၂၀၁၈ ခုနှစ် သြဂုတ်လနောက်ပိုင်း အနိမ့်ဆုံးနှုန်းဖြစ်လာသော ငွေကြေးဖောင်းပွမှုနှုန်းနှင့် ဆက်လက်မြင့်တက်နေဆဲ စားသုံးသူစျေးဆနှုန်း

၂၀၁၈ ခုနှစ် သြဂုတ်လနောက်ပိုင်း အနိမ့်ဆုံးနှုန်းဖြစ်လာသော ငွေကြေးဖောင်းပွမှုနှုန်းနှင့် ဆက်လက်မြင့်တက်နေဆဲ စားသုံးသူစျေးဆနှုန်း
စစ်တွေမြို့အတွင်းရှိ စျေးတစ်ခုအတွင်း စျေးသည်စျေးဝယ်တို့ကို ယခင်လပိုင်းက တွေ့ရစဉ်
စစ်တွေမြို့အတွင်းရှိ စျေးတစ်ခုအတွင်း စျေးသည်စျေးဝယ်တို့ကို ယခင်လပိုင်းက တွေ့ရစဉ်
Published 13 December 2020
စည်သူအောင်

ငွေကြေးဖောင်းပွမှုသည် ကာလအတန်ကြာ အထွေထွေစျေးနှုန်း မြင့်တက်လာခြင်းဖြစ်ပြီး လူအများစားသုံးသည့် အခြေခံကုန်စည်များ၏ စျေးနှုန်းများ ဆက်တိုက်မြင့်တက်လာခြင်းကို ငွေကြေးဖောင်းပွမှုရှိသည်ဟု ဆိုလိုခြင်း ဖြစ်သည်။ အချိန်အတိုင်းအတာတစ်ခု၌ စီးပွားရေးရပ်ဝန်းအတွင်း ကုန်ပစ္စည်းများနှင့် ဝန်ဆောင်မှုများ၏ အထွေထွေစျေးနှုန်း မြင့်တက်လာသည့်အခါ တူညီသောငွေကြေး ယူနစ်ဖြစ်သော်လည်း ပိုမိုနည်းပါးသော ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှုတို့ကိုသာ ဝယ်ယူနိုင်မည်ဖြစ်သည်။ တစ်နည်းအားဖြင့် ငွေကြေးဖောင်းပွမှုသည် ငွေကြေး၏ဝယ်ယူနိုင်စွမ်း၊ ငွေကြေးယူနစ်၏တန်ဖိုးကို လျော့ကျစေခြင်းဖြစ်သည်။ ငွေကြေးဖောင်းပွမှုကို တိုင်းတာခြင်းကို ငွေကြေးဖောင်းပွမှုနှုန်း (Inflation Rate) ဟု ခေါ်ဆိုပြီး အထွေထွေစျေးနှုန်း အညွှန်းတစ်ရပ်ဖြင့် နှစ်စဉ်ရာခိုင်နှုန်း အပြောင်းအလဲကို ဖော်ပြကာ အဆိုပါအညွှန်းကို စားသုံးသူစျေးဆနှုန်း (CPI- Comsumer Price Index) ဟု ခေါ်ဆိုခြင်းဖြစ်သည်။ မြန်မာနိုင်ငံတွင် ၂၀၁၈ ခုနှစ် ဧပြီမှ စ၍ ၂၀၁၉ ခုနှစ် စက်တင်ဘာအထိ ငွေကြေးဖောင်းပွမှုနှုန်း ၁၈ လ ဆက်တိုက်မြင့်တက်ခဲ့ပြီး ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီတွင် ငွေကြေးဖောင်းပွမှုနှုန်း ၉ ဒသမ ၂၀ ရာခိုင်နှုန်းအထိ ဖြစ်ပေါ်ခဲ့သည်။ ၂၀၂၀ ပြည့်နှစ် မတ်လမှစတင်၍ တဖြည်းဖြည်းပြန်လည်ကျဆင်းခဲ့ရာ အောက်တိုဘာလတွင် ၂၀၁၈ ခုနှစ် သြဂုတ်လနောက်ပိုင်း အနိမ့်ဆုံးအဖြစ် ၅ ဒသမ ၂၁ ရာခိုင်နှုန်းအထိ ကျဆင်းလာခြင်းဖြစ်သည်။

