အကျဉ်းထောင်အတွင်း COVID-19 ကူးစက်လျှင် ထိန်းချုပ်ရန်ခက်ခဲမည်ဖြစ်၍ မလိုလားအပ်သော ဖမ်းဆီးမှုများကို ရပ်တန့်ရန် AAPP တိုက်တွန်း

အကျဉ်းထောင်အတွင်း COVID-19 ကူးစက်လျှင် ထိန်းချုပ်ရန်ခက်ခဲမည်ဖြစ်၍ မလိုလားအပ်သော ဖမ်းဆီးမှုများကို ရပ်တန့်ရန် AAPP တိုက်တွန်း
Published 11 December 2020
ဉာဏ်လင်းထွန်း

အကျဉ်းထောင်အတွင်း အကျဉ်းသားဦး ရေထူထပ်ခြင်းကြောင့် COVID-19 ကူးစက်လျှင် ထိန်းချုပ်ရန်ခက်ခဲမည်ဖြစ်၍ လက်ရှိအချိန်တွင် မလိုလားအပ်သော ဖမ်းဆီးမှုများကို ရပ်တန့်ရန်  နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) က တိုက်တွန်းသည်။

COVID-19 နှင့်ဆက်စပ်၍ တရားစွဲဆို၊ ပြစ်ဒဏ်ချမှတ်ခံရမှုများကို လစဉ်ထုတ်ပြန်လေ့ရှိသည့် AAPP ၏ နိုဝင်ဘာလအတွက် ထုတ်ပြန်ချက်တွင် ယင်းသို့ ဖော်ပြပါရှိခြင်း ဖြစ်သည်။

နိုဝင်ဘာအတွင်း ရခိုင်ပြည်နယ် ဘူးသီးတောင် အကျဉ်းထောင်မှ အချုပ်သား လေးဦး၊ မန္တလေးတိုင်း ကျောက်ဆည်မြို့နယ်ရဲစခန်းမှ ရဲမေတစ်ဦးနှင့် အကျဉ်းသူတစ်ဦး၊ ပဲခူးတိုင်း အုတ်ဖိုမြို့နယ် အေးမြသာယာနယ်မြေ ရဲစခန်းအချုပ်မှ အချုပ်သားသုံးဦးတို့ COVID-19 ကူးစက်ခံရသည်ဟု AAPP က ဖော်ပြသည်။

“အကျဉ်းထောင်က လူဦးရေ အရမ်းကြပ်သိပ်နေတဲ့အချိန်မှာ အကျဉ်းထောင်မှာ COVID ဖြစ်လိုက်လို့ရှိရင် ထိန်းသိမ်းရတာ အင်မတန်ခက်ခဲတယ်ပေ့ါနော်။ အပြင်ထက် ပိုပြီးတော့ ခက်ခဲတဲ့အနေအထားမျိုးတွေ ကျွန်တော်တို့သုံးသပ်မိတယ်” ဟု AAPP ရန်ကုန်ရုံးတာဝန်ခံ ဦးအောင်မျိုးကျော်က ပြောကြားသည်။

အောက်တိုဘာလကုန်ပိုင်းတွင် သာယာဝတီနှင့် မအူပင်အကျဉ်းထောင်တို့ရှိ အကျဉ်းသားများနှင့် ဝန်ထမ်းများတွင် COVID-19 ရောဂါပိုး စတင်တွေ့ရှိခဲ့ပြီး အဆိုပါဖြစ်စဉ်တွင် ရောဂါကူးစက်ခံရသူ ရာချီရှိခဲ့သည်။   

အကျဉ်းထောင်အတွင်း COVID-19 ကူးစက်မပြန့်ပွားမှု စက်တင်ဘာလကတည်းက ထောင်ဝင်စာ တွေ့ခွင့်ပိတ်ပင်ထားပြီး အကျဉ်းသား၊ အချုပ်သားအသစ်ကို သီးခြားအဆောက်အဦးများတွင် ၂၁ ရက်ထားရှိခြင်း အပါအဝင် အကျဉ်းထောင်အတွင်း COVID ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို ကျန်းမာရေးဝန်ကြီးဌာနနှင့် အားကစားဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်ဟု အကျဉ်းဦးစီးဌာန ညွှန်ကြာရေးမှူးချုပ် ဦးမြင့်စိုးက အောက်တိုဘာ ၂၃ ရက်က ပြောကြားထားသည်။

