မန္တလေးမြို့တွင် Stay at Home စတင် ထုတ်ပြန်သည့်နေ့မှ သုံးရက်အတွင်း လိုက်နာခြင်းမရှိသူ ၄၀၀၀ ကျော်ကို အရေးယူ

မန္တလေးမြို့တွင် Stay at Home စတင် ထုတ်ပြန်သည့်နေ့မှ သုံးရက်အတွင်း လိုက်နာခြင်းမရှိသူ ၄၀၀၀ ကျော်ကို အရေးယူ
ပြည်ကြီးတံခွန်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးရှေ့တွင် ဝင်ထွက်သွားလာခွင့်ကတ်ပြား ရရှိရေး လာရောက် လျှောက်ထားသူများကို ဒီဇင်ဘာ ‌၈ ရက် နံနက်က တွေ့ရစဉ်
ပြည်ကြီးတံခွန်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးရှေ့တွင် ဝင်ထွက်သွားလာခွင့်ကတ်ပြား ရရှိရေး လာရောက် လျှောက်ထားသူများကို ဒီဇင်ဘာ ‌၈ ရက် နံနက်က တွေ့ရစဉ်
Published 9 December 2020
ယဉ်မျိုးသွယ်

မန္တလေးမြို့တွင် Stay at Home နှစ်ပတ်ကြာ ပြုလုပ်သည့် သုံးရက်အတွင်း ထုတ်ပြန်ချက်များကို လိုက်နာခြင်းမရှိဘဲ ဖောက်ဖျက်သူ လေးထောင်ကျော်အား အရေးယူခဲ့ပြီး ဒဏ်ငွေ ကျပ်သိန်း နှစ်ရာ‌ကျော် ရရှိထားကြောင်း ခရိုင်အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှ သတင်းရရှိသည်။

အရေးယူမှု စတင်ခဲ့သည့် ပထမရက် (ဒီဇင်ဘာ ၅ ရက်)တွင် ၆၈၉ ဦးသာ ရှိခဲ့သော်လည်း ဒုတိယရက် (ဒီဇင်ဘာ ၆ ရက်) တွင် ၁၈၂၈ ဦး၊ တတိယရက်တွင် (ဒီဇင်ဘာ ၇ ရက်) ၁၈၈၈ ဦးရှိခဲ့ရာ စုစုပေါင်း ၄၄၄၀ ဦးရှိခဲ့ကြောင်း သိရသည်။

“အပြင်မထွက်အောင်လုပ်တာ။ အပြင်ထွက်ခွင့်ကတ်ရဖို့ လာလုပ်တဲ့ သူတွေကြောင့် လူပိုစည်ကားသလို ဖြစ်နေတယ်။ ခွင့်ပြုထားတဲ့ လုပ်ငန်းအမျိုးအစားတွေကိုတော့ တစ်ရက် နှစ်ရက်အတွင်းမှာ ပြီးအောင် ထုတ်ပေးနိုင်သွားရင် လူပါးသွားမယ် ထင်ပါတယ်။ အရေးယူရတာ ဆိုရင်လည်း ပထမရက်မှာ ခြောက်ရာကျော်ပဲ ရှိပေမယ့် ဒုတိယရက်နဲ့ တတိယရက်တွေမှာ ပိုများလာတယ်။ အခုက လျော့သွားရမယ့်အစား ပိုတိုးလာနေတယ်။ သုံးရက်အတွင်း လေးထောင်ကျော် ဆိုတော့ ဒဏ်ငွေ ကျပ်သိန်းနှစ်ရာကျော် ရှိပါပြီ”ဟု မန္တလေးခရိုင် အထွေထွေအုပ်ချုပ်ရေးမှူး ဦးအောင်မွန်လတ်က အရေးယူမှုနှင့် ပတ်သက်ပြီး ပြောကြားသည်။

ဆက်လက်ပြီး မြို့နယ်ကျော်ကာ လုပ်ငန်းလုပ်ကိုင်ခွင့် ရရှိ‌ရေး၊ အပြင်ထွက် သွားလာခွင့်ရ ကတ်များအတွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ရုံးများတွင် လူအများအပြား တန်းစီနေလျက်ရှိရာ ထိုသို့ မဖြစ်စေရန် ဆောင်ရွက်လျက်ရှိသည်ဟု ၎င်းက ဆိုသည်။

