COVID-19 လူနာတစ်ဦးလျှင် ကုသစရိတ် ကျပ် ၁၅ သိန်းခန့်ကုန်ကျပြီး ပြင်းထန်အဆင့်ရောက်ပါက အများဆုံး ကျပ်သိန်း ၅၀ အထိကုန်ကျကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဒီဇင်ဘာ ၄ ရက်တွင် COVID-19 ရောဂါ ဖြစ်ပွားမှု နောက်ဆုံးအခြေအနေနှင့်စပ်လျဉ်းသည့် မိန့်ခွန်းပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
“ တစ်ယောက်က ကိုဗစ်ရောဂါပိုးဝင်သွားပြီ။ အဲဒီဟာကို ကုပေးရတယ်ဆိုရင် ရောဂါမပြင်းထန်ရင်တောင်မှ တစ်ယောက်အတွက် ကုန်ကျစရိတ်က ၁၅ သိန်းနဲ့ သိန်း ၂၀ ကြားဖြစ်ပါတယ်။ အဲဒါတိုက်ရိုက် ကုန်ကျစရိတ်လည်း ပါတယ်။ သွယ်ဝိုက်ကုန်ကျစရိတ်လည်းပါတယ်။ ဒါတစ်ယောက်ကိုပါ။ ပြင်းထန်တဲ့အဆင့် ရောက်သွားပြီဆိုရင် တစ်ယောက်အတွက်၂၅ သိန်းနဲ့ သိန်း ၅၀ ကြား အကုန်ကျခံရပါတယ်။ တိုက်ရိုက်ကော၊ သွယ်ဝိုက်သောစရိတ်ရော အားလုံးပေါင်းလိုက်မယ်ဆိုရင်ပေါ့၊ အဲဒီတော့စဉ်းစားကြည့်ပါ၊ ကျွန်မတို့နိုင်ငံမှာဆိုရင် အခုဒီလို ကိုးသောင်းကျော်လို့ တစ်သိန်းနီးပါးရောဂါပိုးတွေ့ရှိတဲ့ သူတွေရှိခဲ့ပြီဆိုတော့ ဘယ်လောက် ကျွန်မတို့ ပြုစုကုသမှုဘက်မှာ သုံးခဲ့ရလဲဆိုတော့ ၁၅ သိန်းနဲ့ သိန်း ၂၀ ကြား ရောဂါမပြင်းထန်သူ တစ်ယောက်အတွက် သုံးရတယ်ဆိုရင် ဒါဟာ ဘာနဲ့ညီမျှသလဲဆိုတော့ ကျွန်မတို့ ရောဂါကာကွယ်ဆေးရတဲ့အခါကျရင် ဒီကာကွယ်ဆေးလူ ၃၀၀ ကိုထိုးပေးနိုင်တဲ့ ငွေပမာဏနဲ့ ညီမျှပါတယ်” ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
မြန်မာနိုင်ငံတွင် ကိုဗစ်ရောဂါဖြစ်ပွားသည်မှာ ကြာခဲ့ပြီဖြစ်ပြီး ပြည်သူလူထုအနေဖြင့် စိတ်ဖိစီးမှုရှိနေသည်ကို နားလည်ကြောင်း သို့သော် ယခုအချိန်တွင် အထူးဂရုစိုက်ဖို့လိုအပ်ပြီး ပြည်သူများကလည်း နားလည်ရန် လိုအပ်ကြောင်း၊ ရွေးကောက်ပွဲပြီးကာလတစ်ပတ်ကျော်အတွင်း လူစုလူဝေးဖြစ်ပွားမှု၏ အကျိုးဆက်ကြောင့် ရောဂါဖြစ်ပွားမှု ပြန့်လာပြီး ပိုတိုးလာမည်ဟုခန့်မှန်းထားသည့် အတိုင်းဖြစ်လာကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
“ ဒီအပြင် တန်ဆောင်တိုင်ရုံးပိတ်ရက်တွေ၊ ပိတ်ရက်တွေထဲမှာ လူစုလူဝေးဖြစ်ခဲ့တာတွေလည်း ရှိပါတယ်။ အဲဒီ အကျိုးဆက်တွေလည်းရှိအုံးမှာပါ၊ ဒါဘယ်လိုမှ ရှောင်လို့မရပါဘူး။ ကျွန်မတို့ ခဏခဏပြောပါတယ်။ အပြင်သွားရင် Mask တပ်ပါ၊ လက်တွေ မှန်မှန်ဆေးပါ၊ တတ်နိုင်သလောက် ခြောက်ပေကွာပြီး တခြားသူတွေနဲ့ ကင်းကင်းရှင်းရှင်းနေပါလို့ ပြောပေမယ့်လည်း ဒီစည်းမျဉ်းစည်းကမ်းတွေကို လိုက်နာမှုကလည်း အားနည်းတာကို တွေ့ရပါတယ်။ ဒါကြောင့်အခုအချိန်မှာဆိုရင် ပြည်နယ်တွေ၊ တိုင်းဒေသကြီးတွေမှာ တစ်တိုင်းပြည်လုံးမှာ ရောဂါနည်းနည်း ပြန့်ပွားလာတဲ့ အခြေအနေရှိပါတယ်။ နည်းနည်းဆိုတာလည်း သိပ်နည်းနည်းတော့ မဟုတ်ပါဘူး” ဟု နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
ထို့ပြင် ရောဂါကာကွယ်ဆေးရပါကလည်း အခြားနိုင်ငံများနှင့် ယှဉ်ပြိုင်ဝယ်ယူရမည်ဖြစ်ပြီး လှူဒါန်းမှူ အတိုင်းအတာတစ်ခု ရှိနိုင်သော်လည်းအများစုသည် ဝယ်ယူရမည်ဖြစ်ကြောင်း၊ ဝယ်ယူရမည့်ငွေသည် နိုင်ငံတော်ဘဏ္ဍာငွေဖြစ်သဖြင့် ပြည်သူများဆီက လာကြောင်း၊ ပြည်သူတွေအတွက် သုံးသင့်သုံးထိုက်သည့်နေရာတွင် မဟုတ်ဘဲ ရှောင်လွှဲလို့မရသည့် နေရာတွင်သုံးရသလို ဖြစ်နေကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
ယင်းအပြင် ခရစ္စမတ်ကာလနှင့် နှစ်သစ်ကူးကာလတွင် လူစုလူဝေးမဖြစ်ရန် အရေးကြီးကြောင်း၊ လူစုလူဝေးဖြစ်သည်နှင့် ရောဂါပြန့်မှုသည် မည်သို့မျှရှောင်လွှဲလို့မရသည့်ကိစ္စ ဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် COVID-19 ရောဂါဖြစ်ပွားမှု ကိုးလကျော်ပြီဖြစ်ကြောင်း၊ ပြန်လည်ထူထောင်ရေးအတွက် နောင်နှစ်တွင် ရုန်းကန်ရမည်ဆိုသည်ကို ပြည်သူများ သတိပြုစေချင်ကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားသည်။