ရှစ်လဆက်တိုက် ပြန်လည်ကျဆင်းခဲ့သော ငွေကြေးဖောင်းပွမှုနှုန်း

၂၀၂၀ ပြည့်နှစ် အောက်တိုဘာတွင် ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်း ၅ ဒသမ ၂၁ ရာခိုင်နှုန်းရှိပြီး ငွေကြေးဖောင်းပွမှုနှုန်း ၂၀၂၀ ပြည့်နှစ် မတ်လမှစ၍ ရှစ်လဆက်တိုက် ပြန်လည်ကျဆင်းလာကြောင်း ဗဟိုစာရင်းအင်းအဖွဲ့က ထုတ်ပြန်သည့် စားသုံးသူစျေးဆနှုန်းနှင့် ငွေကြေးဖောင်းပွမှုနှုန်းအခြေအနေတွင် ဖော်ပြထားသည်။

ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်း သည် ၂၀၁၈ ခုနှစ် ဧပြီမှစ၍ ၂၀၁၉ ခုနှစ် စက်တင်ဘာအထိ ၁၈ လ ဆက်တိုက် မြင့်တက်ခဲ့သည်။ ၂၀၁၉ ခုနှစ် အောက်တိုဘာနှင့် နိုဝင်ဘာတွင် အနည်းငယ်ပြန်ကျပြီး ၂၀၁၉ ခုနှစ် ဒီဇင်ဘာ၊ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီနှင့် ဖေဖော်ဝါရီတွင် ပြန်လည်မြင့်တက်ခဲ့ကာ မတ်၊ ဧပြီ၊ မေ၊ ဇွန်၊ ဇူလိုင်၊ သြဂုတ်၊ စက်တင်ဘာနှင့် အောက်တိုဘာ (ရှစ်လ ဆက်တိုက်) တွင် ပြန်လည်ကျဆင်းခြင်းဖြစ်သည်။

၂၀၂၀ ပြည့်နှစ် အောက်တိုဘာအထိ ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်း (Annual Rate of Inflation) မှာ ၅ ဒသမ ၂၁ ရာခိုင်နှုန်း ဖြစ်ပြီး အစားအစာအုပ်စုနှင့် လောင်စာဆီစျေးနှုန်းများမပါဝင်ဘဲ တွက်ချက်ထားသော ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်း (Annual Rate of Inflation-Core Inflation) မှာ ၁၀ ဒသမ ၄၇ ရာခိုင်နှုန်း ရှိသည်။ နှစ်အလိုက် ငွေကြးဖောင်းပွမှုနှုန်း (Year on Year Inflation) မှာ ၁ ဒသမ ၅၀ ရာခိုင်နှုန်းဖြစ်ပြီး  အစားအစာအုပ်စုနှင့် လောင်စာဆီစျေးနှုန်းများမပါဝင်ဘဲ တွက်ချက်ထားသော နှစ်အလိုက်ငွေကြေးဖောင်းပွမှုနှုန်း (Year on Year Inflation-Core Inflation) မှာ ၄ ဒသမ ၂၂ ရာခိုင်နှုန်း ရှိသည်။

တစ်နိုင်ငံလုံးအတွက် ၂၀၁၂ ခုနှစ် အခြေခံနှစ်ဖြင့် စားသုံးသူစျေးဆနှုန်းအပေါ် အခြေခံတွက်ချက်ထားသော ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်းမှာ ၂၀၂၀ ပြည့်နှစ် အောက်တိုဘာလအထိ တစ်နှစ်ပျမ်းမျှ ၅ ဒသမ ၂၁ ရာခိုင်နှုန်းရှိ၍ ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလအထိ တစ်နှစ်ပျမ်းမျှ ၅ ဒသမ ၈၁ ရာခိုင်နှုန်းဖြင့် နှိုင်းယှဉ်ပါက ၀ ဒသမ ၆၀ ရာခိုင်နှုန်း လျော့နည်းလာခဲ့သည်။ ၂၀၁၉ ခုနှစ် အောက်တိုဘာမှ ၂၀၂၀ ပြည့်နှစ် အောက်တိုဘာလ အထိ ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်းများကို လေ့လာပါက ၂၀၁၉ ခုနှစ် အောက်တိုဘာလတွင် ၈ ဒသမ ၆၀ ရာခိုင်နှုန်းရှိခဲ့ရာမှ တဖြည်းဖြည်းမြင့်တက်လာပြီး ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလတွင် ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်း ၉ ဒသမ ၂၀ ရာခိုင်နှုန်းဖြင့် အမြင့်ဆုံး ဖြစ်ပေါ်ခဲ့သည်။ သို့သော် ၂၀၂၀ ပြည့်နှစ် မတ်တွင် မြန်မာနိုင်ငံ၌ COVID-19 ကူးစက်ရောဂါ သက်ရောက်မှုကြောင့် ပြည်သူများ သုံးစွဲမှုကျဆင်းပြီး စားသုံးသူစျေးဆနှုန်းတိုးနှုန်း အရှိန်လျော့နည်းလာသဖြင့် ၂၀၂၀ ပြည့်နှစ် အောက်တိုဘာတွင် ပျမ်းမျှ ငွေကြေးဖောင်းပွမှုနှုန်းမှာ ၅ ဒသမ ၂၁ ရာခိုင်နှုန်းသို့ ကျဆင်းလာခဲ့သည်။

