက်စပ် လုပ်ငန်းသဘောတူစာချုပ်ကို ၂၀၁၉ ခုနှစ် သြဂုတ် ၇ ရက်က လက်မှတ် ရေးထိုးခဲ့ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ သိရသည်။                                    

Most Read

Most Recent