နိုင်ငံရေး၌ အလိမ်ခံရခြင်း အကြောင်းသုံးရပ်

နိုင်ငံရေး၌ အလိမ်ခံရခြင်း အကြောင်းသုံးရပ်
Published 10 December 2020

နိုင်ငံရေးသမားများသည် ၎င်းတို့ရည်ရွယ်ချက်နှင့် ကိုက်ညီစေရန် ကိန်းဂဏန်း အချက်အလက်များကို တလွဲအသုံးပြုခြင်းနှင့် လုပ်ကြံဖန်တီးခြင်းတို့ ပြုလုပ်တတ်ကြသည်။ ယနေ့ခေတ်တွင် နိုင်ငံရေး၌ ဘက်အသီးသီးတို့သည် ကိန်းဂဏန်းအချက်အလက်များကို တမင် သို့မဟုတ် အမှုမဲ့အမှတ်မဲ့ လွဲမှားအသုံးပြုသည်ကို လွယ်ကူစွာ တွေ့ရှိနိုင်သည်။ နိုင်ငံရေးသမားများအနေဖြင့် ကိန်းဂဏန်းအချက်အလက်များနှင့် ပတ်သက်၍ အလွန် လွယ်ကူစွာ လိမ်လည်နိုင်ကြခြင်းမှာ အချက်သုံးချက်ကြောင့်ဖြစ်သည်ဟု ဆိုကြသည်။

(၁) စာရင်းအင်းပညာနှင့်ပတ်သက်၍ ကျွမ်းကျင်မှုနည်းပါးခြင်း - ပြည်သူအများစုသည် ကိန်းဂဏန်းများနှင့်ပတ်သက်သော အချက်အလက်များကို ဆက်လက်တွက်ချက်ရန် ကျွမ်းကျင်ခြင်းမရှိပေ။ ထို့ကြောင့် ညံ့ဖျင်းသောအကဲဖြတ်ချက်များကိုသာ ရရှိနိုင်ကြသည်။ ဥပမာအားဖြင့် ငွေအကြွေစေ့နှစ်စေ့ကို အသုံးပြု၍ ခေါင်းပန်းလှန်ပါက ခေါင်းနှစ်ခု ကျနိုင်ခြေကို မေးမြန်းသည့်အခါအများစုက ရာခိုင်နှုန်း ၅၀ ဟု ထင်ကြသည်။ အချို့က  ၃၃ ဒသမ ၃ ရာခိုင်နှုန်းဟု ဆိုကြလိမ့်မည်။ အကယ်၍ ဖြစ်နိုင်ခြေကို ၂၅ ရာခိုင်နှုန်းဟုဆိုပါက ယင်းသည် အလိုအလျောက် သိမြင်ခြင်းမဟုတ်ဘဲ စဉ်းစားတွက်ချက်ရခြင်းဖြစ်သည်။ ၎င်းအပြင် ငွေအကြွေစေ့ကိုးခုသည် ခေါင်းကျပြီးဖြစ်သည်နှင့် ဒသမမြောက်တစ်ခုမှာ ပန်းကျလိမ့်မည်ဟုလည်း မဆိုနိုင်သည်ကို မသိကြသူများစွာရှိသည်။

