မြန်မာနိုင်ငံကို နိုင်ငံတကာက အလွန်ငြိမ်းချမ်းပြီး အေးချမ်းသာယာသည့် နိုင်ငံတစ်နိုင်ငံ အဖြစ် ရပ်တည်နေသည်ကို သိရှိလာနိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရန် အိန္ဒိယနိုင်ငံမှ ငြိမ်းချမ်းရေး သံတမန် တိုက်တွန်း

မြန်မာနိုင်ငံကို နိုင်ငံတကာက အလွန်ငြိမ်းချမ်းပြီး အေးချမ်းသာယာသည့် နိုင်ငံတစ်နိုင်ငံ အဖြစ် ရပ်တည်နေသည်ကို သိရှိလာနိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရန် အိန္ဒိယနိုင်ငံမှ ငြိမ်းချမ်းရေး သံတမန် တိုက်တွန်း
Photo - CINCDS
Photo - CINCDS
Published 18 December 2020

မြန်မာနိုင်ငံကို နိုင်ငံတကာက အလွန်ငြိမ်းချမ်းပြီး အေးချမ်းသာယာသည့် နိုင်ငံတစ်နိုင်ငံအဖြစ် ရပ်တည်နေ သည်ကို သိရှိလာနိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရန် အိန္ဒိယနိုင်ငံမှ လူသားချင်း စာနာထောက်ထားမှုခေါင်း ဆောင်နှင့် ငြိမ်းချမ်းရေးသံတမန်ကြီး Sri Sri Ravi Shankar က ပြောကြားသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် အိန္ဒိယနိုင်ငံမှ လူသားချင်း စာနာထောက်ထားမှုခေါင်းဆောင်နှင့် ငြိမ်းချမ်းရေးသံတမန်ကြီး Sri Sri Ravi Shankar အား Virtual Meeting ဖြင့် ဒီဇင်ဘာ ၁၇ ရက်တွင် တွေ့ဆုံဆွေးနွေးခဲ့ပြီး ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် အိန္ဒိယနိုင်ငံမှ လူသားချင်း စာနာထောက်ထားမှု ခေါင်းဆောင်နှင့် ငြိမ်းချမ်းရေးသံတမန်ကြီးက ထိုသို့ ထည့်သွင်းပြောကြားခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်သည်။  

အဆိုပါ တွေ့ဆုံမှုတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ယခုကဲ့သို့ ကမ္ဘာ့နိုင်ငံများက လေးစားရသည့် ပုဂ္ဂိုလ်ကြီးတစ်ဦးနှင့် တွေ့ဆုံဆွေးနွေးခွင့်ရသည့်အတွက် ဂုဏ်ယူဝမ်းမြောက်မိကြောင်း၊ Sri Sri Ravi Shankar အနေဖြင့် အိမ်နီးချင်းနိုင်ငံများ၊ ကမ္ဘာ့နိုင်ငံများ၏ ငြိမ်းချမ်းရေးကို ဖော်ဆောင်လျက်ရှိသည့်အတွက် ငြိမ်းချမ်းရေး ဆိုင်ရာများ၊ စိတ်ဓာတ်ပိုင်းဆိုင်ရာများနှင့် ပတ်သက်သည့် အတွေ့အကြုံများကို အကြံပြုပြောကြားပေးစေလို ကြောင်းနှင့် မြန်မာ့တပ်မတော်၏ နိုင်ငံတော်ကာကွယ်ရေးတာဝန် ထမ်းဆောင်နေမှုနှင့် ငြိမ်းချမ်းရေးရရှိအောင် ဆောင်ရွက်နေမှုအခြေအနေများကို ဦးစွာဆွေးနွေး ပြောကြားသည်။

ယခုကဲ့သို့ မြန်မာ့တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် တွေ့ဆုံရသဖြင့် ဝမ်းသာမိကြောင်းနှင့် ကြီးမားသည့် တာဝန်ထမ်းဆောင်နေရသည်ကို နားလည်ကြောင်း၊ ဗိုလ်ချုပ်မှူးကြီး အနေဖြင့် တိုင်းပြည်ကောင်းအောင် ခိုင်ခိုင်မာမာဖြင့် လုပ်ဆောင်နေခြင်းကို မိမိအနေဖြင့် သိရှိနားလည်ကြောင်း၊ နိုင်ငံတော်၏ တာဝန်များကို အောင်မြင်အောင် စွမ်းဆောင်နိုင်ပါစေရန်လည်း ဆုတောင်းပေးကြောင်းဖြင့် Sri Sri Ravi Shankar က ပြန်လည်ပြောကြားသည်။

ထို့ပြင် ခေါင်းဆောင်တစ်ဦးအဖြစ် ဆောင်ရွက်ရာတွင် အရည်အသွေးများစွာလိုအပ်သည့် အခြေအနေများ၊ ပဋိပက္ခများကို ဖြေရှင်းဆောင်ရွက်ရာတွင် အချင်းချင်း တစ်ဦးနှင့်တစ်ဦး နီးကပ်စွာ ဆက်ဆံ၍ နားလည်မှုရှိစွာ နေထိုင်ပြောဆိုလုပ်ကိုင်ကြရန် လိုအပ်သည့် အခြေအနေများ၊ မိမိတို့၏ ဘဝကိုဖြတ်သန်းရာတွင် တစ်ဦးနှင့် တစ်ဦး နားလည်စွာ ဖြတ်သန်းရန်လိုပြီး အမြင်မတူသည့် လူများကြားတွင် ကောင်းမွန်သည့် အကြောင်းအရာ များ၊ ဖြစ်စဉ််များနှင့် ကောင်းမွန်သည့် အနာဂတ်တို့ကို မျိုးဆက်သစ်များသို့ လက်ဆင့်ကမ်းပေးနိုင်ရေး ဆောင်ရွက်ကြရန် လိုအပ်သည့် အခြေအနေများကိုလည်း Sri Sri Ravi Shankar က ပြောကြားသည်။