၂၀၂၀ ပြည့်နှစ် အောက်တိုဘာလအတွင်း ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်းမှာ ဧရာဝတီတိုင်းဒေသကြီးတွင် ၉ ဒသမ ၉၉ ရာခိုင်နှုန်းဖြင့် ပထမအမြင့်ဆုံး၊ မန္တလေးမြို့တွင် ၈ ဒသမ ၅၂ ရာခိုင်နှုန်းဖြင့် ဒုတိယအမြင့်ဆုံး၊ ပြည်ထောင်စုနယ်မြေတွင် ၇ ဒသမ ၁၄ ရာခိုင်နှုန်းဖြင့် တတိယအမြင့်ဆုံး အသီးသီးဖြစ်ပေါ်ခဲ့သည်။ နှစ်အလိုက်ငွေကြေး ဖောင်းပွမှုနှုန်းမှာ ဧရာဝတီတိုင်းဒေသကြီးတွင် ၅ ဒသမ ၀၄ ရာခိုင်နှုန်းဖြင့် ပြောင်းလဲမှုရာခိုင်နှုန်း အများဆုံးဖြစ်ပေါ်ခဲ့ပြီး စစ်ကိုင်းတိုင်းဒေသကြီးတွင် - ၂ ဒသမ ရာခိုင်နှုန်း ၈၀ ဖြင့် ပြောင်းလဲမှု ရာခိုင်နှုန်း အနည်းဆုံးဖြစ်ပေါ်ခဲ့သည်။

ယခင်နှစ်ကာလတူထက် ၁ ဒသမ ၅၀ ရာခိုင်နှုန်း မြင့်တက်ခဲ့သော စားသုံးသူစျေးဆနှုန်း (CPI)

၂၀၂၀ ပြည့်နှစ် အောက်တိုဘာတွင် စားသုံးသူစျေးဆနှုန်း (CPI) ၁၆၃ ဒသမ ၀၀ ရှိခဲ့ပြီး ယခင်နှစ်ကာလတူထက် ၁ ဒသမ ၅၀ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း ဗဟိုစာရင်းအင်းအဖွဲ့မှ ထုတ်ပြန်သည့် စားသုံးသူစျေးဆနှုန်းနှင့် ငွေကြေးဖောင်းပွမှုနှုန်း အခြေအနေအရ သိရသည်။

ယခင်လနှင့်နှိုင်းယှဉ်ပါက အောက်တိုဘာလတွင် အဝတ်အထည်၊ အိမ်လခနှင့် အိမ်ပြင်ခအုပ်စု၊ အိမ်အသုံးအဆောင်ပစ္စည်းနှင့် ပြု ပြင်ထိန်းသိမ်းစရိတ်အုပ်စု၊ ကျန်းမာရေးအုပ်စု၊ ပြင်ပအစားအသောက်အုပ်စုနှင့် အထွေထွေကုန်ပစ္စည်းအုပ်စုတို့မှာ အနည်းငယ်မြင့်တက်လာသော်လည်း အစားအစာအုပ်စု၊ ဆေးလိပ်နှင့် အဖျော်ယမကာအုပ်စုနှင့် သယ်ယူပို့ဆောင်ရေးအုပ်စုတို့မှာ ယခင်လကထက် ကျဆင်းနေသည်။ သို့သော် ဆက်သွယ်ရေးအုပ်စုနှင့် ပညာရေးအုပ်စုတို့မှာ ပြောင်းလဲမှုမရှိဘဲ တည်ငြိမ်နေပြီး အပန်းဖြေခြင်းနှင့် ယဉ်ကျေးမှုအုပ်စုမှာ သိသာစွာ ပြောင်းလဲလာမှုမရှိကြောင်း သိရသည်။

