နာမည်ကျော် YouTuber လိုဂန်ပေါလ်နှင့်ပွဲကို ဖေဖော်ဝါရီ (၂၀)တွင် ထိုးသတ်မည်ဟု မေဝယ်သာ အတည်ပြု

နာမည်ကျော် YouTuber လိုဂန်ပေါလ်နှင့်ပွဲကို ဖေဖော်ဝါရီ (၂၀)တွင် ထိုးသတ်မည်ဟု မေဝယ်သာ အတည်ပြု
Photo: AS
Photo: AS
Published 7 December 2020

ကစားသမားဘဝမှ အနားယူထားသည့် ဂန္ထဝင်လက်ဝှေ့သမား မေဝယ်သာက သူသည် နာမည်ကျော် YouTuber တစ်ဦးဖြစ်သည့် လိုဂန်ပေါလ်နှင့် လက်ဝှေ့ပွဲအား ဖေဖော်ဝါရီ (၂၀)ရက်နေ့တွင် ထိုးသတ်သွားမည်ဖြစ်ကြောင်း အတည်ပြုကြေညာသွားခဲ့သည်။

မေဝယ်သာသည် ကစားသမားဘဝတစ်လျှောက် ပွဲ (၅၀)ထိုးသတ်ခဲ့ရာတွင် ပွဲ (၅၀)စလုံး အနိုင်ရရှိခဲ့သူဖြစ်ပြီး နောက်ဆုံးထိုးသတ်ခဲ့သည့်ပွဲမှာ MMA ဖိုက်တာတစ်ဦးဖြစ်သည့် မက်ဂရီဂေါ်နှင့်ပွဲဖြစ်သည်။

လိုဂန်ပေါလ်မှာမူ ၀ါသနာရှင်လက်ဝှေ့သမားတစ်ဦးသာဖြစ်ပြီး ယခင်က ထိုးသတ်ခဲ့သည့်  အပျော်တမ်းစိန်ခေါ်ပွဲတွင် ဗြိတိန်မှ Rap အဆိုတော်လည်းဖြစ်၊ YouTuber လည်းဖြစ်သည့် KSI ကို ရှုံးနိမ့်ခဲ့ဖူးသည်။

ယင်းပွဲအတွက် လိုဂန်ပေါလ်သည် ကမ္ဘာ့ဟဲဗီးဝိတ်လက်ဝှေ့ချန်ပီဟောင်း ရှန်နွန်ဘရစ်ချ်နှင့် လေ့ကျင့်ခဲ့ပြီး လက်ဝှေ့ကို ကောင်းကောင်းထိုးနိုင်သူဖြစ်ကြောင်း သက်သေပြခဲ့သည်။

ယင်းပွဲတွင် အစောပိုင်း၌ KSI က အသာစီးရခဲ့သော်လည်း နောက်ပိုင်းတွင် လိုဂန်ပေါလ်က ပွဲကို စိုးမိုးခဲ့ပြီး စည်းကမ်းဖောက်သည့် ထိုးသတ်မှုတစ်ကြိမ်ကြောင့် အမှတ်ဖြင့် ဆုံးဖြတ်ရာတွင် ကပ်ရှုံးခဲ့ခြင်းလည်း ဖြစ်သည်။

လိုဂန်ပေါလ်နှင့် မေဝယ်သာတို့၏ပွဲ၌ မေဝယ်သာ၏ အားသာမှုက လက်ဝှေ့အရည်အသွေးဖြစ်သော်လည်း လိုဂန်ပေါလ်က အသက်ပိုငယ်သလို၊ ၀ိတ်တန်းအားဖြင့်လည်း ပေါင် (၂၀၀)နီးပါးရှိနေခြင်းက မေဝယ်သာအတွက် စိန်ခေါ်မှုတစ်ခုဖြစ်ကြောင်းလည်း သိရှိရသည်။

ယင်းပွဲစဉ်ကို Fanmio.com  တွင် PPV စနစ်ဖြင့် ကြည့်ရှုနိုင်ပြီး၊ ပထမဆုံးစာရင်းပေးသွင်းသူ (၁)သန်းအတွက် (၂၄.၉၉)ဒေါ်လာ၊ (၁)သန်းနောက်ပိုင်း (၃၉.၉၉)ဒေါ်လာ၊ ဒီဇင်ဘာ (၂၉)မှစကာ (၅၉.၉၉)ဒေါ်လာနှင့် ဖေဖော်ဝါရီ (၁၁)ရက်နေ့မှစကာ (၆၉.၉၉)ဒေါ်လာ စျေးနှုန်းသတ်မှတ်ထားကြောင်းလည်း သိရှိရသည်။

မကြာသေးခင်က လိုဂန်ပေါလ်၏ ညီဖြစ်သူ ဂျိတ်ခ်ပေါလ်သည် NBA  ကစားသမားဟောင်း နိတ်ရော်ဘင်ဆင်အား အနိုင်ထိုးသတ်ခဲ့သည်။

Most Read

Most Recent