COVID-19 ရောဂါသည် ရာသီတုပ်ကွေးကဲ့သို့ ကမ္ဘာပေါ်တွင် ကူးစက်ဖြစ်ပွားနေမည်ဖြစ်ရာ အတူယှဉ်တွဲ နေထိုင်၍ လုပ်ငန်းများ ဆောင်ရွက်ကြရမည်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက နေထိုင်မှု ပုံစံသစ်များဖြင့် လုပ်ငန်းများ ဆောင်ရွက်နိုင်ရေး ကြိုးပမ်းကြပါစို့အမည်ဖြင့် ဒီဇင်ဘာ ၂၂ ရက်က ထုတ်ပြန် ကြေညာခဲ့သည်။
COVID-19 ကာကွယ်ရေး စည်းကမ်းများကို တိကျစွာ ဆက်လက်လိုက်နာခြင်းဖြင့် COVID-19 နှင့်အတူ ယှဉ်တွဲနေထိုင်၍ လုပ်ငန်းဆောင်တာများကို ဆောင်ရွက်ကြရမည်ဟု ထုတ်ပြန်ကြေညာချက်တွင် ပါရှိသည်။
COVID-19 ရောဂါသည် အသက်ရှူလမ်းကြောင်းမှတစ်ဆင့် ကူးစက်သော ရောဂါဖြစ်ခြင်း၊ ရောဂါလက္ခဏာမပြဘဲ ကူးစက်ခံရသူများ ရှိနေခြင်းနှင့် ရောဂါဖြစ်စေသည့် ဗိုင်းရပ်စ်ပိုး၏ ဗီဇပြောင်းလဲမှုများ ရှိနေခြင်းတို့ကြောင့် COVID-19 ရောဂါသည် ရာသီတုပ်ကွေး ရောဂါကဲ့သို့ပင် ဖြစ်ပွားမှု အနည်းအများသာ ကွာခြားပြီး ကမ္ဘာပေါ်တွင် နှစ်ပေါင်းများစွာ ဆက်လက်ကူးစက် ဖြစ်ပွားနေမည် ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။
ထို့အပြင် COVID-19 ကာကွယ်ဆေးအချို့ ပေါ်ထွက်လာပြီ ဖြစ်သော်လည်း အဆိုပါ ကာကွယ်ဆေးများသည် ထိုးနှံပြီးနောက် လက်တွေ့တွင် အချိန်ကာလ မည်မျှအထိ ရောဂါကာကွယ်နိုင်စွမ်း ရှိမည်ဆိုသည်ကို ယခုအချိန်၌ အတိအကျ မပြောနိုင်သေးဘဲ ဆက်လက် လေ့လာပြီးမှသာ သိရှိနိုင်မည် ဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
ယင်းကဲ့သို့ ကမ္ဘာပေါ်တွင် ဆက်လက်တည်ရှိ ကူးစက်ဖြစ်ပွားနေမည့် COVID-19 နှင့်အတူ မိမိတို့အနေဖြင့် ဆက်လက်ရှင်သန် နေထိုင်ရမည်ဖြစ်သဖြင့် စီးပွားရေး၊ လူမှုရေး၊ ပညာရေး ၊ ကျန်းမာရေးစသည့် လုပ်ငန်းကဏ္ဍအသီးသီးကို ပုံမှန်အတိုင်း ပြန်လည် ဆောင်ရွက်လုပ်ကိုင်နိုင်ရန် စဉ်းစားကြံဆ ကြိုးပမ်းကြရမည်ဖြစ်ကာ သို့မဟုတ်ပါက နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုသည် အလွန်နှောင့်နှေးသွားမည် ဖြစ်ကြောင်း ၄င်းဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။
ထို့ကြောင့် ပြည်သူအားလုံးအနေဖြင့် မိမိတို့ နေ့စဉ်လူမှုဘဝနှင့် လုပ်ငန်းဆောင်တာများ လုပ်ဆောင်စဉ်တို့တွင် အဓိကအားဖြင့် (၁) ပါးစပ်နှင့် နှာခေါင်းစည်း (mask) ကို စနစ်တကျ တပ်ဆင်ခြင်း၊ (၂) တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာ နေထိုင်လုပ်ကိုင်ခြင်း၊ (၃) လက်ကို မကြာခဏ ဆေးကြောခြင်း၊ (၄) တစ်ဦးကိုတစ်ဦး အသိပေးခြင်း၊ သတိပေးခြင်းစသည့် COVID-19 ကာကွယ်ရေး စည်းကမ်းများကို တိကျစွာ လိုက်နာရမည် ဖြစ်သည်ဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။