(၂) စိတ်ခံစားမှု ဖြစ်စေခြင်းအား ကောင်းစွာအသုံးချခြင်း - နိုဘယ်ဆုရှင် ဟားဘတ်ဆိုင်မွန် ထောက်ပြခဲ့သည့် “ခုန်ထွက်သွားသောဆင်ခြင်မှု” (Bounded Rationality) ကို နိုင်ငံရေးသမားတို့က လွယ်လွယ်ကူကူ အသုံးချတတ်ကြသည်။ Bounded Rationality ဆိုသည်မှာ စိတ်ခံစားမှုများ၊ ကြိုတင်မှတ်ထင်ထားမှုများနှင့် မိမိအနေဖြင့် သိသည်ဟု ထင်သော်လည်း အမှန်တကယ်မသိသည့်အရာများက လွှမ်းမိုးကြီးစိုးသည့် ကောက်ချက်ချမှုများအကြောင်းဖြစ်သည်။ သာမန်ပြည်သူအများစုအနေဖြင့် တိကျမှုအတွက် အရာရာကို “အချက်အလက် စစ်ဆေးမှု” (Fact- check) ပြုလုပ်ရန် အလွန်အမင်း အားထုတ်ရသော ကြောင့်လည်းဖြစ်သည်။ ဖော်ပြပါအချက်နှစ်ချက်ကြောင့် “အတည်ပြုမှုဆိုင်ရာ ဘက်လိုက်မှုများ” (Confirmation Bias) များ ဖြစ်ပေါ်သည်။ တစ်စုံတစ်ဦးက မိမိအနေဖြင့် မှားယွင်းသည်ဟုယူဆလိုက်သော တစ်စုံတစ်ရာကို ပြောထား၊ ရေးထားသည်ကို တွေ့ရှိရပါက မိမိသည် မိမိ၏ လက်ရှိယုံကြည်ထားမှုနှင့် မကိုက်ညီသော စိတ်ကူးများ၊ အချက်အလက်များနှင့် ကိန်းဂဏန်းများကို လက်မခံရေးဆီသို့ ချက်ချင်း ဦးတည်သွားတတ်ခြင်းကို Confirmation Bias ဟု ခေါ်ခြင်းဖြစ်သည်။ စိတ်ခံစားမှုက လူတို့အား မမှန်ကန်သည့် အဆိုပြုချက်များကို ယုံကြည်လိုက်စေရန် ဆွဲဆောင်နိုင်သည်။

(၃) မိမိကိုယ်ပိုင်သိမှုကို အလွန်အကျွံအထင်ကြီးခြင်း -ယင်းနှင့်ပတ်သက်၍ Dunning Kruger Effect ဟူသည့် သဘောတရားတစ်ရပ်ရှိသည်။ မိမိကိုယ်တိုင်၏ မပြည့်စုံမှုများကို သတိပြုမိရန် ခက်ခဲနေမှုများသည် မိမိကိုယ်မိမိ သုံးသပ်ရာ၌  ကိုယ့်ကိုယ်ကိုယ် ပို၍ထင်မှုဆီသို့ ဦးတည်သွားစေသည့် မိုက်မဲမှုကို Dunning Kruger Effect ဟု ခေါ်ဆိုသည်။ အရည်အချင်းနည်းပါးသူများသည် မိမိ၏သိမှုနှင့် နားလည်မှုအဆင့်အတန်းကို ပို၍ထင်တတ်ကြသည်။ ဘောလုံးပွဲတွင် ဒိုင်လူကြီးက ပြစ်ဒဏ်ဘောအဖြစ် ဝီစီမှုတ်လိုက်သည့်အခါ ချက်ချင်း ဒါက ဖောင်းဘောမှ မဟုတ်တာ” ဆိုသကဲ့သို့ ပြောတတ်ကြသည်။ အမှန်တကယ်၌ မိမိသည် ဒိုင်လူကြီးအဖြစ် လေ့ကျင့်သင်ကြားထားသူ မဟုတ်သကဲ့သို့ ဘောလုံးကစားနည်း စည်းကမ်းဥပဒေများကိုပင် လေ့လာထားသူမဟုတ်သည်ကို မေ့လျော့နေတတ်ကြသည်။ ယင်းသဘောတရားကြောင့် သတင်းတစ်ခုကို အတုနှင့်အစစ် ခွဲရန်ပင် လူအများအဖို့ ခက်ခဲ၍လာသည်။ ယင်းသဘောတရားနှင့်အတူ နိုင်ငံရေးလုပ်ငန်းစဉ်များနှင့်ပတ်သက်၍ အထွေထွေဗဟုသုတ နည်းပါးခြင်းကြောင့် အဓိကအကြောင်းအရာများနှင့် ပတ်သက်၍ အချက်အလက်များကို နားလည်ရန် ခက်ခဲ၍လာတော့သည်။

ထို့ကြောင့် မှန်ကန်သောအရာများကို အမှန်တကယ် လုပ်ဆောင်ပေးမည့်သူများထက် အများကြိုက်အောင် ပြောတတ်သော နိုင်ငံရေးသမားများကိုသာ ပို၍ လူကြိုက်များနေရ ခြင်းဖြစ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

ဒီဇင်ဘာ ၁၁ ထုတ် The Daily Eleven သတင်းစာ အယ်ဒီတာ့အာဘော်

 

Most Read

Most Recent