မိမိတို့အနေဖြင့် စိန်ခေါ်မှုများစွာကို ရင်ဆိုင်ရာတွင် မိမိတို့ကျင့်သုံးသည့် နည်းလမ်းများကို ကိုယ်ချင်းစာတရား လက်ကိုင်ထား၍ ခိုင်ခိုင်မာမာဖြင့် ကျင့်သုံးဆောင်ရွက်ပါက အောင်မြင်မည်ဖြစ်သည့် အခြေအနေများ၊ အိန္ဒိယ နိုင်ငံနှင့် မြန်မာနိုင်ငံတို့သည် လွန်စွာချစ်ခင်ရင်းနှီးသည့် ဆက်ဆံရေးရှိသည့် နိုင်ငံများဖြစ်ပြီး မြန်မာနိုင်ငံကို နိုင်ငံတကာက အလွန်ငြိမ်းချမ်းပြီး အေးချမ်းသာယာမှုရှိသည့် နိုင်ငံတစ်နိုင်ငံအဖြစ် ရပ်တည်လျက်ရှိသည်ကို သိရှိလာနိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရန်လိုအပ်သည့် အခြေအနေများကို ဆွေးနွေးပြောကြားသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ယခုကဲ့သို့ အဖိုးတန်သည့် စကားများ ကြားသိရသဖြင့် ဝမ်းသာမိကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ပြည်တွင်းပဋိပက္ခများ ချုပ်ငြိမ်းပြီး ထာဝရငြိမ်းချမ်းရေးရရှိအောင် ကြိုးပမ်းဆောင်ရွက် လျက်ရှိကြောင်း၊ အတိတ်တွင်ဖြစ်ခဲ့သည်များကို အပြစ်တင်နေ၍ ရမည်မဟုတ်ဘဲ ဖြစ်ခဲ့သည်များကို သင်ခန်းစာယူ၍ ပစ္စုပ္ပန်တွင်ရှိနေကြသူများက အနာဂတ်ကို ကောင်းအောင်ဖန်တီးကြရမည် ဖြစ်ကြောင်း ပြန်လည်ပြောကြားသည်။

မိမိတို့နှစ်နိုင်ငံအနေဖြင့် သမိုင်းကြောင်းအရ၊ ယဉ််ကျေးမှုထုံးတမ်း စဉ််လာများအရ များစွာတူညီမှုရှိပြီး ယခုထက် ပိုမိုကောင်းမွန်အကျိုးရှိသည့် ဆက်ဆံမှုများကို ဖော်ဆောိုင်မည်ဟု ယုံကြည်ကြောင်း၊ Sri Sri Ravi Shankar ၏ အကြံပေးပြောကြားချက်များသည်လည်း မြန်မာနိုင်ငံငြိမ်းချမ်းရေးဖြစ်စဉ််များအတွက် များစွာ အကျိုးပြုမည်ဟု ယုံကြည်ကြောင်း၊ ငြိမ်းချမ်းရေးရရှိရေးအတွက် မိမိအနေဖြင့် ပြင်းပြသည့် စိတ်ဆန္ဒဖြင့် ကြိုးစားဆောင်ရွက်နေ ကြောင်းနှင့် Sri Sri Ravi Shankar အနေဖြင့် မြန်မာနိုင်ငံသို့ အလည်အပတ်လာရောက်ရန် ဖိတ်ခေါ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဆွေးနွေးပြောကြားသည်။

Sri Sri Ravi Shankar ကို ၁၉၅၆ ခုနှစ် မေ ၁၃ ရက်တွင် အိန္ဒိယနိုင်ငံ တောင်ပိုင်း၌မွေးဖွားခဲ့ပြီး ၁၉၈၁ ခုနှစ် တွင် အပြည်ပြည်ဆိုင်ရာ အကျိုးအမြတ်မယူသော ပညာရေးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အဖွဲ့အစည်းတစ်ခုဖြစ်သည့်  The Living of Art Foundation  ကို တည်ထောင်ခဲ့ကာ ၁၉၉၇ ခုနှစ်တွင် အပြည်ပြည်ဆိုင်ရာ လူသားတန်ဖိုးများအသင်း (International Association for Human Values-IAHV) ကို ပူးတွဲတည်ထောင်ခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

Sri Sri Ravi Shankar  သည် အိန္ဒိယနိုင်ငံ၏ ဩဇာအကြီးမားဆုံး ပုဂ္ဂိုလ်စာရင်းဝင်တစ်ဦးဖြစ်သည်သာမက ၎င်းတည်ထောင်ထားသည့် The Living of Art Foundation ကြောင့်လည်း ကမ္ဘာ့နိုင်ငံများသို့ ဩဇာလွှမ်းမိုးမှု ရှိသူ တစ်ဦးဖြစ်ကြောင်း၊ ငြိမ်းချမ်းရေးနှင့် လူသားချင်းစာနာထောက်ထားမှုလုပ်ငန်းများစွာကို ကမ္ဘာအနှံ့ဆောင်ရွက်ခဲ့ကြောင်းနှင့် နိုင်ငံအတွင်းရှိ လက်နက်ကိုင်သောင်းကျန်းသူများနှင့် အရှေ့အလယ်ပိုင်း ဒေသများရှိ မငြိမ်းချမ်းမှုများကိုလည်း ငြိမ်းချမ်းရေးလမ်းစဉ်သို့ ရောက်ရှိအောင် ကြားဝင်စေ့စပ်ပေးနိုင်ခဲ့သူ တစ်ဦးလည်းဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

 

Most Read

Most Recent