သို့သော် သာမန်အခြေအနေ၌ပင် အကျဉ်းထောင်အတွင်း ကျန်းမာရေးစောင့်ရှောက်မှုက ပြင်ပထက်အားနည်း၍ အကျဉ်းထောင်နှင့် အချုပ်ထောင်များတွင် ရောဂါပိုးတွေ့ရှိခြင်းက စိုးရိမ်ဖွယ်ရာအနေအထားဖြစ်ကြောင်း AAPP မှ ဦးအောင်မျိုးကျော်က ပြောကြားသည်။

“ဒါကြောင့်မို့ ကျွန်တော်တို့က ဖမ်းဆီးတာတွေ တချို့မလိုအပ်တဲ့ကိစ္စတွေ အပြင်မှာ ဖြေရှင်းနိုင်ဖို့၊ တရားရုံးမှာ အပြီးဖြေရှင်းပေးနိုင်ဖို့ကိစ္စတွေ၊ အာမခံပေးနိုင်ဖို့ကိစ္စတွေ လွှတ်ပေးသင့်တဲ့သူတွေ အမြန်ဆုံးလွှတ်ပေး ဖို့ကိစ္စတွေ ဒါတွေကို တိုက်တွန်းနေတာပါ” ဟု ဦးအောင်မျိုးကျော်က ပြောကြားသည်။

လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကျင့်သုံးပြီး ပြည်သူလူထုလိုအပ်ချက်များကို တောင်းဆိုဆန္ဒထုတ်ဖော်သူများကို ဖမ်းဆီး၊ အရေးယူခြင်းက လုံးဝမဖြစ်သင့်သည့်ကိစ္စဖြစ်ပြီး ၎င်းတို့ထုတ်ဖော်ပြောဆိုချက်များကို ဖြေရှင်းရန်သာ ကြိုးပမ်းသင့်ကြောင်း အဆိုပါ AAPP တာဝန်ရှိသူက အကြံပြုသည်။

ဒီဇင်ဘာ ၁၀ ရက်က အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့အထိမ်းအမှတ်လှုပ်ရှားမှုပြုလုပ်သည့် စစ်တွေမြို့မှ လူငယ်သုံးဦး ဖမ်ဆီးခံရပြီး ပြီးခဲ့သည့်လပိုင်းများကလည်း စစ်ပွဲရပ်တန့်ရေး၊ အင်တာနက်ပြန်ဖွင့်ပေးရေး လှုပ်ရှားမှုများကြောင့် ကျောင်းသားများနှင့် တက်ကြွလှုပ်ရှားသူများ ဖမ်းဆီး၊ အမှုဖွင့်ခံရခြင်းများ ရှိခဲ့သည်။

ဒီဇင်ဘာ ၁၀ ရက်က ညီမျှခြင်းမြန်မာနှင့် လူ့အခွင့်အရေးပညာပေးသူများ ကွန်ရက်တို့၏ အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့ ပူးတွဲထုတ်ပြန်ချက်တွင်လည်း မကြာမီဖွဲ့စည်းမည့် အစိုးရသစ်အနေဖြင့် မတရားသည့်ဥပဒေများဖြင့် ဖမ်းဆီးအပြစ်ပေးခံရသူများနှင့် တရားစွဲထားခြင်းများအား အမြန်ဆုံးပယ်ဖျက်ခြင်း၊ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများနှင့် ပြည်သူများအပေါ် ဖိနှိပ်သည့်ဥပဒေများအား  ဖျက်သိမ်းခြင်းတို့ လုပ်ဆောင်ရန် တိုက်တွန်းထားသည်။

 

Most Read

Most Recent