စားသုံးသူစျေးဆနှုန်း၏ လအလိုက် ပြောင်းလဲမှုအခြေအနေမှာ ၂၀၁၂ ခုနှစ် အခြေခံနှစ်ဖြင့် တွက်ချက်ထားသော ၂၀၂၀ ပြည့်နှစ် အောက်တိုဘာအတွက် တစ်နိုင်ငံလုံး၏ အစားအစာအုပ်စုအတွက် စားသုံးသူစျေးဆနှုန်းမှာ ၁၇၆ ဒသမ ၃၁ ဖြစ်ပြီး အစားအစာမဟုတ်သောအုပ်စုအတွက် စားသုံးသူ စျေးဆနှုန်းမှာ ၁၄၄ ဒသမ ၂၆ ရှိသည်။ ၂၀၂၀ ပြည့်နှစ် အောက်တိုဘာလတွင် အုပ်စု အားလုံးအတွက် စားသုံးသူစျေးဆနှုန်းမှာ ၁၆၃ ဒသမ ၀၀ ဖြစ်ပြီး ယခင်လ၏ စားသုံးသူ စျေးဆနှုန်း ၁၆၃ ဒသမ ၁၀ နှင့်နှိုင်းယှဉ်ပါက ၀ ဒသမ ၀၇ ရာခိုင်နှုန်း ကျဆင်းလာသည်။ Core Inflation တွက်ချက်ရန် စျေးနှုန်း တည်ငြိမ်မှု မရှိသည့် အစားအစာအုပ်စုနှင့် လောင်စာဆီ စျေးနှုန်းများမပါဝင်ဘဲ တွက်ချက်ထားသော ၂၀၂၀ ပြည့်နှစ် အောက်တိုဘာလ၏ စားသုံးသူစျေးဆနှုန်း (Core CPI) မှာ ၁၄၅ ဒသမ ၆၄ ဖြစ်ရာ ယခင်လ၏ Core CPI ဖြစ် သည့် ၁၄၅ ဒသမ ၇၁ နှင့်နှိုင်းယှဉ်ပါ က ၀ ဒသမ ၀၅ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။

၂၀၂၀ ပြည့်နှစ် အောက်တိုဘာလတွင် အစားအစာအုပ်စု၏စျေးဆနှုန်းမှာ ၁၇၆ ဒသမ ၃၁ ဖြစ်သဖြင့် ယခင်လအခြေအနေ ၁၇၆ ဒသမ ၅၁ နှင့်နှိုင်းယှဉ်ပါက ၀ ဒသမ ၁၁ ရာခိုင်နှုန်း ကျဆင်းလာခဲ့သည်။ ဆန် (ဧည့်မထ)၊ စားအုန်းဆီ၊ ဝက်သား၊ အမဲသား၊ ကြက်ဥ၊ ငါး မြစ်ချင်းနှင့် ပုစွန်ခြောက်စျေးနှုန်းများ အသီးသီး မြင့်တက်လာခဲ့သော်လည်း ကြက်သား၊ ဘဲဥ၊ ငါးခူနှင့် ငါးရံ့စျေးနှုန်းများ ကျဆင်းလာသည်။ စားဖိုဆောင်သီးနှံများ ဖြစ်သော ကုလားပဲခြမ်း၊ အာလူး၊ ကြက်သွန်ဖြူနှင့် ကြက်သွန်နီစျေးနှုန်းများ မြင့်တက်လာသကဲ့သို့  ရာသီပေါ် သီးနှံဖြစ်သော ဘူးသီး၊ ခရမ်းသီး၊ မုန်လာဥနီ၊ ကန်စွန်းရွက်နှင့် ချဉ်ပေါင်ရွက်စျေးနှုန်းများမှာလည်း အနည်းငယ် မြင့်တက်ခဲ့သည်။ သို့သော် ခရမ်းချဉ်သီးစျေးနှုန်းမှာ သိသိသာသာကျဆင်းခဲ့သည်ကို တွေ့ရသည်။

၂၀၂၀ ပြည့်နှစ် အောက်တိုဘာလတွင် အစားအစာမဟုတ်သော အုပ်စု၏ စျေးဆနှုန်းမှာ ၁၄၄ ဒသမ ၂၆ ဖြစ်သဖြင့် ယခင်လ အခြေအနေ ၁၄၄ နှင့် ၂၄ နှင့် နှိုင်း ယှဉ်ပါက ရာခိုင်နှုန်းအနည်းငယ်သာ မြင့်တက်ခဲ့သည်။

