ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ သီပေါမြို့နယ်တွင် ရှမ်းလက်နက်ကိုင်အဖွဲ့အစည်း နှစ်ဖွဲ့ဖြစ်သည့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ ရှမ်းပြည်တောင်ပိုင်းလက်နက်ကိုင်အဖွဲ့ (RCSS/SSA) နှင့် ရှမ်းပြည် တိုးတက်ရေးပါတီ/ ရှမ်းပြည်မြောက်ပိုင်း လက်နက်ကိုင်အဖွဲ့ (SSPP/ SSA) တို့အကြား ဒီဇင်ဘာ ၅ ရက် နံနက်ပိုင်းတွင် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း RCSS/SSA ပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်မှူးကြီး စိုင်းအုမ်ခေးက ပြောကြားသည်။
နှစ်ဖက်တပ်ဖွဲ့ဝင်များအနေဖြင့် သီပေါမြို့နယ်အတွင်း ဖားလိုင်းရွာမြောက်ဘက် လွယ်လမ်တောင်အနီး သွားလာလှုပ်ရှားရာတွင် တစ်ဖက်နှင့်တစ်ဖက်သတင်းမရရှိသည့်အတွက် ယခုကဲ့သို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားရခြင်းဖြစ်ကြောင်း RCSS ပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်မှူးကြီး စိုင်းအုမ်ခေးက ပြောကြားသည်။
“ ဟုတ်ပါတယ်။ သီပေါမြို့နယ်မှာ သွားလာလှုပ်ရှားကြရင်းသတင်းမရရှိတဲ့အတွက် ထိပ်တိုက်တိုးမိပြီး ထိတွေ့မှုဖြစ်သွားတာပေါ့နော်။ အင်အားကတော့မများပါဘူး။ အင်အားဆယ်ဂဏန်းလောက်ပါပဲ။ အဲဒါတော့ (ထိခိုက်ဒဏ်ရာရရှိမှု) မသိရှိရသေးဘူး။ အရင်ကတည်းက အဖွဲ့ကနေပြီးတော့ အဲဒီခွင်မှာ နယ်မြေရှင်းလင်းရေးသွားလာ လှုပ်ရှားနေရင်းနဲ့ သတင်းမရတဲ့အတွက် တိုးမိတဲ့သဘောဖြစ်သွားလို့ ပစ်ခတ်မှု ခဏဖြစ်သွားတာပါ။ အဲဒီလိုပါ” ဟု ဒုတိယဗိုလ်မှူးကြီး စိုင်းအုမ်ခေးက ပြောကြားသည်။
အဆိုပါဖြစ်စဉ်အတွက် နှစ်ဖက်အဖွဲ့အစည်းအကြားတွင် ပြန်လည်ဖြေရှင်းမှုများ ဆောင်ရွက်သွားမည် ဖြစ်ကြောင်းလည်း RCSS ပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်မှူးကြီး စိုင်းအုမ်ခေးက ပြောကြားသည်။
“ အဲဒါကတော့ရှိမှာပဲလေ။ ပြီးရင်တော့ ပြန်လည်ဖြေရှင်းကြမှာပဲ။ ပြီးတော့တစ်ဖက်နဲ့ တစ်ဖက်ကလည်း ရည်ရွယ်ချက်ရှိရှိနဲ့ အထက်က အမိန့်ပေးလို့တိုက်ပွဲဖြစ်ရတာမျိုး မဟုတ်ဘူးလေ” ဟု ဒုတိယဗိုလ်မှူးကြီး စိုင်းအုမ်ခေးက ပြောကြားသည်။
နှစ်ဖက်အဖွဲ့အစည်းများအနေဖြင့် နာရီဝက်ခန့် ထိတွေ့တိုက်ပွဲဖြစ်ပွားမှုအပြီးတွင် အခြေအနေမှာ တည်ငြိမ်သွားကြောင်း RCSS/SSA ပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်မှူးကြီး စိုင်းအုမ်ခေးက ပြောကြားသည်။
ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) သည် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူ စာချုပ် (NCA) လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတစ်ခု ဖြစ်ပြီး လက်ရှိအစိုးရနှင့် နိုင်ငံရေးဆွေးနွေးမှုများတွင် ထိပ်ပိုင်းမှဦးဆောင်နေသော အဖွဲ့အစည်းတစ်ခုဖြစ်သည်။
ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) သည် NCA စာချုပ် လက်မှတ်ရေးထိုးနိုင်ရေးအတွက် အစိုးရနှင့် ညှိနှိုင်းဆွေးနွေးနေသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း တစ်ခုဖြစ်ပြီး “၀” အဖွဲ့ (UWSA) ဦးဆောင်သော ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေးကော်မတီ (FPNCC) အဖွဲ့ဝင်လည်း ဖြစ်သည်။
ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) ၊ တအာင်းလက်နက်ကိုင်အဖွဲ့ (TNLA) ပူးပေါင်းအဖွဲ့တို့အကြား ၂၀၁၈ ခုနှစ်က ရှမ်းပြည်နယ် (မြောက်ပိုင်း) တွင် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားခဲ့သည့်အတွက် ဒေသခံအများအပြား နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။