ထိုသို့ မြို့နယ် အထွေထွေအုပ်ချုပ်ရေးရုံးများတွင် လူများပြား တန်းစီနေမှုကို လျှော့ချနိုင်ရန်အတွက် ဒီဇင်ဘာ ၈ ရက် နံနက်မှစတင်၍ မြို့နယ်ရုံးများတွင် လျှောက်လွှာတင်ခြင်းသာ လက်ခံပြီး ချက်ချင်း အိမ်တန်းပြန်စေကြောင်း၊ စိစစ်ပြီး ခွင့်ပြုသည့် လုပ်ငန်းအတွက် ကတ်များကို သက်ဆိုင်ရာ ရပ်ကွက်ရုံးများတွင် သွားထုတ်ရမည် ဖြစ်ကြောင်း သိရသည်။

ပြည်ကြီးတံခွန်မြို့နယ်တွင် အခြေခံလူတန်းစား နေ့စားအလုပ်သမား စျေးရောင်းစျေးသည် အများစုနေထိုင်ကြသဖြင့် မြို့နယ် အထွေထွေအုပ်ချုပ်ရေးရုံးတွင် လာရောက် လျှောက်ထားမှု များပြားနေရခြင်း ဖြစ်ပြီး သုံးရက်အတွင်း လာရောက် လျှောက်ထားသူ တစ်သောင်းကျော်ပြီ ဖြစ်ကြောင်း ဒုဦးစီးမှူးထံမှ သိရသည်။

Stay at Home နှစ်ပတ်ကြာ ပြုလုပ်မည်ဖြစ်ရာ အစိုးရဝန်ထမ်း မဟုတ်သည့် ပုဂ္ဂလိက လုပ်ငန်းများအတွက် ဝင်ထွက်သွားလာခွင့် ကတ်များကို မြို့နယ်အထွေထွေအုပ်ချုပ်ရေး ရုံးများတွင် လာရောက်ထုတ်ယူမှု များပြားနေသဖြင့် လူစုကွဲစေရန် ဆောင်ရွက်ခဲ့ရသည်အထိ ဖြစ်ခဲ့ကြောင်းလည်း သိရသည်။

မန္တလေးမြို့(ခုနစ်မြို့နယ်) Stay at Home နှစ်ပတ်ကြာ ပြုလုပ်မည့်အစီအစဉ်တွင် ထုတ်ပြန်ချက်များကို မလိုက်နာပါက လူမှုရေးပြစ်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ အရေးယူရန် ဆောင်ရွက်နေကြောင်း တိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် က ပြောကြားထားသည်။

မန္တလေးခရိုင် (ခုနစ်မြို့နယ်) တွင် COVID-19 ရောဂါ ကူးစက်ကူးပြန့်ပွားမှုနှင့် သေဆုံးမှု မြင့်တက်လာသည့်အတွက် ဒီဇင်ဘာ ၅ ရက်မှ ၁၈ ရက်ထိ Stay at Home ပြုလုပ်မည်ဖြစ်ပြီး လိုက်နာရန် စည်းကမ်းချက်များကို မန္တလေးတိုင်းအစိုးရအဖွဲ့မှ ထုတ်ပြန်ခဲ့ရာ လိုက်နာရန် အသိပေးကြေညာချက် ၁၇ ချက် ပါဝင်ခဲ့သည်။

ညွှန်ကြားချက်များကို ဒီဇင်ဘာ ၅ ရက်မှ ၁၈ ရက်ထိ လိုက်နာ ဆောင်ရွက်ရန်နှင့် လိုက်နာခြင်းမရှိပါက တည်ဆဲဥပဒေများအရ အရေးယူ ဆောင်ရွက်သွားမည်ဟု မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့က ထုတ်ပြန်ထားသည်။

မန္တလေးခရိုင် (ခုနစ်မြို့နယ်) တွင် လူဦးရေ တစ်ထောင်လျှင် အတည်ပြုလူနာ လေးဦးခန့် ဖြစ်ပွားနေသဖြင့် ကုသရေးစင်တာ၊ ဆေးရုံများ ထပ်မံတိုးချဲ့ရန် ဆောင်ရွက်လျက်ရှိပြီး ဖြစ်ပွားနှုန်း လျော့ကျစေခြင်းအတွက် ယခုကဲ့သို့ Stay at Home အစီအစဉ်ကို ဆောင်ရွက်ရခြင်း ဖြစ်ကြောင်း ဝန်ကြီးချုပ်က ပြော ကြားသည်။

Most Read

Most Recent