၂၀၂၀ ပြည့်နှစ် အောက်တိုဘာအတွင်း မြန်မာကျပ်ငွေနှင့် အမေရိကန်ဒေါ်လာ ငွေလဲလှယ်နှုန်းများမှာ ယခင်လကထက်  ကျပ် ၂၀ ခန့်ကျဆင်းလျက်ရှိပြီး လွန်ခဲ့သောနှစ် အလားတူကာလထက် ၂၁၄ ကျပ်ခန့်ကျဆင်းနေသည်။ ထို့အတူ ပြည်ပမှတင်သွင်းသည့် ဓာတ်ဆီစျေးနှုန်းမှာ ယခင်လကထက် ကျဆင်းလာပြီး ဒီဇယ်စျေးနှုန်းမှာမူ အနည်းငယ် မြင့်တက်လာသည်ကို တွေ့ရှိရသည်။

၂၀၂၀ ပြည့်နှစ် အောက်တိုဘာအတွင်း နှမ်းဆီစျေးနှုန်း၊ ကြက်သားစျေးနှုန်း၊ အချို့သောစားဖို ဆောင်သီးနှံများ၊ ရာသီပေါ်ဟင်းသီးဟင်းရွက်အသီးအနှံများနှင့် လောင်စာဆီစျေးနှုန်းများ ကျဆင်းလာခြင်းကြောင့် စားသုံးသူစျေးဆနှုန်းမှာ ယခင်လကထက် အနည်းငယ်ကျဆင်းလာသည်ကို တွေ့ရှိရသည်။

ငွေကြေးဖောင်းပွမှုနှုန်း ကာလကြာရှည် မြင့်မားနေခြင်းသည် ငွေကြေးဆိုင်ရာမူ ၀ါဒမှားယွင်းမှု၊ ငွေကြေးရိုက်ထုတ်မှုများပြားမှု၊ နိုင်ငံခြားငွေလဲနှုန်းမြင့်တက်မှု၊ နိုင်ငံ့ငွေ တန်ဖိုးကျဆင်းမှု၊ ဝယ်လိုအား သို့မဟုတ် ရောင်းလိုအား အဆမတန်မြင့်တက်မှု၊ အနိမ့်ဆုံး လုပ်ခလစာနှုန်း၊ စားနပ်ရိက္ခာ စျေးနှုန်းများ မြင့်တက်မှု၊ ရေနံစျေး၊ လျှပ်စစ်ဓာတ်အားခကဲ့သို့ အခြေခံစျေးနှုန်းများမြင့်တက်မှု၊ သဘာဝဘေးအန္တရာယ် ကျရောက်မှု၊ အရင်းအနှီး စျေးကွက်၊ စတော့စျေးကွက်များက မောက်ကမဖြစ်ပေါ်မှု၊ ဘဏ်တိုးနှုန်း ပြောင်းလဲမှု၊ အစိုးရအသုံးစရိတ် များပြားမှု၊ ကောလာဟလသတင်း များဖြစ်ပေါ်မှု၊ ပြည်သူများ၏ နိုင်ငံ့စီးပွားရေးအပေါ် ယုံကြည်စိတ် ပျောက်ဆုံးမှု စသည့်အကြောင်းအရာများနှင့် သက်ဆိုင်နေသည်။

ငွေကြေးဖောင်းပွမှုနှုန်းသည် နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေးအခြေအနေကို အကဲဖြတ်ရာတွင် အဓိက အခန်းကဏ္ဍမှ ပါဝင်သည်။ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုရှိစေရန် ထိုက်သင့်သော ငွေကြေးဖောင်းပွမှုရှိရန် လိုအပ်သကဲ့သို့ လွန်ကဲသော ငွေကြေးဖောင်းပွမှုကြောင့် နိုင်ငံများ ကာလကြာရှည် မတည်မငြိမ်ဖြစ်စေ နိုင်သည်။ ငွေကြေးဖောင်းပွမှုကို တိုင်းတာမှု အမျိုးမျိုးရှိပြီး ယေဘုယျအားဖြင့် အထွေထွေစျေးနှုန်းများ ကာလကြာရှည် မြင့်တက်မှု သို့မဟုတ် နိုင်ငံတစ်ဝန်း လူနေမှုစရိတ်များ မြင့်တက်မှုဖြစ်သည်။ ရှိသင့်ရှိထိုက်သည့် ငွေကြေးဖောင်းပွမှုနှုန်းထက် ကျော်လွန်ပါက ပြည်သူများ၏ နေ့စဉ်စားဝတ်နေရေး ဖြည့်ဆည်းနိုင်စွမ်းကို ဆိုးရွားစွာ ထိခိုက်စေသည့်အတွက် ဗဟိုဘဏ်နှင့် အစိုးရက သတိကြီးစွာထား၍ ထိန်းကျောင်းရမည် ဖြစ်သည်။

Most Read

Most Recent