UEFA Nations League ပြိုင်ပွဲ၏ နောက်ဆုံးအဆင့်ပွဲစဉ်များကို အီတလီနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်ဖြစ်ပြီး ဘယ်လ်ဂျီယံအသင်းက ဗိုလ်စွဲရန် ရေပန်းအစားဆုံးအဖြစ် သတ်မှတ်ခံထားရကြောင်း သိရသည်။
ဆီမီးဖိုင်နယ်ပွဲစဉ်များကို ကြာသပတေးနေ့က ဆွစ်ဇာလန်နိုင်ငံ နီယွန်မြို့ရှိ ဥရောပဘောလုံးအဖွဲ့ချုပ် (UEFA) ရုံးချုပ်တွင် မဲနှိုက်ရေးဆွဲခဲ့ပြီး အီတလီနှင့် စပိန်၊ ဘယ်လ်ဂျီယံနှင့် ပြင်သစ်အသင်းတို့ တွေ့ဆုံခဲ့သည်။
ကမ္ဘာ့အဆင့် (၁) ဘယ်လ်ဂျီယံအသင်းသည် ၂၀၁၈ ကမ္ဘာ့ဖလားချန်ပီယံ ပြင်သစ်အသင်းနှင့် ထိပ်တိုက်တွေ့ဆုံနေသော်လည်း အလေးပေးမှု ၅/၂ ဖြင့် ဗိုလ်စွဲရန် ရေပန်းအစားဆုံး သတ်မှတ်ခံထားရခြင်းဖြစ်သည်။
၎င်း၏ နောက်တွင် ပြင်သစ်အသင်းက ၉/၄ ဖြင့် ဒုတိယ၊ စပိန်အသင်းက ၁၁/၄ ဖြင့် တတိယနှင့် အိမ်ရှင်အီတလီအသင်းမှာမူ ၁ဝဝ/၃၀ ဖြင့် နောက်ဆုံးနေရာ ရောက်ရှိနေသည်။
နောက်ဆုံးအဆင့်ပွဲစဉ်များကို အီတလီနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ရခဲ့ပြီး ဆီမီးဖိုင်နယ် ပထမပွဲကို ၂၀၂၁ ခုနှစ် အောက်တိုဘာ (၆) ရက်တွင် မီလန်မြို့ရှိ ဆန်စီရိုကွင်း၌ လည်းကောင်း၊ ဒုတိယပွဲကို အောက်တိုဘာ (၇)ရက်တွင် တူရင်မြို့ရှိ Juventus Stadium ကွင်း၌လည်းကောင်း ကျင်းပမည်ဖြစ်သည်။
တတိယနေရာလုပွဲနှင့် ဗိုလ်လုပွဲကို အောက်တိုဘာ (၁၀) ရက်တွင် ကျင်းပမည်ဖြစ်ပြီး ဗိုလ်လုပွဲကို ဆန်စီရိုကွင်း၌ ကျင်းပရန် ရွေးချယ် ထားသည်။
ပထမအကြိမ်ကျင်းပသည့် ၂၀၁၈- ၂၀၁၉ ပြိုင်ပွဲတွင် အိမ်ရှင်ပေါ်တူဂီအသင်း ဗိုလ်စွဲထားပြီး နယ်သာလန်အသင်းကို (၁-ဝ) ဂိုးဖြင့် အနိုင်ရခဲ့ခြင်းဖြစ်သည်။















